(Zawgyi/Unicode)
ရန်ကုန်မြို့ စမ်းချောင်းမှာ ရာနဲ့ချီတဲ့ ဆန္ဒပြသူတွေ နာရီပေါင်းများစွာ ပိတ်မိနေတာနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် Antonio Guterres က အနီးကပ်စောင့်ကြည့်နေပြီး သူတို့ကို ရဲတွေက အကြမ်းမဖက်ဖို့၊ ဖမ်းးဆီးတာတွေ မလုပ်ဖို့ တောင်းဆိုလိုက်တယ်လို့ အတွင်းရေးမှုးချုပ်ရုံး ပြောခွင့်ရ Stephane Dujarric က တနင်္လာနေ့ သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။
“မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး ရန်ကုန်စမ်းချောင်းက အတားအဆီးအကာအရံတွေ ချထားတဲ့ လူနေအိမ်ယာတွေအထဲမှာ နာရီအတော်ကြာ ဆန္ဒပြသူ ရာပေါင်းများစွာပိတ်မိနေတဲ့ အခြေနေကို အတွင်းရေးမှုးချုပ်က အနီးကပ်စောင့်ကြည့်နေကြောင်း ပြောသွားတာပါ။ ဒီလူတွေကို အာဏာပိုင်တွေက အကြမ်းမဖက်ဖို့ ဒါမှမဟုတ် ဖမ်းဆီးတာတွေ မလုပ်ပဲ ဘေးကင်းစွာ ပြန်လွှတ်ပေးဖို့ လည်း တောင်းဆိုလိုက်ပါတယ်။”
ပိတ်မိနေသူ အများစုဟာ မတ်လ ၈ ရက် တနင်္လာနေ့မှာ ကျရောက်တဲ့ နိုင်ငံတကာ အမျိုးသမီးနေ့အထိန်းအမှတ် အတွက် ငြိမ်းချမ်းစွာချီတက်ခဲ့ကြ သူတွေဖြစ်တယ်လို့လည်း ပြောပါတယ်။ နိုင်ငံ့အနာဂတ်အတွက်ဖြစ်စေချင်တဲ့ ဆန္ဒထုတ်ဖေါ်ရင်း ငြိမ်းချမ်းစွာလှုပ်ရှား ခဲ့ကြတဲ့ မြန်မာနိုင်ငံသားတွေရဲ့ လွတ်လပ်စွာစုဝေးခွင့် ပြောဆိုခွင့်တွေကို မြန်မာစစ်တပ်နဲ့ ရဲတွေက အပြည့်အဝ လေးစားကြဖို့လည်း အတွင်းရေးမှုးချုပ်က တောင်းဆိုပါတယ်။
ငြိမ်းချမ်းစွာ ဆန္ဒပြသူတွေကို အသက်ပါသေဆုံးရတဲ့အထိ အကြမ်းဖက်ဖြိုခွဲမှုတွေအတွက် အတွင်းရေးမှုးချုပ်အပြင် မြန်မာနိုင်ငံတွင်းတာဝန်ထမ်းဆောင်နေကြတဲ့ ကုလသမဂ္ဂကအဖွဲ့တွေကလည်း ပြင်းပြင်းထန်ထန်ရှုတ်ချလိုက်ပါတယ်။
ဒါ့အပြင် ရဲနဲ့ စစ်သားတွေက ဆေးရုံအများအပြားမှာ နေရာယူတပ်စွဲထားတာဟာ လုံးဝလက်ခံနိုင်စရာမရှိကြောင်းနဲ့ ဆေးရုံတွေကို ကင်းလွတ်နယ်မြေအဖြစ် ထားရှိရမှာ ဖြစ်ပြီး အထူးသဖြင့် ကိုရိုနာဗိုင်းရပ်စ် ကမ္ဘာ့ကပ်ရောဂါဖြစ်ပွါးနေချိန်မျိးမှာ ဆေးကုသမှုခံယူနေသူတွေ လုံခြုံမှုရှိအောင် လုပ်ပေးဖို့လည်း တောင်းဆိုလိုက်ပါတယ်။
မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းလိုက်တာဟာ ကုလသမဂ္ဂရဲ့ လူသားချင်းစာနာမှုဆိုင်ရာ လုပ်ဆောင်မှုတွေကို အဟန့်အတားဖြစ်စေကြောင်း လူသားချင်းစာနာမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်နေတဲ့ ကုလသမဂ္ဂအဖွဲ့ရုံး (OCHA) က တနင်္လာနေ့မှာ ပြောပါတယ်။
၂၀၂၁ နှစ်စမှာပဲ ပြည်တွင်း ပြောင်းရွှေ့အခြေချသူ ၃ သိန်းခွဲကျော်အပါအဝင် အထောက်အကူလိုအပ်သူ တသန်းကျော်ရှိတာ တွေရခဲ့ကြောင်းနဲ့ အကူအညီပေးဖို့ လုပ်ဆောင်ရာမှာ ဆက်သွယ်ရေး၊ သွားလာရေးနဲ့ ပစ္စည်းပို့ဆောင်ရေးတွေမှာ အဟန့်အတားတွေ ရှိနေပြီး ငွေအင်လားလည်း မလုံမလောက် ဖြစ်နေတယ်လို့ ပြောပါတယ်။
.............
(Unicode)