သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စမ်းချောင်းပိတ်ဆို့မှု အခြေအနေ 


မတ်လ ၈ ရက်နေ့ညက စမ်းချောင်းကို ပိတ်ဆို့ထား
မတ်လ ၈ ရက်နေ့ညက စမ်းချောင်းကို ပိတ်ဆို့ထား

(Zawgyi/Unicode)

ရန်ကုန် စမ်းချောင်းမြို့နယ်မှာ စစ်တပ်နဲ့ရဲအင်အား ရာနဲ့ချီ ဝိုင်းထားခဲ့လို့ ပိတ်မိနေခဲ့တဲ့ တနင်္လာနေ့ည ဖြစ်ရပ်မှာ အဖမ်းဆီးခံရသူ အနည်းဆုံး (၅၀)ထက် မနည်းရှိမယ်လို့ မြို့ခံတွေနဲ့ ပိတ်မိသူတွေက ပြောပါတယ်။ လမ်းမီးတွေကို ဖြတ်တောက် အမှောင်ချထားပြီး လုံခြုံရေးအင်းအား အမြောက်အများနဲ့ ဝိုင်းထားခဲ့ပေမယ့် ဒေသခံလူထုကတော့ ညသန်းခေါင်အချိန်ထိ ဆန့်ကျင်ဆန္ဒပြခဲ့တဲ့အကြောင်း ကိုဉာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။

စစ်သားနဲ့ရဲတပ်ဖွဲ့ဝင်တွေ ညဦးပိုင်းမှာ ပိတ်ဆို့ ဝိုင်းထားလိုက်တဲ့အတွက် စမ်းချောင်းမြို့နယ်ထဲက လမ်းတွေပေါ်မှာ လူတွေက သဲအိတ် ၊ အခြား အတားအဆီးတွေနဲ့ မိမိတို့ရပ်ကွက်ကို ပိတ်ဆို့လိုက်ကြပြီး လုံခြုံရေးတပ်ဖွဲ့တွေ ပြန်ထွက်သ ွားဖို့ ဟစ်အော် ဆန္ဒပြခဲ့ကြတာကို ဖေ့စ်ဘွတ် Live တွေမှာ တွေ့ရပါတယ်။

ညနက်ပိုင်းရောက်လာတော့ ဆန္ဒပြသံတွေ တိပ်ဆိပ်သွားပါတယ်။ စစ်သားနဲ့ရဲတွေက အိမ်တွေနဲ့ တိုက်ခန်းတွေကို လက်နှိပ်မီးနဲ့ထိုးရင်း ကျည်အစစ်နဲ့ ပစ်မယ်လို့ ခြိမ်းခြောက် အော်ဟစ်သံ တွေလည်း ကြားရပါတယ်။

“ ကျည်အစစ်နဲ့ ပစ် … ကျည်အစစ်နဲ့ ပစ် ကွာ ...ထွက်ခဲ့စမ်း”

ညဉ့်နက် (၂)နာရီဝန်းကျင်အချိန် အမည်မဖေါ်လိုတဲ့ စမ်းချောင်းမြို့ခံတဦးကို VOA က ဆက်သွယ်မေးမြန်းရာမှာတော့ မိန်းကလေးငယ် ၃ ဦးကို အိမ်ပေါ်တက်ဖမ်းသွားတဲ့ အခြေအနေကို ပြောပြပါတယ်။

“ကျွန်းတောလမ်းမှာတော့ အိမ်ပေါ်အထိ တက်ဖမ်းပါတယ်ခင်ဗျ။ ကျွန်းတောလမ်းထိပ် Top မိတ္တူဆိုင်ဆိုတာရှိပါတယ်။ သွားဆရာဝန်ဆေးခန်း အပေါ်ထပ်မှာတော့ ကလေးမလေး ၃ ယောက်ကို ဖမ်းသွားပါတယ်။ ဒါပေမယ့် ဒီလမ်းထဲတော့ မဖမ်းသေးပဲနဲ့ သူတို့က ဓါတ်မီးတွေနဲ့ ထိုးပါတယ်ခင်ဗျ။ လမ်းမီးမရှိတော့ လမ်းတွေကလည်း မှောင်နေတယ်၊ အိမ်တွေကလည်း ကြောက်ပြီးတော့ မထွက်ရဲတော့ပါဘူးခင်ဗျ။”

အခုလို စမ်းချောင်းမြို့နယ်တခုလုံး ပိတ်မိသ ွားတဲ့ အခြေအနေကိုလည်း သူက ရှင်းပြပါတယ်။

“ စမ်းချောင်းကို လူတွေက လာအားပေးကြတာပေါ့ခင်ဗျ။ ဒါပေမယ့် အားလုံးက ငြိမ်းချမ်းစွာနဲ့ပဲ ဆန္ဒပြကြပါတယ်။ ကျနော်တို့ စမ်းချောင်းကလည်း နည်းနည်း အင်အားတောင့်တော့ သူတို့တွေက အသံဗုံးတွေပါနဲ့နဲ့ ဖြိုခွင်းတယ် ၊ သူတို့က ဖြိုခွင်းလိုက် .. ပြန်တက်လာလိုက်၊ ဖြိုခွင်းလိုက် ပြန်တက်လာလိုက်ဖြစ်ပါတယ်ခင်ဗျ။ ကျနော်တို့ကလည်း ဒီလောက်နဲ့ပဲ ပြီးမယ်ထင်တာပေါ့ဗျာ ။ ဒါပေမယ့် သူတို့က ဘာလုပ်သလဲဆိုတော့ လုံးဝကို စမ်းချောင်းကို Lockdown ချလိုက်ပါတယ်ခင်ဗျ။ ကျနော်တို့ လမ်းမီးတွေကို ပေးမထွန်းတော့ပါဘူးခင်ဗျ ။ အဲဒီတော့ အိမ်တွေကလည်းကြောက်ပြီးတော့ မီးတွေကလည်း မထွန်းတော့ပါဘူးခင်ဗျ။ အဲဒီအချိန်မှာ သူတို့က အသံဗုံးတွေ ဖောက်ပါတယ်ခင်ဗျ။ အခုက လက်ရှိမှာလည်း ကျနော်တို့ စမ်းချောင်းမြောက်ပိုင်းရဲ့ လမ်းတွေကို အားလုံးကို ရဲအစောင့်တွေ အကုန်ချထားပါတယ်ခင်ဗျ။ အခု ဘယ်သူမှ ဘယ်မှ ထွက်လို့မရပါဘူးခင်ဗျ။ အခုအထိလည်း စမ်းချောင်းမှာ ပိတ်မိသူတွေ အနည်းငယ်ရှိတယ်လို့ ကျနော် သိပါတယ်ခင်ဗျ။ ဒါပေမယ့် တချို့ကလည်း ဧည့်စာရင်းစစ်မှာ ကြောက်လို့ ကလေးတွေကို မခေါ်ထားရဲတာလည်း ရှိပါတယ်။ ဒါပေမယ့် စမ်းချောင်းမြို့နယ် ပြည်သူတွေကတော့ လူ ခွဲပြီးတော့ သူတို့ကို စောင့်ရှောက် ထားပါတယ်ခင်ဗျ။

မေး။ ။ အခု အဓိက စစ်သားနဲ့ရဲက ဝိုင်းထားတဲ့လမ်းတွေက ဘယ်လမ်းတွေပါသလဲခင်ဗျ။

ဖြေ။ ။ ဗဟိုလမ်း တလျှောက်လုံး ဒီ စမ်းချောင်းမြောက်ကို ဓါတ်ဆီဆိုင်ကနေပြီးတော့ ဂွဈေးအထိ သွားလို့မရဘူးခင်ဗျ။ မီးသတ်ဘေးကနေ ကျွန်းတောလမ်းကနေပြီးတော့ ကုန်ပေါ်အထိ သွားလို့မရဘူးခင်ဗျ။ မဟာမြိုင်ဘက်ကတော့ ဝင်ခွင့် ပေးထားပါတယ်။ အဲဒါက ည ၈ နာရီ မထိုးခင်အချိန်တုန်းကပါ။ အခု အချိန်တော့ လုံး၀ မရပါဘူး။

မေး။ ။ ဆိုတော့ စစ်သား၊ ရဲ လုံခြုံရေးအင်အားရော ဘယ်လောက်လောက် ချထားတာ သတိပြုမိပါသလဲ။

ဖြေ။ ။ မဟာမြိုင်ရဲ့ အင်အားကပဲ ၂၀၀ ကျော်ပါတယ်ခင်ဗျ။ တပ်မ ၇၇ နဲ့ ရဲ အင်းအား ပေါင်းလိုက်ရင်။

မေး။ ။ စမ်းချောင်းမြို့နယ်သား တယောက်အနေနဲ့ လာမယ့်နာရီပိုင်းအတွင်း ဆက်ဖြစ်လာမယ့်အခြေအနေတွေအပေါ်မှာ ဘာတွေများ စိုးရိမ်မှုရှိပါသလဲ။

ဖြေ။ ။ အထူးသဖြင့်တော့ ကလေးတွေကို ဧည့်စာရင်းနဲ့ အတင်းဆွဲမှာ စိုးရိမ်တယ် ။ ဘာဖြစ်လို့လဲဆိုတော့ ဒီဧည့်စာရင်းဥပဒေက သူတို့တွေ မတရားလုပ်ထားတဲ့ ဥပဒေတွေပါခင်ဗျ။ သူတို့ရဲ့အတိုင်းအတာကို ကြည့်မယ်ဆိုရင် ဖက်ဆစ်တွေလိုပါပဲ။ ကျနော်တို့မှာ ရပ်ကျေးဥက္ကဋ္ဌလည်း ဘယ်သူမှ မရှိပါဘူးခင်ဗျ ။ အဲဒီတော့ တရားဥပဒေနဲ့ မညီတဲ့ဟာတွေကို သူတို့လုပ်နေတာတွေက ကျနော်တို့ လက်မခံနိုင်ပါဘူး။ အဲဒီတော့ နိုင်ငံတကာ အသိုင်းအဝိုင်းကနေပြီးတော့ မတရားသဖြင့် သူများအိမ်တွေကို နှောင့်ယှက်ဖျက်ဆီးပြီး ဝင်ရောက် ဖျက်ဆီးလုပ်နေတာတွေကို ဒါတွေကို နိုင်ငံတကာ အသိုင်းအဝိုင်းက ကန့်ကွက်ပေးဖို့လိုတယ်လို့ ထင်ပါတယ်ခင်ဗျ။”

စမ်းချောင်းမြို့နယ် ရပ်ကွက်ထဲမှာ ပိတ်မိနေကြတဲ့ အခြေအနေကို လျော့ပါးသက်သာ သွားစေဖို့ မြေနီကုန်းရပ်ကွက်ထဲက လူငယ်တွေထွက်လာပြီး ရဲနဲ့လုံခြုံရေးကို ညဉ့်နက်သန်းခေါင် အချိန်မှာ ဟစ်အော်ဆန္ဒပြခဲ့တာ ရှိကြောင်း ဒေသခံတဦးက ပြောပါတယ်။

“စမ်းချောင်းမှာ ပိတ်မိနေတဲ့ လူငယ်တွေကို ဒီအခြေအနေတွေ သက်သာသွားအောင်ပေါ့နော် ၊ လျော့ပါးသွားအောင်ဆိုပြီးတော့ မြေနီကုန်းမှာရှိတဲ့ လူငယ်တွေက လမ်းဆုံနားလောက်အထိ ထွက်ပြီးတော့ သူတို့ သံပုံးတွေ တီးကြတယ်၊ ရဲကားတွေ ဒီဘက်ရောက်လာအောင်ဆိုပြီးတော့ မျှားခေါ်တဲ့ ပုံစံမျိုးပေါ့ အဲဒီအခြေအနေက ဘယ်နှစ်နာရီ အထိလဲဆိုတော့ ည ၁၂ နာရီအထိ အဲဒီအခြေအနေရှိတယ်။ အခုတော့ ငြိမ်သွားပြီ စမ်းချောင်းဘက်မှာလည်း အသံတော့ မကြားရသေးဘူး ဒါပေမယ့် စစ်သားတွေနဲ့ ရဲတွေက အခုအထိ ရှိနေတုန်းပဲ။”

အခုလို စမ်းချောင်းမြို့နယ်အတွင်း နေအိမ်တွေပေါ် တက်ပြေးရပြီး လူအတော်များများ ပိတ်မိနေခဲ့တဲ့ ဖြစ်ရပ်နဲ့ ပတ်သက်လို့ စိုးရိမ်မကင်းဖြစ်ကြောင်းနဲ့ အကြမ်းမဖက်ဖို့ ကန့်ကွက်ကြောင်း ကုလသမဂ္ဂအပါအဝင် မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် ၊ကနေဒါ ၊ဂျာမနီ၊ ပြင်သစ်သံရုံး ၊ ဥရောပသမဂ္ဂရဲ့ မြန်မာကိုယ်စားလှယ်ရုံးတို့က ကြေညာချက်အသီးသီး ထုတ်ပြန်ပါတယ်။ ဧည့်စာရင်းပုဒ်မအရ ဖမ်းဆီး အရေးယူမယ်ဆိုတဲ့ လုံခြုံရေးတွေရဲ့ လုပ်ရပ်ကို ရပ်တန့်ဖို့ NLD ပါတီကလည်း ညတွင်းချင်း ကြေညာချက် ထုတ်ပြန်ခဲ့ပါတယ်။

စမ်းချောင်းပိတ်ဆို့မှု အခြေအနေ
please wait

No media source currently available

0:00 0:05:10 0:00
တိုက်ရိုက် လင့်ခ်

...............


(Unicode)


















XS
SM
MD
LG