သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တမူးမြို့နယ် ရက်ရှည်တိုက်ပွဲကြောင့် ဒေသခံတွေ ဘေးလွတ်ရာပြေးနေရ


 တမူးမြို့
တမူးမြို့

စစ်ကိုင်းတိုင်း တမူးမြို့နယ်၊ ပန်းသာရွာမှာ စစ်တပ်ထောက်ခံတဲ့ ပျူစောထီးတွေနဲ့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေကြား တိုက်ပွဲ ပြင်းထန်နေတာ သီတင်း ၁ ပတ်ကျော်သွားပါပြီ။ တိုက်ပွဲအတွင်း စစ်ကောင်စီက လေကြောင်းက တိုက်ခိုက်ခဲ့တာကြောင့် ဒေသခံ အရပ်သားပြည်သူတွေ ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေရတဲ့အတွက် အကူအညီတွေ လိုအပ်နေပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး မဆုမွန်က တင်ပြပေးပါမယ်။

စစ်ကိုင်းတိုင်း တမူးမြို့နယ်နဲ့ ၁၀ မိုင်လောက်သာဝေးပြီး စစ်တပ်နဲ့ စစ်တပ်ထောက်ခံတဲ့ ပျူစောထီးတွေ တပ်စွဲထားတဲ့ ပန်းသာရွာကို အခုလ ၁၅ ရက်မှာ ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီးတဲ့နောက် နေ့စဉ် တိုက်ပွဲဖြစ်နေတာ အခုဆို ၁ ပတ်ကျော်ကြာမြင့်နေပြီ ဖြစ်ပါတယ်။ စစ်တပ်ဘက်က လက်နက်နဲ့ဆေးဝါးတွေကို လေကြောင်းကနေ ပို့ဆောင်ဖြည့်တင်းတာတွေ လုပ်နေပြီး တိုက်ပွဲတွေ ဆက်လက် ပြင်းထန်လာနိုင်တယ်လို့ တမူးခရိုင် တပ်ရင်း ၁ တာဝန်ရှိသူ တဦးက အခုလို ပြောပါတယ်။

“တော်တော်ပြင်းထန်တယ်။ တပတ်အတွင်းကို တော်တော်ပြင်းထန်တယ်ပြောရမှာ၊ သူတို့ဘက်က ဖိုက်တာဂျက်နဲ့ ၃ ကြိမ် လာဗုံးကြဲတယ်။ ပြီးကြရင် Mi35 နဲ့ ၃ ကြိမ် လာပစ်တယ်။ ရွာကို အကုန်လုံး ထိန်းချုပ်မှုရနိုင်ပြီးမှ သူတို့ရဲ့ စာသင်ကျောင်းရှိမယ်။ ရဲစခန်းရှိမယ်။ ဆေးပေးခန်းရှိမယ်။ အဲ့ ၃ ခုလေးပဲ သူတို့မှာ ကျန်ခဲ့တာ။ အဲ့ပန်းသာရွာရယ် တမူးမြို့ရယ်ကြားထဲမှာ ၄ မိုင်ဘက်ကနေလည်း သူတို့က လာပြီးတော့ နည်းနည်းဖိတဲ့ ပုံစံရှိတာပေါ့။ အဲ့ ၄ မိုင်ဘက်ကနေလည်း လာပြီးဖိပေးတဲ့ပုံစံရှိနေတော့ အဲ့မှာလည်း တိုက်ပွဲဖြစ်တယ်။ တိုက်ပွဲတွေက ပြင်းထန်ဖို့ပဲရှိတယ် ရှေ့ဆက်တော့။ သူတို့ဘက်က ၁ ပတ်အတွင်း အဲ့လောက်ပြင်းထန်ပြီး ပိတ်မိနေတာတောင်မှ လက်နက်ခဲယမ်းတွေကို လေကြောင်းကနေတဆင့် လာချပြီး ခုခံနေတယ်ဆိုတော့ သူတို့ကလည်း မဆုတ်တမ်း ခံစစ်ပုံစံနဲ့ လုပ်နေတာပေါ့။”

ပန်းသာရွာဟာ စစ်တပ်ထောက်ခံသူ ပျူစောထီးတွေကို စစ်တပ်က လက်နက်တပ်ဆင်ပေးပြီး တပ်စွဲထားတာဖြစ်လို့ ကာကွယ်ရေး အဖွဲ့တွေနဲ့ မကြာခဏ တိုက်ပွဲဖြစ်နေတဲ့ တမူးမြို့နယ်ထဲက ကျေးရွာတရွာလည်းဖြစ်ပါတယ်။ ဒီတကြိမ်မှာတော့ ရက်ရှည်တိုက်ပွဲမှာ စစ်တပ်ဘက်က လေကြောင်းအပြင် လက်နက်ကြီး ပစ်ကူသုံးခဲ့ပြီး တိုက်ခိုက်နေသလို နှစ်ဘက် ထိခိုက်ကျဆုံးတဲ့အထိ တိုက်ပွဲက ပြင်းထန်နေတာလည်း ဖြစ်ပါတယ်။ တိုက်ပွဲကြောင့် ပန်းသာရွာအပြင် အင်ဒိုင်းကျေးရွာက ဒေသခံတွေဟာ စစ်ဘေးတိမ်းရှောင်နေရပြီး အရေးပေါ်အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတဦးက အခုလို ပြောပါတယ်။

“ဒေသခံတွေကတော့ စစ်ဘေးရှောင်နေရတာပေါ့နော်။ နီးစပ်တဲ့ တခြားရွာတွေနဲ့ တချို့ရွာတွေမှာ စစ်ဘေးရှောင်နေရတယ်။ လောလောဆယ် ကျေးရွာ ၂ ရွာ တိမ်းရှောင်နေရတယ်။ အင်ဒိုင်းနဲ့ ပန်းသာပေါ့နော်။ ဖြစ်တာက ပန်းသာရွာဆိုပေမယ့် အင်ဒိုင်းဘက်ကိုလည်း ဟိုတခေါက်က လေယာဉ်နဲ့ ဗုံးကြဲတဲ့အချိန်မှာ လေကြောင်းသင့်တော့ ဗုံးကျသွားလို့ဆိုပြီး အင်ဒိုင်းရွာကလည်း ရှောင်ရတယ်ပေါ့နော်။ စစ်ဘေးရှောင်ကတော့ ၁၀၀ နဲ့ ၁၈၀ ကြားမှာရှိတယ်။ စစ်ဘေးရှောင်တွေထဲမှာ သက်ကြီးရွယ်အိုတွေများတယ်။ အသက် ၇၀ ကျော် ၈၀ တွေလည်းပါတယ်။ စစ်ရှောင်တွေအတွက် အဓိကလိုအပ်တာက ကျန်းမာရေးစောင့်ရှောက်မှုဖြစ်တဲ့ ဆေးဝါးနဲ့ ရိက္ခာတော့ အဓိက လိုအပ်တယ်။”

တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ စစ်ကောင်စီကတော့ သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ တမူးမြို့နယ်မှာ အရင်ကလည်း ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေက စစ်ကောင်စီတပ်တွေအကြား မကြာခဏ တိုက်ပွဲဖြစ်ပြီး စစ်ရေးတင်းမာနေတဲ့ နေရာလည်း ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG