သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြည်တနံတလျား နှိမ်နင်းဖမ်းဆီးမှုများ


မတ်လ ၂ ရက်နေ့တုန်းက ရန်ကုန်ဆန္ဒပြသူများကို ရဲဖမ်းဆီးစဉ်
မတ်လ ၂ ရက်နေ့တုန်းက ရန်ကုန်ဆန္ဒပြသူများကို ရဲဖမ်းဆီးစဉ်

စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ပြကြသူတွေကို လုံခြုံရေးတပ်ဖွဲ့တွေက အကြမ်းဖက် ဖြိုခွဲ ဖမ်းဆီးတာမျိုးတွေ ရက်ဆက်ရှိနေပေမယ့် နိုင်ငံတစ်ဝှမ်း ဆန္ဒပြသူတွေကလည်း ဆက်လက်ချီတက် ဆန္ဒပြနေကြဆဲဖြစ်ပါတယ်။

ကချင်ပြည်နယ် မိုးညှင်းမြို့မှာ ဒီကနေ့ ဆန္ဒပြသူတွေကို အကြမ်းဖက် ပစ်ခတ်ဖြိုခွဲတာကြောင့် ကျည်အစစ်ထိမှန်ဒဏ်ရာရသူရှိခဲ့တယ်လို့ မိုးညှင်းမြို့ ဆန္ဒပြပွဲမှာ ပါဝင်တဲ့ ဒေသခံတစ်ဦးက VOA ကို ပြောပါတယ်။

“ဒီနေ့ ဆန္ဒပြပွဲကတော့ စစ်တပ်က ဒီနေ့ ပထမဆုံးပါလာတာပေါ့နှော်။ စစ်တပ်ပါလာတဲ့ နေ့မှာပဲ ပထမဆုံး ဖြိုခွင်းခံရတာပါ။ မျက်ရည်ယိုဗုံးသုံးတယ်၊ ပြီးတော့ သေနတ်အစစ်သုံးတယ်၊ ပြီးတော့ ရာဘာကျည်တွေ သုံးတယ်။ ထိခိုက်ဒဏ်ရာရတာက ရာဘာကျည်ထိတာတစ်ယောက် သေနတ် ကျည် အစစ်ထိတာတစ်ယောက်ပေါ့နော်။ လူစုခွဲပြီးသွားတော့လည်း လိုက်ဖမ်းတာတွေရှိတယ်ပေါ့နော်။ အိမ်မှာ ဟိုဖက်ဒီဖက် ပိတ်ပြီးတော့မှာ ဖမ်းတာတွေရှိတယ်။”

မိုးညှင်းမှာ လူအင်အား ၄၀၀ ဝန်းကျင် စုစည်း ဆန္ဒပြခဲ့ကြတာဖြစ်ပြီးတော့ ဆန္ဒပြသူ နှစ်ဦးကိုလည်း ဖမ်းဆီးသွားတယ်လို့ ဆိုပါတယ်။ မနေ့က မြစ်ကြီးနားမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေရဲ့ ပစ်ခတ်မှုကြောင့် ဦးခေါင်းကို ကျည်မှန်ပြီး နှစ်ဦးသေဆုံးခဲ့ပါတယ်။

တနသ်ာရီတိုင်း မြိတ်မြို့မှာလည်း ဒီကနေ့ ဆန္ဒပြသူတွေကို အကြမ်းဖက် ဖြိုခွင်းခဲ့ပါတယ်။ အင်အားအလုံးအရင်းနဲ့ အိမ်စီးကားတွေနဲ့လာပြီး ဖြိုခွင်းခဲ့တာဖြစ်တယ်လို့ မြိတ်မြို့ ဆန္ဒပြပွဲမှာပါဝင်သူတစ်ဦးက ခုလို ပြောပါတယ်။

“ဒီနေ့ မြိတ်မှာ ဆန္ဒပြတဲ့ အခြေအအနေက အားလုံး ဖြိုခွဲခံရတယ်။ မနက်ပိုင်းမှာပဲ။ အခု အားလုံးစုစုပေါင်း မိန်းကလေး ယောက်ကျားလေး အယောက် ၆၀ ကျော်လောက် အဖမ်းခံရတယ်။ အခုလက်ရှိ အချိန်ထိကတော့ တက္ကသိုလ်ကျောင်းသူ ၁၁ ဦးနှင့်အပြင်က လိုက်တဲ့သူ အပါအဝင် ၁၃ ဦး လွတ်ပြီ။ ယောက်ျားလေး နှစ်ယောက်တော့ လွတ်ပေးတယ်။ ကျန်တာတွေ တစ်ယောက်မှ မလွတ်ဘူး။ ပြီးတော့ အသက် ၁၈ နှစ် မပြည့်သေးတဲ့သူတွေ ပြန်လွတ်တယ်ဆိုပေမယ့် ခု ဖမ်းထားတဲ့ထဲမှာ အထက ကျောင်းသူလေးတွေလည်း ပါတယ်လို့ကြားတယ်။ ၃၊ ၄ ယောက်လောက်ပါတယ်ကြားတယ်။ သူတို့တွေလည်း တစ်ယောက်မှ မလွတ်ဘူး။ အခုစိုးရိမ်နေရတဲ့ အခြေအနေက ဒီမနက်က ဖမ်းသွားတဲ့သူ အယောက် ၆၀ ကျော်လောက်က လေတပ်ထဲကို ဖမ်းသွားတာကိုး။ အခုလက်ရှိ တစ်ချို့ကိုတော့ ရဲစခန်းကို လွဲပြောင်းတယ်လို့ကြားတယ်။ ဒါပေမယ့် အဲ့ကြားထဲမှာ ရဲစခန်းကို မရောက်သေးတာတွေလည်း ရှိသေးတယ်။ လေတပ်နဲ့ မျက်နှာချင်းဆိုင်မှာရှိတဲ့ တပ်မတော်ဆေးရုံဖက်ကိုလည်း စစ်ကားတစ်ချို့ဝင်သွားတယ်ဆိုတော့ ဒီထဲမှာ လက်လွန်သွားတဲ့လူတစ်ချို့ ရှိမလားမသိဘူးပေါ့နှော်။ ကျွန်တော်တို့ရထားတဲ့ သတင်းအရဆိုရင် ဒီမနက် လွတ်လာတဲ့ အမျိုးသမီးတစ်ယောက်ဆိုရင် လည်ပင်းကို အနီးကပ်ပေါ့၊ ရာဘာကျည်နဲ့ အနီးကပ်ကို နှစ်ချက် သုံးချက်ပစ်တော့ အရေပြားကို ပေါက်သွားတယ်။”

မြိတ်မြို့မှာ မနေ့ညက ဧည့်စာရင်းစစ်မယ်ဆိုပြီး လုံခြုံရေးတပ်ဖွဲ့ဝင်တွေက ရပ်ကွက်တွေထဲဝင်ပြီး စစ်ဆေးတာတွေလုပ်ခဲ့တယ်လို့ ပြောပါတယ်။

ရှမ်းပြည်နယ် လားရှိုးမှာလည်း ဒီမနက် ဆန္ဒပြဖို့ လူစုနေတုန်းမှာ ရဲကားတွေရောက်လာပြီး မျက်ရည်ယိုဗုံးပစ်ဖြိုခွဲတဲ့အတွက် နေရာပြောင်း ဆန္ဒပြခဲ့ကြရပြီးတော့ လုံခြုံရေးတပ်ဖွဲ့တွေဆီမှာ ဖမ်းဆီးခံလိုက်ရသူ မရှိဘူးလို့ လားရှိုးဆန္ဒပြပွဲမှာ ပါဝင်တဲ့ ဒေသခံ တစ်ဦးက ပြောပါတယ်။

စစ်တပ်က အာဏာသိမ်းတာကို ဆန့်ကျင်ဆန္ဒပြကြတာ တစ်လကျော်လာချိန်မှာ လုံခြုံရေးတပ်ဖွဲ့တွေက အကြမ်းဖက် ပစ်ခတ်ဖြိုခွဲမှုတွေ ဖမ်းဆီးမှုတွေကြောင့် သေဆုံးရတဲ့ ဆန္ဒပြသူဦးရေက ၆၀ ဝန်းကျင်အထိ ရှိလာနေပြီး ဖမ်းဆီးခံရသူတွေလည်း အများအပြားရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်


........


(Unicode)










XS
SM
MD
LG