သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဏိပူရအစိုးရက မြန်မာနယ်စပ်မှာ လုံခြုံရေးတိုးချထား


အိန္ဒိယ−မြန်မာ နယ်စပ်ခြံစည်းရိုး။
အိန္ဒိယ−မြန်မာ နယ်စပ်ခြံစည်းရိုး။

[[Zawgyi/Unicode]]

အိန္ဒိယ−မြန်မာနယ်စပ်မြို့ဖြစ်တဲ့ တမူးမှာ စစ်ကောင်စီတပ်တွေနဲ့ ဒေသခံပြည့်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တွေအကြား မကြာသေးခင် ရက်ပိုင်းအတွင်းက တိုက်ပွဲဖြစ်ပွားခဲ့တာရဲ့ နောက်ဆက်တွဲအဖြစ် အိန္ဒိယဘက်အခြမ်းကို မြန်မာပြည်က စစ်ဘေးရှောင်တွေ ဝင်ရောက်လာမှာ စိုးရိမ်တဲ့အတွက် နှစ်နိုင်ငံ နယ်စပ်ဒေသမှာ လုံခြုံရေးတွေ တိုးမြင့်ချထားတယ်လို့ မဏိပူရအစိုးရက ပြောပါတယ်။

မြန်မာနိုင်ငံအတွင်းက နိုင်ငံရေးအခြေအနေ မတည်ငြိမ်မှုတွေကြောင့် နယ်စပ်ဒေသတလျှောက် မဏိပူရဘက်အခြမ်းမှာ ၂၄ နာရီ လုံခြုံရေးတပ်ဖွဲ့တွေ ကင်းလှည့်နေတယ်လို့ ပြည်နယ်ဝန်ကြီးချုပ် N. Biren Singh က စနေနေ့မှာ ပြောပါတယ်။ တမူမြို့မှာ ပြီးခဲ့တဲ့ မတ်လ ၂၄ ရက်၊ သောကြာနေ့က နောက်ဆုံးဖြစ်သွားတဲ့ တိုက်ပွဲကြောင့် အိန္ဒိယဘက်အခြမ်းကို ထွက်ပြေးလာသူတော့ မရှိသေးဘူးလို့ ဆိုပါတယ်။

မြန်မာနိုင်ငံဘက်ကလူတွေ အလုံးအရင်းနဲ့ ပြည်နယ်အတွင်း ဝင်ရောက်လာမယ့်အရေးက ကာကွယ်ပေးဖို့ အိန္ဒိယဗဟိုအစိုးရ ပြည်ထဲရေးဝန်ကြီးဌာနရဲ့ ညွန်ကြားချက်နဲ့အညီ လုပ်ဆောင်နေတယ်လို့လည်း မဏိပူရအစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။

မတ်လ ၂၃ ရက်၊ ကြာသပတေးနေ့က နယ်စပ်မှာရှိတဲ့ PDF စခန်းကို မြန်မာစစ်တပ်က လေကြောင်းကနေ တိုက်ခိုက်တာမှာ PDF တပ်ဖွဲ့ဝင် ၂ ကျဆုံးပြီး ၃ ဦး ဒဏ်ရာရခဲ့ပြီးတဲ့နောက် PDF တပ်ဖွဲ့တွေဘက်က လက်တုန့်ပြန်တဲ့အနေနဲ့ တမူး-ကလေး ကားလမ်းမှာရှိတဲ့ ဘုတ်ကန် နယ်မြေရဲစခန်းကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ကြတာပါ။ တိုက်ပွဲအတွင်း စခန်းကို သိမ်းပိုက်နိုင်ခဲ့ပြီး လက်နက်တွေပါ သိမ်းဆည်းရမိခဲ့တယ်လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့က သတင်းထုတ်ပြန်ခဲ့ပါတယ်။

ဒီအတောအတွင်း မြန်မာနိုင်ငံအတွင်း အကြမ်းဖက်မှုတွေကြောင့် ထွက်ပြေးလာပြီး မဏိပူရပြည်နယ်မှာ ခိုလှုံခွင့် လျှောက်ထားသူ မြန်မာနိုင်ငံသားတွေကို ဥပဒေနဲ့အညီ အရေးယူ ဆောင်ရွက်သွားမယ်လို့ မဏိပူပြည်နယ်အစိုးရရဲ့ နိုင်ငံခြားရေးနဲ့ ပညာရေးဝန်ကြီးတာဝန်ကို ပူးတွဲယူထားသူ Rajan Singh က မနေ့ တနင်္ဂနွေနေ့က ပြောကြားလိုက်ပါတယ်။ မြန်မာနိုင်ငံအတွင်း ဖြစ်ပေါ်နေတဲ့အခြေအနေတွေဟာ အိန္ဒိယအတွက် စိုးရိမ်စရာမရှိသလို ဝင်ရောက် စွက်ဖက်မှာ မဟုတ်ဘူးလို့လည်း သူက ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode]







ဆက်စပ်သတင်းများ ...

XS
SM
MD
LG