သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖမ်းဆီးခံရတဲ့ တတ်ကြွလှုပ်ရှားသူ မင်းသွေးသစ် ထောင်ဝင်စာပေးခွင့်ရ


သမဂ္ဂကျောင်းသားခေါင်းဆောင်ဟောင်း ကိုမင်းသွေးသစ်။ (မှတ်တမ်းဓာတ်ပုံ - Yadanar Su Po Khaing's Facebook)
သမဂ္ဂကျောင်းသားခေါင်းဆောင်ဟောင်း ကိုမင်းသွေးသစ်။ (မှတ်တမ်းဓာတ်ပုံ - Yadanar Su Po Khaing's Facebook)

[Zawgyi/Unicode]

စစ်အာဏာသိမ်းတဲ့ရက် ဖေဖော်ဝါရီ ၁ ရက်ကစလို့ ဖမ်းဆီးထိန်းသိမ်းခံလိုက်ရတဲ့ သမဂ္ဂကျောင်းသားခေါင်းဆောင်ဟောင်း မင်းသွေးသစ် တလကျော်ကြာမှ အင်းစိန်သီးသန့်အကျဉ်းထောင်မှာ ထိန်းသိမ်းခံထားရတယ်ဆိုတာ သိရလို့ ဒီကနေ့မှာတော့ ပထမဆုံးအကြိမ် မိသားစုက အရေးကြီး လိုအပ်တဲ့ဆေးဝါးအပါအဝင် ထောင်ဝင်စာပေးခွင့်ရပါတယ်။ ဒီကနေ့ တနင်္လာနေ့မနက်ပိုင်း အင်းစိန်ထောင်ကို ကိုယ်တိုင်သွားရောက်ခဲ့တဲ့ မင်းသွေးသစ်ရဲ့ဇနီး မရတနာစုပိုခိုင်ကို မဆုမွန်က ဆက်သွယ်မေးမြန်းထားပါတယ်။

မရတနာစုပိုခိုင်။ ။ သူ့ကို အာဏာသိမ်းတဲ့ရက် ဖေဖော်ဝါရီလ ၁ မနက်အစောပိုင်း ၄ နာရီ ၅၀ လောက်မှာ အိမ်မှာ လာဖမ်းသွားတယ်။ ဆွေးနွေးစရာရှိလို့ လိုက်ခဲ့ပါဆိုပြီး ပြောပြီးခေါ်သွားတာ။ ဆိုတော့ သူနဲ့ ကျမတို့ ဘယ်လောက်ကြာကြာ အဆက်အသွယ်ပြတ်ခဲ့လဲဆိုရင် တစ်လပေါ့နော်။ မတ်လ ၁ ရက်နေ့မှ သူ ထောင်ကိုရောက်နေတယ်ဆိုတာ သိတယ်။ တလအတွင်းမှာ သူဘယ်ရောက်နေတယ်ဆိုတာ ကျမတို့ မိသားစုကို ဆက်သွယ်အကြောင်းကြားတာ မရှိဘူး။ သူ့ကျန်းမာရေးနဲ့ ပတ်သက်ပြီး ပြောဆိုတာ ဘာမှမရှိဘူးပေါ့နော်။

မဆုမွန်။ ။ တလအကြာမှ သူထောင်ထဲကို ရောက်တယ်ဆိုတာ သိရတော့ သူတို့ဘက်က လာအကြောင်း ကြားတာလား၊ ညီမတို့ဘက်က စုံစမ်းလို့ သိတာလား။

မရတနာစုပိုခိုင်။ ။ကျမတို့ ဒီကိစ္စနဲ့ ပတ်သက်ပြီးတော့ လူပျောက်နေတယ်ပေါ့နော်။ လူပျောက်တိုင်မယ်ဆိုပြီး ရဲစခန်းမှာ အမှုဖွင့်တယ်ပေါ့နော်။ အဲ့ဒါလုပ်ပြီးတော့ မတ်လ ၁ ရက်နေ့မှာ ကိုမင်းသွေးသစ်ရဲ့ ပစ္စည်းတွေ ရဲစခန်းမှာ ရောက်နေပါတယ်ဆိုပြီး ကျမတို့ကို ဆက်သွယ်အကြောင်းကြားတယ်။ ဆက်သွယ်အကြောင်းကြားတော့ ရှေ့နေနဲ့ သွားယူတဲ့အခါမှာ သူ့ကို ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၉၅ နဲ့ တရားစွဲဆိုထားတယ်ဆိုတာ ပြောပါတယ်။

မဆုမွန်။ ။ ဆိုတော့ ကိုမင်းသွေးသစ် အင်းစိန်ထောင်မှာ ရှိနေတယ် ဒီလိုအမှုဖွင့်ထားတယ်ဆိုတော့ အခု ဘယ်နှစ်ကြိမ်လောက် ထောင်ဝင်စာတွေ့ခွင့်ရပြီလဲ။ သူ့ရဲ့နောက်ဆုံးအခြေအနေကရော ဘယ်လိုရှိလဲရှင့်။

မရတနာစုပိုခိုင်။ ။ကျမတို့က အခုအချိန်အထိ သူနဲ့ တချိန်မှ တွေ့ခွင့်မရသေးပါဘူးရှင့်။ ကျမတို့ရဲ့ရှေ့နေက သူ့ကို လိုက်ပါဆောင်ရွက်ပေးမယ့် ရှေ့နေက သူ့ကို ရှေ့နေပါဝါ လက်မှတ်ထိုးခိုင်းတဲ့အခါမှာ ကိုမင်းသွေးသစ်က ရှေ့နေပါဝါ လက်မှတ်မထိုးပေးလိုက်ဘူး။ ဘာဖြစ်လို့ဆိုတော့ ဒီတရားစီရင်ရေးကို အယုံအကြည်မရှိတဲ့အတွက် Boycott လုပ်မယ်ဆိုပြီးတော့ လက်မှတ်မထိုးပေးလိုက်ဘူး။

မနေ့ကတော့ ထောင်ကနေ ကျမတို့ကို စာတစောင်ပေးပါတယ်။ မနေ့က ထောင်ကနေ ဖုန်းဆက်ပြီးတော့ ထောင်မှာ စာရောက်နေတယ်။ လာယူပေးပါလို့။ အဲ့ဒါနဲ့ ဒီနေ့မနက်မှာ ကျမတို့ ထောင်မှာ သွားယူပါတယ်။ သူနဲ့ တွေ့ခွင့်ရတာတော့ မရှိဘူး။ စာတော့ရောက်လာတယ်။ သူကျန်းမာနေကောင်းတယ်။ လိုအပ်တဲ့ပစ္စည်းတွေ လာပို့ပေးပါဆိုတဲ့အကြောင်းကြားစာတော့ ရောက်လာတယ်ရှင့်။ ထောင်ဝင်စာပေးခွင့်ရတာကတော့ ဒါ ပထမဆုံးပါ။

မဆုမွန်။ ။ အဲ့ဒီတော့ မနက်က ထောင်မှာ သွားရတာ ဘယ်လိုအနေအထားရှိလဲ။ အဆင်ပြေခဲ့လား ဘာတွေ အခက်အခဲကြုံရလဲ။

မရတနာစုပိုခိုင်။ ။ ထောင်မှာတော့ အဆင်ပြေပါတယ်။ ဒါပေမဲ့ အထဲကို ဝင်ခွင့်မရဘူး။အပြင်က သံပန်းတွေရဲ့အပြင်ကနေ ပေးခဲ့ရတာပါ။ အင်းစိန်က သီးသန့်ထောင်၊ သီးသန့်တိုက်မှာပါရှင့်။

မဆုမွန်။ ။ အဲ့ဒီတော့ ကိုမင်းသွေးသစ်ရဲ့ ဇနီးတယောက်အနေနဲ့ရော၊ ညီမတို့ကိုယ်တိုင်လည်း တောက်လျှောက်ပေါ့နော်... မြန်မာ့ဒီမိုကရေစီရေး ပညာရေး၊ ကျောင်းသားအရေး၊ နိုင်ငံ့အရေးကို လှုပ်ရှားနေတဲ့ အမျိုးသမီးတယောက်အနေနဲ့ ကိုမင်းသွေးသစ်အပါအဝင် ဖမ်းဆီးထိန်းသိမ်းခံထားရသူတွေအတွက်ဘာပြောချင်တာရှိပါလဲ။

မရတနာစုပိုခိုင်။ ။ ကျမတို့အဓိကကတော့- မတရား ဖမ်းဆီးခံထားရသူတွေကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုချင်ပါတယ်ရှင့်။ အခုလည်း ကျောင်းသားတွေ ပြည်သူတွေကို မတရားဖမ်းဆီးမှုတွေ ရှိနေတယ်။ ဒါက မတရားဘူးလို့ ကျမတို့မြင်တယ်။ ကျမတို့ပြည်သူတွေ မတရားခံနေရတယ်။ အခုလို မတရားဖမ်းဆီးခံနေရတဲ့သူတွေ အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုချင်ပါတယ်။

ကိုမင်းသွေးသစ်ဟာ ဖေဖော်ဝါရီလ ၁ ရက်နေ့ကစလို့ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရတာဖြစ်ပြီး လက်ရှိမှာတော့ ယာဉ်အန္တရာယ်ကင်းရှင်းရေးနှင့် မော်တော်ယာဉ် စီမံခန့်ခွဲမှု ဥပဒေ ပုဒ်မ ၉၅ နဲ့ တရားစွဲဆိုခံထားရပါတယ်။

တိုက်ရိုက် လင့်ခ်

[Unicode Version]














XS
SM
MD
LG