သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီ ထိန်းချုပ်လာနိုင်ခြေ အရပ်ဘက်အဖွဲ့တွေ စိုးရိမ်


Pact Global Microfinance Fund office - (photo: C J)
Pact Global Microfinance Fund office - (photo: C J)

စစ်ကောင်စီ ထိန်းချုပ်လာနိုင်ခြေ အရပ်ဘက်အဖွဲ့တွေ စိုးရိမ်

လူမှုရေးအဖွဲ့တွေ၊ အရပ်ဘက်နဲ့ နိုင်ငံတကာ INGO အဖွဲ့အစည်းတွေကို အလုံးစုံထိန်းချုပ်ပြီး ငွေစီးဆင်းမှုနဲ့ ငွေလဲလှယ်မှုကိစ္စတွေကို အလုံးစုံ ထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီဘက်က ကြိုးပမ်းလာတယ်လို့ အရပ်ဘက်အဖွဲ့တချို့က ဗွီအိုအေကို ပြောပါတယ်။ စစ်ကောင်စီလက်ထက်မှာ အသစ်ပြင်ဆင် ပြဋ္ဌာန်းထားတဲ့ အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေအတိုင်း မှတ်ပုံပြန်မတင်နိုင်တဲ့ အဖွဲ့အစည်းအားလုံးကို အရေးယူဖို့ ရှိနေတာပါ။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ချက်ကို ကိုဉာဏ်ဝင်းအောင်က ပြောပြမှာပါ။


အခုနှစ်စပိုင်းကစလို့ နိုင်ငံတကာ INGO အဖွဲ့တွေအပါအဝင် အသင်းအဖွဲ့မှတ်ပုံတင်ထားတဲ့ အရပ်ဘက်က အဖွဲ့တွေကို စစ်ကောင်စီက ခေါ်ယူတွေ့ဆုံပြီး အသစ်ပြဋ္ဌာန်းထားတဲ့ အသင်းအဖွဲ့ ဥပဒေအတိုင်း လုပ်ဆောင်ဖို့ ဖိအားပေးလာပါတယ်။ ဒီဥပဒေရဲ့ ပုဒ်မ၃၈မှာ နိုင်ငံတော်ကို ဆန့်ကျင်တဲ့ အဖွဲ့အစည်းတွေ၊ အကြမ်းဖက်အဖွဲ့တွေနဲ့ တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်ဖြစ်စေ ဆက်သွယ်တာ မလုပ်ဆောင်ရဘူးဆိုတဲ့ အချက်လည်း ပါဝင်နေပါတယ်။

ဒီဥပဒေပါ အချက်အလက်တွေအောက်မှာ အရပ်ဘက်အဖွဲ့တွေရဲ့ ငွေစီးဆင်းမှု၊ ငွေလဲလှယ်မှု အပါအဝင် လုပ်ငန်းအားလုံးကိုပါ စစ်ကောင်စီဘက်က ထိန်းချုပ်ဖို့ ကြိုးပမ်းလာတာပါ။ ပြီးခဲ့တဲ့ရက်ပိုင်းက အမေရိကန်အခြေစိုက် သေးစားငွေချေးလုပ်ငန်း PGMF ဟာ စစ်ကောင်စီဆီမှာ မှတ်ပုံဆက်မတင်ဘဲ ပြည်တွင်းက လုပ်ငန်းတွေကို ရပ်နားလိုက်ပြီလို့ သတင်းထုတ်ပြန်ခဲ့ပါတယ်။ PGMF ကတော့ လုပ်ငန်းနဲ့ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ်မခံလိုတာ၊ စစ်ကောင်စီကို အရေးယူထားတဲ့ အမေရိကန်အစိုးရရဲ့ ပိတ်ဆို့မှုတွေနဲ့ မငြိစွန်းချင်တာကြောင့် မှတ်ပုံတင်ဖို့ နောက်ဆုံးရက်ဖြစ်တဲ့ အခုဇွန်လ ၃၀ရက်မှာ ထွက်ခွာဖို့ ဆုံးဖြတ်လိုက်တာပါ။ ဒီလို အခြေခံလူတန်းစားတွေ အားထားရတဲ့ ငွေချေးလုပ်ငန်းတခု ထွက်ခွာရတာဟာ ဆုံးရှုံးမှုဖြစ်ကြောင်း PGMF ရဲ့ ချေးငွေတာဝန်ခံ အရာရှိတဦးက ဗွီအိုအေကို အခုလိုပြောပါတယ်။

" NGOတွေကို သူတို့က ထိန်းချုပ်မှာပဲ၊ ထိန်းချုပ်မှုတွေက ဖြစ်လာနိုင်တယ်။ ဒီငွေကြေးနဲ့ပတ်သက်ပြီး အဘက်ဘက်ကို သူတို့က ယုံကြည်မှု အားနည်းလာတယ်။ အဘက်ဘက်ကနေ ဝိုင်းပြီးပံ့ပိုးမှာကိုလည်း စိုးရိမ်လာတယ်။ သူတို့နိုင်တဲ့ဥစ္စာတွေကို အကုန်လုံးလိုက်ပြီး ထိန်းချုပ်၊ ပိတ်ဆို့တာတွေ ရှိကောင်း ရှိလာနိုင်တယ်။ တကယ်လို့သာ ဒီအဖွဲ့အစည်းတွေမှ လုံးလုံး မရှိတော့ဘူးဟေ့ဆိုရင် အခြေခံလူတန်းစားတွေက တော်တော်ကြီးကို ကျပ်တည်းသွားနိုင်တယ်။ အခြေခံ လူတန်းစားတင်မဟုတ်ဘူး SME လုပ်နေတဲ့ အငယ်စားလုပ်ငန်းရှင် တချို့တဝက်ပါ ကျပ်တည်းသွားနိုင်တယ်။ တကယ်တမ်းကျ ကျနော်တို့နိုင်ငံအတွက်က အပေါင်ပစ္စည်းမလိုဘဲနဲ့ အရစ်ကျပေးဆပ်လို့ရမဲ့ ချေးငွေမျိုးတွေ လက်တလောကာလမှာ အများကြီးလိုအပ်တယ်။ အခုလိုအခြေအနေဆိုးမှာ ပိုပြီးတော့တောင် လိုအပ်တာပေါ့။"

စစ်ကောင်စီလက်ထက် အသစ်ပြင်ဆင် ပြဋ္ဌာန်းထားတဲ့ အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေ
စစ်ကောင်စီလက်ထက် အသစ်ပြင်ဆင် ပြဋ္ဌာန်းထားတဲ့ အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာဥပဒေ

ကျန်တဲ့ နိုင်ငံတကာက အသေးစား ငွေချေးလုပ်ငန်းတွေကိုလည်း စစ်ကောင်စီက ထိန်းချုပ်မှုတွေ လုပ်နေပါတယ်။ ဒါပေမဲ့ သူတို့က ရုံးပိုင်းဆိုင်ရာ ဖွဲ့စည်းမှုတွေ၊ စစ်ကောင်စီနဲ့ အဆင်ပြေနိုင်မဲ့ သူတွေကို ထိပ်ပိုင်းအရာရှိပိုင်းမှာ အပြောင်းအလဲတွေလုပ်ပြီး လုပ်ငန်းကို ဆက်လည်ပတ်ကြပါတယ်။

စစ်ကောင်စီဟာ နိုင်ငံခြား ငွေကြေးဆိုင်ရာ ကိစ္စတွေအပါအဝင်၊ အဖွဲ့အစည်းတခုလုံးကို ထိန်းချုပ်ခွင့်ပေးရမယ်ဆိုတဲ့ အပေးအယူနဲ့မှ အသင်းအဖွဲ့အဖြစ် မှတ်ပုံတင်ခွင့် ပြုမှာပါ။ ဒီအချက်အလက်တွေဟာ စစ်ကောင်စီ အသစ်ပြန်ရေးဆွဲထားတဲ့ ၂၀၂၂ အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေမှာတောင် ရေးဆွဲထားတာမရှိဘူးလို့ တချို့ကပြောပါတယ်။ အသင်းအဖွဲ့ဥပဒေကို လက်ခံနိုင်ပေမဲ့ ဥပဒေပါ အကြောင်းအရာတွေဟာ အသင်းအဖွဲ့တခုလုံးရဲ့ ရပ်တည်မှုကို ထိခိုက်လာမယ်ဆိုရင်တော့ အရပ်ဘက်အဖွဲ့တွေ ပြည်တွင်းမှာ ရည်တည်ဖို့ ခက်ခဲလိမ့်မယ်လို့ အရပ်ဘက်အဖွဲ့တချို့က ဗွီအိုအေကို ပြောပါတယ်။ သင်္ဂဟကမ်းလက် ရက္ခိတအဖွဲ့ရဲ့ တာဝန်ခံတဦးကလည်း သူ့တို့အမြင်ကို အခုလိုပြောပါတယ်။

" ဘာပဲဖြစ်ဖြစ် ပြည်သူအတွက် အကျိုးရှိတဲ့ နည်းလမ်း၊ စည်းကမ်းတွေကို ကျနော်တို့လက်ခံတယ် ဒါပေမဲ့ အဲဒီထက်ပိုသွားလို့ အသင်းအဖွဲ့တခုလုံး ပျက်စီးသွားအောင်လို့ အဲလို ဥပဒေမျိုး၊ စည်းကမ်းမျိုးဆိုရင်တော့ ပြည်သူတယောက်အနေနဲ့ လက်ခံလို့မရဘူးဗျ။ ပြည်သူတွေကို အကျိုးပြုတဲ့ အသင်းအဖွဲ့ဆိုရင် အစိုးရအတွက်လည်း အထောက်အကူ ပြုတဲ့အတွက်လေနော့ အသင်းအဖွဲ့ အကုန်လုံးကို ထိန်းချုပ်တယ်ဆိုတဲ့ဟာတော့ ပြည်သူတယောက်အနေနဲ့ သိပ်လက်ခံလို့တော့ မရဘူးဗျ။"

အသင်းအဖွဲ့တွေနဲ့ ပတ်သက်ပြီး နဝတခေတ်မှာ '၁၉၈၈ အသင်းအဖွဲ့များ ဖွဲ့စည်းခြင်းဆိုင်ရာဥပဒေ' ကို စပြီး ရေးဆွဲခဲ့ပါတယ်။ ၂၀၁၄ ခုနှစ်မှာ 'အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ' ဆိုပြီး ပြန်ရေးဆွဲခဲ့ပါတယ်။ စစ်ကောင်စီတက်လာတဲ့နောက် ၂၀၂၂ အောက်တိုဘာ ၂၈ရက်မှာ 'အသင်းအဖွဲ့ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေ' ဆိုပြီး ငွေဒဏ်၊ ထောင်ဒဏ်တွေအပါအဝင် အဖွဲ့အစည်းတွေကို ထိန်းချုပ်နိုင်တဲ့ အချက်အလက်တွေကို ဖြည့်စွက်ခဲ့တာပါ။

တချို့ အရပ်ဘက် အဖွဲ့အစည်းတွေကတော့ ထိုင်းနယ်စပ်ကို ရွှေ့သွားပြီး အဲဒီကတဆင့် ပြည်တွင်းက စစ်ဘေးဒုက္ခသည်တွေကို ပြန်ပြီး ကူညီနေရပါတယ်။ နိုင်ငံတကာရဲ့ ငွေကြေးထောက်ပံ့တဲ့ ပုံစံလည်း အနည်းငယ် ပြောင်းလဲသွားနိုင်တယ်လို့ အများစုက ခန့်မှန်းထားကြပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG