သုံးရလွယ်ကူစေသည့် Link များ

ဖိနှိပ်မှုကြောင့် ရှောင်တိမ်းလာတဲ့ မြန်မာတွေကို အိန္ဒိယနယ်စပ်ပြည်နယ်တွေ ကြိုဆိုလက်ခံမည်


မဏိပူရပြည်နယ် ဝန်ကြီးချုပ် N Biren Singh (ဓါတ်ပုံ -Twitter)
မဏိပူရပြည်နယ် ဝန်ကြီးချုပ် N Biren Singh (ဓါတ်ပုံ -Twitter)

[Zawgyi/Unicode]

မြန်မာနိုင်ငံနဲ့ နယ်နမိတ်ချင်းထိစပ်နေတဲ့ အိန္ဒိယနိုင်ငံ မဏိပူရပြည်နယ်အစိုးရက စစ်တပ်ရဲ့ ဖိနှိပ်မှုကြောင့် နယ်စပ်ဖြတ်ကျော်ဝင်ရောက်လာမယ့် မြန်မာနိုင်ငံသားတွေကို ကြိုဆိုလက်ခံသွားမယ်ဆိုတဲ့ သတင်းကို ပြောပါမယ်။

အိန္ဒိယနိုင်ငံဗဟိုအစိုးရရဲ့ ပြည်ထဲရေးဝန်ကြီးဌာနက မြန်မာနိုင်ငံသားတွေ ဝင်ရောက်လာတာကို နယ်စပ်အခြေစိုက်တပ်ဖွဲ့တွေအနေနဲ့ လက်မခံဖို့ အမိန့်ထုတ်ပြန်ထားချိန်မှာပဲ မဏိပူရပြည်နယ် ဝန်ကြီးချုပ် N Biren Singh က ကြိုဆိုလက်ခံသွားမှာဖြစ်ကြောင်း ထုတ်ပြန်လိုက်တာပါ။

မဏိပူရပြည်နယ် ဝန်ကြီးချုပ် N Biren Singhက စစ်တပ်ရဲ့ ရက်စက်မှုကြောင့် တိမ်းရှောင်လာတဲ့ မြန်မာအရပ်သားတွေ လက်ခံဖို့ကို ပြီးခဲ့တဲ့ တနင်္လာနေ့က သတင်းမီဒီယာတွေကို ပြောဆိုလိုက်တာဖြစ်ပြီး ဒီအခြေအနေကို အင်ဖာမြို့မှာ နေထိုင်တဲ့ ကိုသိန်းက ဗွီအိုအေကို အခုလို ပြောပါတယ်။

“မဏိပူရ ပြည်နယ် အစိုးရအနေနဲ့ကတော့ အရပ်သားတွေ ဝင်ရောက်ခိုလှုံတဲ့ဟာမှာ လူသားချင်း စာနာတဲ့အနေနဲ့ သူတို့ကတော့ တတ်နိုင်တာ ကူညီပေးမယ်လို့ ပြောထားတယ်။ မနေ့က သတင်းမှာ။”

လောလောဆယ်မှာတော့ မဏိပူရပြည်နယ်အတွင်းကို မြန်မာပြည်သူတွေ ခိုလှုံရောက်ရှိလာတဲ့သတင်းမကြား သိရသေးသလို ကြိုဆိုလက်ခံရေး စခန်းတွေ ဖွင့်လှစ်ဆောင်ရွက်နေတာလည်း မသိရသေးကြောင်း ဆက်ပြောပါတယ်။

မဏိပူရပြည်နယ်ဟာ မြန်မာနိုင်ငံ ချင်းပြည်နယ်မြောက်ပိုင်း၊ စစ်ကိုင်းတိုင်းအထက်ပိုင်းဒေသတို့နဲ့ နယ်မြေချင်း ထိစပ်နေတဲ့ ဒေသဖြစ်ပြီး မြန်မာနိုင်ငံသားတွေကို လက်ခံမယ်လို့ ကြေညာလိုက်တဲ့ ဒုတိယပြည်နယ်လည်း ဖြစ်ပါတယ်။

မဏိပူရပြည်နယ်ရဲ့ တောင်ဘက်မှာ ရှိတဲ့ မီဇိုရမ်ပြည်နယ်ကတော့ အိန္ဒိယနိုင်ငံကို တိမ်းရှောင်လာတဲ့ မြန်မာနိုင်ငံသားတွေကို ယာယီခိုလှုံခွင့်ပေးသွားမှာဖြစ်ကြောင်း ကြေညာထားသလို လက်ရှိအချိန်မှာလည်း ဒုက္ခသည် ၁၀၀ လောက်ကို ခိုလှုံခွင့် ပေးထားပါတယ်။

မီဇိုရမ်ပြည်နယ်ကို ခိုလှုံလာသူတွေရဲ့ အခြေအနေကို ဒုက္ခသည်အရေးဆောင်ရွက်နေတဲ့ United for Democratic Myanmar အဖွဲ့ရဲ့ တွဲဘက်အတွင်းရေးမှူး ကိုရစ်ချတ်က အခုလို ပြောပါတယ်။

“အခုက နယ်စပ်တွေမှာတော့ တော်တော်လေး များတယ်လို့တော့ ပြောတယ်။ နယ်စပ်က ကျနော်တို့ရဲ့ လူတွေပေါ့နော်။ ကျနော်တို့ လှမ်းပြီး ဆက်သွယ်ကြည့်တဲ့အခါမှာ ခန့်မှန်းခြေကတော့ ၁၀၀ တော့ ကျော်လောက်ပြီ။ များသောအားဖြင့်က အဓိက ဒီဘက် NGO ဖြစ်တဲ့ ဒီ မီဇိုးကျောင်းသားသမဂ္ဂတို့၊ ပြီးတော့ Central YMA , Young Mizo Association အဲဒီအဖွဲ့အစည်းတွေ၊ ပြီးတော့ ရပ်ကွက်လူကြီးတွေ အဲဒီလူတွေကနေပြီးတော့မှ ကူညီတယ်၊ ဆောင်ရွက်တယ်။ နေရာထိုင်ခင်းတွေ ပေးတယ် အဲဒီလိုမျိုးပေါ့နော်။”

အိန္ဒိယနိုင်ငံ အာသံပြည်နယ် အခြေစိုက် East Mojo သတင်းစာရဲ့ အင်တာနက် စာမျက်နှာမှာတော့ မီဇိုရမ်ပြည်နယ်ကို မြန်မာပြည်သား ၁၃၆ ယောက်ရောက်ရှိလာကြောင်းနဲ့ အဲဒီထဲက ၈၉ ဦးဟာ ရဲနဲ့ မီးသတ်တပ်ဖွဲ့ဝင်တွေဖြစ်ကြောင်း အာသံရိုင်ဖယ်က အရာရှိ တစ်ဦးကို ကိုးကားဖော်ပြထားပါတယ်။

မီဇိုးရမ် ပြည်နယ်အစိုးရအနေနဲ့ မြန်မာနိုင်ငံက ဝင်လာသူတွေကို ယာယီခိုလှုံခွင့်ပေးမယ်ဆိုပေမဲ့ လတ်တလောမှာ ကူညီထောက်ပံ့တာ မရှိသေးကြောင်းနဲ့ ခိုလှုံသူတွေကို ဗဟိုအစိုးရက အသိအမှတ်ပြု လက်ခံရေးကိုလည်း တောင်းဆိုထားကြောင်း ကိုရစ်ချတ်က ဆက်ပြောပါတယ်။

“ကျနော်တို့လည်း မီဇိုးရမ်က ကျောင်းသားသမဂ္ဂတို့ ဘာတို့နဲ့ ပူးပေါင်းပြီးတော့မှ အိန္ဒိယဗဟိုအစိုးရကို ဒီဘက် ဝင်လာတဲ့ဟာတွေကို ဗဟိုအစိုးရကနေ အသိအမှတ်ပြုပေးဖို့ပေါ့နော်။ အဲဒီလိုလေးတွေလည်း တောင်းဆိုထားတာရှိတယ်။”

မဏိပူရပြည်နယ် အင်ဖာမြို့မှာ နေထိုင်တဲ့ ကိုသိန်းကတော့ ဒုက္ခသည်တွေ လက်ခံရေး အတွက် နိုင်ငံတကာအသိုင်းအဝိုင်းကပါ ချဉ်းကပ်တောင်းဆိုသင့်ကြောင်း ပြောပါတယ်။

“ဗမာပြည် ဖေဖော်ဝါရီ ၁ ရက်နေ့ ဖြစ်လိုက်တာရဲ့ နောက်ပိုင်းမှာ ဗဟိုအစိုးရအနေနဲ့တော့ ဒီဟာကို လက်မခံဘူးလို့ ပြောထားတယ်။ ဒါပေမဲ့ အဲဒါကို ချဉ်းကပ်တဲ့ဟာ အိန္ဒိယမှာ ရှိနေတဲ့ ဒီမိုကရေစီအင်အားစုတွေက ချဉ်းကပ်သလို တခြား နိုင်ငံတွေကနေတဆင့် ပြန်ပြီးတော့ ဒီဟာကို ချဉ်းကပ်တာလည်း လုပ်ရမယ့် သဘောရှိတယ်။”

အိန္ဒိယနဲ့ မြန်မာနိုင်ငံဟာ မိုင် ၉၀၀ ကျော်လောက် နယ်နမိတ်ချင်းထိစပ်နေတာဖြစ်ပြီး ၁၉၈၈ ခုနှစ် ဒီမိုကရေစီရေးလှုပ်ရှားမှုကို စစ်တပ်က နှိပ်နင်းခဲ့တဲ့နောက်မှာတော့ ရာနဲ့ချီတဲ့ မြန်မာနိုင်ငံသားတွေကို အိန္ဒိယနိုင်ငံက ခိုလှုံခွင့်ပေးခဲ့ဖူးပါတယ်။

တိုက်ရိုက် လင့်ခ်


[Unicode Version]

















XS
SM
MD
LG