သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

 ဒေါ်အောင်ဆန်းစုကြည် လွှတ်ပေးဖို့ မြန်မာသံအမတ်တောင်းဆိုမှု ဗြိတိန်ဝန်ကြီးကြိုဆို


(Zawgyi/Unicode)

မြန်မာနိုင်ငံမှာ စစ်တပ်က အာဏာသိမ်းပြီးချိန်ကစလို့ ဖမ်းဆီးထိန်းသိမ်းထားတဲ့ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီး ဦးဝင်းမြင့်ကို ပြန်လွှတ်ပေးဖို့ ဗြိတိန်နိုင်ငံဆိုင်ရာ မြန်မာသံရုံးက မတ်လ ၈ ရက် တနင်္လာနေ့မှာ ကြေညာချက် ထုတ်ပြန်ပြောဆိုပါတယ်။ အခုလို မြန်မာသံအမတ်ကြီး ဦးကျော်စွာမင်းရဲ့ ပြောကြားချက်ကို ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး Dominic Raab က ကြိုဆိုလိုက်ပါတယ်။

ဗြိတိန်ဆိုင်ရာမြန်မာသံအမတ်ကြီးက သူအခုထမ်းဆောင်နေတဲ့ တာဝန်ကို နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်က ပေးအပ်ခဲ့တာ ဖြစ်ပြီး လက်ရှိမှာလည်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ ညွှန်ကြားချက်တွေကိုပါ ဆက်လက်ရရှိနေဆဲ ဖြစ်ကြောင်း ကြေညာချက်မှာ ဖေါ်ပြပါတယ်။

ဦးကျော်စွာမင်းက သံအမတ်ဆိုတာဟာ သံတမန်တဦးသာ ဖြစ်ပြီး သံတမန်တဦးအနေနဲ့ သံတမန်ရေးလမ်းကြောင်းအတိုင်းသာ ဆောင်ရွက်သွားမှာ ဖြစ်ကြောင်းနဲ့ မြန်မာနိုင်ငံရဲ့ လက်ရှိပြဿနာဟာ ညှိနှိုင်းဆွေးနွေးမှုနဲ့သာ အဖြေရှာရမှာ ဖြစ်ကြောင်း ပြောပါတယ်။

သူဟာ မတ်လ ၄ ရက်နေ့မှာ ဗြိတိန်နိုင်ငံခြားရေးဌာန အာရှရေးရာဆိုင်ရာ ဝန်ကြီး Nigel Adams နဲ့ရော မတ်လ ၈ ရက်နေ့မှာ နိုင်ငံခြားရေးဝန်ကြီး Dominic Raab နဲ့ပါ တွေ့ဆုံဆွေးနွေးခဲ့တာ ဖြစ်ပြီး သူတို့ ၂ ဦးစလုံးကလည်း သူ့ရဲ့ သံတမန်ရေးလမ်းကြောင်းအတိုင်း သွားဖို့ ရွေးချယ်တာကို သဘောတူခဲ့တယ်လို့ ပြောပါတယ်။

ဒါ့အပြင် ဗြိတိန် - လန်ဒန်က မြန်မာသံရုံးကို ဖွင့်လှစ်ထားမှာ ဖြစ်ပြီး နေ့စဉ်တာဝန်တွေကို ဆက်လက် ထမ်းဆောင်နေကြမှာ ဖြစ်သလို ဒေသတွင်းနေ မြန်မာနိုင်ငံသားတွေ အတွက်လိုအပ်တဲ့ အကူညီတွေ ဆက်လက် ပေးအပ်သွားမှာ ဖြစ်ကြောင်း သံအမတ်ကြီး ဦးကျော်စွာမင်းရဲ့ ကြေညာချက်ထဲမှာ ဖေါ်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်နဲ့ မြန်မာခေါင်းဆောင်တွေကို ပြန်လွှတ်ပေးဖို့ ဗြိတိန်က တောင်းဆိုနေတာဖြစ်ပြီး အခု သံအမတ်ကြီး ဦးကျော်စွာမင်းရဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ကို ပြန်လွှတ်ပေးဖို့ တောင်းဆိုမှုကို အားပေးတဲ့အပြင် မြန်မာနိုင်ငံရဲ့ ၂၀၂၀ ရွေးကောက်ပွဲ ရလဒ်ကိုလေးစားကြဖို့ပါ နိုင်ငံခြားရေးဝန်ကြီး Raab က ကြေညာချက် ထုတ်ပြန်ပြောဆိုခဲ့တာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်


...........

(Unicode)







XS
SM
MD
LG