ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့နယ် ကြူကုတ် (ပန်ဆိုင်း) အနီး မုံးပေါ်ရွာဘက်မှာ စစ်ကောင်စီတပ်နဲ့ MNDAA ကိုးကန့်တပ်အကြား ကြာသပတေးနေ့ ညနေက တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။ တိုက်ပွဲဖြစ်ချိန် ၄၅ မိနစ်ကျော်လောက် ကြာမြင့်ခဲ့ပြီး ၁၀၅ မိုင် တပ်စခန်းက လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကိုးကန့်တပ်ဖွဲ့ဘက်ကတော့ ဒီရက်ပိုင်းအတွင်း မုန်းပေါ်အပြင် သိန္နီနဲ့ ကိုးကန့် ဒေသမှာလည်း တိုက်ပွဲတွေ ကြိုးကြားဖြစ်ပွားနေကြောင်း ပြောပါတယ်။ ရှမ်းမြောက်ဒေသက နောက်ဆုံး အခြေအနေကို မခင်ဖြူထွေးက တင်ပြထားပါတယ်။
မူဆယ်မြို့နယ် ကြူကုတ် (ပန်ဆိုင်း) အနီး မုံးပေါ်ရွာဘက်မှာ စစ်ကောင်စီတပ်နဲ့ MNDAA ကိုးကန့်တပ်အကြား ကြာသပတေးနေ့ ညနေ ၄ နာရီလောက်မှာ တိုက်ပွဲဖြစ်ခဲ့တာပါ။ ဒီတိုက်ပွဲဖြစ်ပွားတဲ့ အခြေအနေကို ဒေသခံတဦးက ဗွီအိုအေကို အခုလို ပြောပြပါတယ်။
“မူဆယ်မြို့နယ် နမ့်တောင်းကျေးရွာနဲ့ မုံးပေါ်ကြားမှာ MNDAA တပ်ဖွဲ့နဲ့ တပ်မတော်စစ်ကြောင်းနဲ့ အဲလို တိုက်ပွဲဖြစ်တယ်။ အဲလိုတော့ ကြားတယ်။ မုံးပေါ် ဟိုဘက်အခြမ်းတွေပေါ့နော်။ ၁၀၅ မိုင်ကနေ လက်နက်ကြီး ပစ်ကူပေးတဲ့ အသံတော့ ကြားရတယ်။ ၄၅ မိနစ်လောက် ထင်တယ်။ ထိတွေ့တိုက်ပွဲ ဖြစ်တဲ့ဟာပေါ့။”
နှစ်ဘက်အထိအခိုက် သတင်းနဲ့ ဒေသခံ အရပ်သားတွေရဲ့ အခြေအနေကိုတော့ သေချာ မသိရသလို၊ ဒီကနေ့ တိုက်ပွဲ ထပ်ဖြစ်သံ မကြားရဘူး လို့လည်း ဒီဒေသခံက ပြောပါတယ်။ MNDAA ကိုးကန့်အဖွဲ့ရဲ့ ပြန်ကြားရေးအဖွဲ့ဝင် ကိုရန်နိုင်ကတော့ မုံးပေါ်ဒေသအပြင် သိန္နီ(မူဘန်)ဒေသနဲ့ ကိုးကန့်ဒေသအတွင်းမှာပါ တိုက်ပွဲဖြစ်ပွားတာရှိတဲ့အကြောင်း ပြောပါတယ်။
“ မုံးပေါ် အဲဒီ မုံးကိုး ဒေသဘက်မှာလည်း ဖြစ်တယ်။ ပြီးတော့ သိန္နီဘက် မူပန်ဘက် မှာလည်း ကြိုးကြားကြိုးကြား ဖြစ်တယ်။ ပြီးတော့ ကိုးကန့်ထဲမှာလည်း ဖြစ်တယ်ဗျ။ ၃နေရာပဲ အဓိက။ အဲဒီဘက် တိုက်ပွဲဖြစ်တယ် အဲလောက်ပဲ သိရသေးတယ်ဗျ။ အခြေအနေ အသေးစိတ်ကိုတော့ သူတို့လည်း တင်ပြမထားတဲ့အတွက် ကျနော်တို့လည်း မသိရသေးဘူးဗျ။ မူဘန့်ခရိုင်မှာလည်း မနေ့ကမှ ဖြစ်တာ။ ”
သိန္နီဒေသကိုတော့ ကိုးကန့်အဖွဲ့က မူပန် အထူးဒေသ ၁ အဖြစ် သတ်မှတ်ထားတာပါ။ မနေ့ ၂၉ ရက်နေ့ ည ၉နာရီအချိန်မှာ ကွတ်ခိုင်မြို့ မူဆယ်ဘက် အထွက် တိုးဂိတ်မှာ ၁၀ မိနစ်လောက် ပစ်ခတ်မှု ဖြစ်ပွားခဲ့ကြောင်းနဲ့ ဘယ်အဖွဲ့နဲ့ ပစ်ခတ်တယ်ဆိုတာတော့ သေချာ အတည်ပြု မပြောနိုင်တဲ့အကြောင်း ကွတ်ခိုင်ဒေသခံတစ်ဦးကလည်း ပြောပါတယ်။
“ မနေ့ညကတော့ ဒီ တိုးဂိတ်မှာ ပစ်ကြတယ်ထင်တယ်။ အသံတွေကြားတယ်။ ကွတ်ခိုင်ကနေဆို မူဆယ်အထွက် တိုးဂိတ်ဘေးမှာ။ အဲဒီမှာ လက်နက်ကြီး၊ လက်နက်အသေးတွေရော မနေ့ညက ကြားလိုက်သေးတယ်။ ၁၀ မိနစ်လောက်ပဲ ကြာတယ်။ သူတို့ကို လာပစ်တဲ့အသံတော့ မကြားလိုက်ဘူး။ သူတို့ဘက်ကနေ ပစ်နေတာပဲ ကြားလိုက်တာ။ ”
MNDAA ကိုးကန့်အဖွဲ့၊ TNLA တအန်း(ပလောင်)၊ AA ရခိုင်တပ်ဖွဲ့တွေ ပါတဲ့ ညီနောင်မဟာမိတ်အဖွဲ့တွေနဲ့ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေး ဆွေးနွေးရေးအဖွဲ့ ရှမ်းပြည်နယ်အရှေ့ပိုင်း မိုင်းလားမြို့မှာ ဒီလ ၁ ရက်နေ့ကပဲ တွေ့ဆုံဆွေးနွေးပွဲ ကျင်းပခဲ့တာဖြစ်ပြီး အဲ့ဒီလို ကျင်းပပြီး ရက်ပိုင်းအတွင်းမှာပဲ တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့တာပါ။ တရုတ်နိုင်ငံက ကမကထပြု ကျင်းပခဲ့တဲ့ ဇွန်လ ၁ ရက် ဆွေးနွေးပွဲဟာလည်း ၃ ရက် ဆွေးနွေးဖို့ ရည်ရွယ်ခဲ့ပေမဲ့ ပဋိပက္ခတွေကြောင့် ၂ ရက်နဲ့ ရပ်ဆိုင်းခဲ့ရတာပါ။
ဇွန်လ ၂ ရက်နေ့မှာပဲ သိန္နီနဲ့ ကိုးကန့်ဒေသမှာ စစ်ကောင်စီနဲ့ ကိုးကန့်တပ်အကြား တိုက်ပွဲတွေ ပြန်လည် ဖြစ်ပွားခဲ့သလို၊ ၅ ရက်နေ့မှာလည်း ကိုးကန့်တပ်ဖွဲ့က လားရှိုးမြို့အတွင်း ၂ နေရာကို တိုက်ခိုက်ခဲ့ပါတယ်။