သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

PGMF မြန်မာနိုင်ငံတွင်း အသေးစားချေးငွေလုပ်ငန်းတွေ ရပ်မည်  


Pact Myanmar လို့ လူသိများတဲ့ အမေရိကန်အခြေစိုက် Pact Global Microfinance Fund – PGMF အသေးစား ချေးငွေလုပ်ငန်း ကြော်ငြာတခု
Pact Myanmar လို့ လူသိများတဲ့ အမေရိကန်အခြေစိုက် Pact Global Microfinance Fund – PGMF အသေးစား ချေးငွေလုပ်ငန်း ကြော်ငြာတခု

အမေရိကန်အခြေစိုက် Pact Global Microfinance Fund – PGMF အသေးစား ချေးငွေလုပ်ငန်းက မြန်မာနိုင်ငံတွင်း ထုတ်ချေးထားတဲ့ အမေရိကန်ဒေါ်လာ သန်း ၁၅၀ကျော် အကြွေးတွေကို ဆုံးရှုံးခံပြီး ရပ်နားတော့မယ့် အကြောင်း ဒီသီတင်းပတ်ထဲမှာ ကြေညာလိုက်ပါတယ်။ စစ်ကောင်စီက နိုင်ငံခြားငွေ လဲလှယ်တာကို ချုပ်ကိုင်ထားသလို တင်းကျပ်တဲ့ အသင်းအဖွဲ့ ဥပဒေတွေ ချမှတ်ထားတာကြောင့် လုပ်ငန်းတွေလည်ပတ်ဖို့ ခက်ခဲလာတယ်လို့ ဘုတ်အဖွဲ့က သတင်းထုတ်ပြန်ထားတာပါ။ ရန်ကုန်ကပေးပို့တဲ့ ဒီအကြောင်း အပြည့်အစုံကို မမြသဇင်အောင် က ပြောပြမှာပါ။

မြန်မာစစ်ကောင်စီရဲ့ စည်းမျဉ်းအသစ်တွေနဲ့ လုပ်ငန်းပိုင်ဆိုင်မှုတွေ လွှဲပြောင်းပေးရမယ်ဆိုတဲ့ ဖိအားတွေကြောင့် မြန်မာနိုင်ငံတွင်း အကြီးဆုံး အသေးစား ငွေးချေးလုပ်ငန်းတွေကို ရပ်နားတော့မယ့်အကြောင်း PGMF ကတနင်လာနေ့ကပဲ ကြေညာလိုက်တာပါ။ မြန်မာပြည်တွင်းကနေ အခုလို ထွက်ခွာချိန်မှာ လူပေါင်း ၈၉၀,၀၀၀ ယူထားတဲ့ အမေရိကန်ဒေါ်လာ ၁၅၆ သန်းကျော် အကြွေးတွေကို လျှော်ပစ်သွားမယ်လို့ PGMF ဘုတ်အဖွဲ့ရဲ့ အကြီးအကဲဖြစ်တဲ့ Ellen Varney က ပြောပါတယ်။

PGMF ဟာ ပြည်တွင်းစီးပွားရေးကို ပံ့ပိုးပေးနေတဲ့ အသေးစား၊ အလတ်စား စီးပွားရေးလုပ်ငန်းတွေ၊ အထူးသဖြင့် အမျိုးသမီး လုပ်ငန်းရှင်တွေကို ငွေကြေး အဓိက ပံ့ပိုးပေးတဲ့အဖွဲ့ ဖြစ်ပါတယ်။ ဘဏ်စနစ်ကို အားကိုးလို့မရတဲ့ မြန်မာနိုင်ငံအတွက် PGMF လို အလွတ်ငွေ ချေးပေးနိုင်တဲ့ အဖွဲ့အစည်းတွေကိုပဲ အားထားနေရတာဖြစ်တယ်လို့ NGO တခုမှာ လုပ်ကိုင်နေတဲ့ စစ်တွေ ဒေသခံတဦးက ဗွီအိုအေကို ပြောပါတယ်။

"ဘယ်တိုင်းနဲ့ ပြည်နယ်မဆို ချမ်းသာတယ် ပြောလို့မရဘူး ရန်ကုန်ကလွဲလို့။ Pact ကပဲအဲဒါကို cover ဖြစ်အောင် လုပ်ပေးတာ။ ပြီးတော့ Pact ကနေ financial (ငွေကြေး) ပိုင်း စနစ်တကျ၊ အတိုးတွေ ဆပ်တတ်လာအောင်ရယ်... သူတို့က ငွေချေးတာသက်သက် မဟုတ်ဘူး၊ စည်းကမ်းတကျ အဲဒါကို သုံးစွဲတတ်အောင်၊ ဘဏ်မရှိဘဲ ဘဏ်စနစ်ကို အလုပ်လုပ်တာကိုး။ ငွေဝင်ရင် အရစ်ကျဘယ်လိုဆပ်ရလဲ အဲဒီအကျင့်တွေကနေ ယဉ်ပါးလာတယ်ပေါ့။ အဲဒီကနေ တဖက်ကမိသားစုရဲ့ ထုတ်ကုန်ကနေ စနစ်တကျ ငွေလှည့်ပတ် သုံးစွဲတတ်လာတယ်။ အဲလိုဖြစ်ဖို့ လုပ်နေတဲ့အချိန်မှာ အခုလို ထွက်သွားမယ်ဆိုတော့ ကျနော်တို့ အတော်လေးကို အခက်အခဲဖြစ်မယ်ဗျ။"

ကျေးလက်ဒေသတွေမှာ ပြင်ပအလုပ်အကိုင်မရှိကြတဲ့ အမျိုးသမီးတွေကို အိမ်တွင်းမှာ လုပ်ငန်းတွေ လုပ်ကိုင်နိုင်အောင် ပံ့ပိုးပေးနေတဲ့ PPGMF လို အဖွဲ့အစည်းကြီး မြန်မာနိုင်ငံထဲက အခုလို ထွက်သွားရတာဟာ ဆုံးရှုံးမှုတခုပါပဲလို့လည်း သူကပြောပါတယ်။ ငွေချေးချင်သူတွေ အတိုးကြီးကြီးနဲ့ ငွေချေးယူရတဲ့ အခြေအနေတွေ ပြန်ဖြစ်လာနိုင်ပြီး မိသားစု ဝင်ငွေ မလုံလောက်မှု တွေကနေ ကလေးငယ်တွေရဲ့ ပညာရေး၊ လူမှုရေး၊ ကျန်းမာရေး ပေါ် ရိုက်ခတ်တာတွေ ဖြစ်လာနိုင်တယ်လို့လည်း သူက ပြောပါတယ်။

"တကယ်လို့ အပြင်မှာချေးမယ်ဆိုရင် ကိုယ့်ဘက်က ပစ္စည်းပေါင်တွေဘာတွေ မပေးနိုင်ဘူးဆိုရင် ၂၀တိုး အဲလိုပေးရတာ။ အဲဒီတော့ သူတို့တွေရဲ့ အနေအထားက အင်မတန်ကို နိမ့်ကျသွားမယ့် အနေအထား ရှိတယ်။ Pact က အလုပ်လုပ်ဖို့ချေးတာ၊ နေ့ပြန်တိုးတို့က အလုပ်လုပ်ဖို့ချေးတာ မဟုတ်ဘူး၊ အဲဒါက စားရင်းသောက်ရင်းကို ကုန်သွားတာ၊ ဘာမှလုပ်ငန်းမလုပ်ရဘူး။ အဲဒီတော့ ပိုပြီးဆိုသွားတာပေါ့ အိမ်ပေါင်၊ ယာပေါင်၊ ရှိတာလေးတွေ အားလုံးပေါင်ပြီးတော့ နောက်ဆုံးဗျာ ဘယ်လိုဖြစ်လာမှန်းတောင် မသိဘူး။ အတော်ကို အခြေအနေဆိုးလာမဲ့ အနေအထား ရှိတယ်ဗျ။"

မြန်မာဘဏ္ဍာရေးဌာန၊ အသေးစားငွေရေးကြေးရေး ကော်မတီအောက်မှာ မှတ်ပုံတင်ထားတဲ့ အသေးစား ငွေချေးလုပ်ငန်းပေါင်း ၅၂၅ ခုရှိတယ်လို့ ၂၀၂၃ ဇန်နဝါရီလမှာ ထုတ်ပြန်တဲ့ ဌာနရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒီထဲမှာ နိုင်ငံတကာ INGO နဲ့ NGO တွေ၊ အစုစပ်နဲ့ ပြည်တွင်း Pact Myanmar ကုမ္ပဏီဆိုပြီး အမျိုးအစားတွေ ခွဲခြားထားပါတယ်။ PGMF ကတော့ နိုင်ငံတကာ INGO အမျိုးအစားဖြစ်ပြီး မြန်မာပြည်တွင်းမှာတင် ဝန်ထမ်းပေါင်း ၄,၀၀၀ ကျော် ခန့်ထားနိုင်တဲ့ အင်အားတောင့်တင်းတဲ့ အသေးစား ငွေချေးလုပ်ငန်းတခု ဖြစ်ပါတယ်။ အမေရိကန် နိုင်ငံတကာဖွံ့ဖြိုးရေး အေဂျင်စီ USAID ရံပုံငွေနဲ့ လည်ပတ်နေတဲ့ Pact ကုမ္ပဏီဟာ တခြား နိုင်ငံပေါင်း ၄၀ကျော် မှာလည်း ချေးငွေ ကူညီထောက်ပံ့တဲ့ လုပ်ငန်းတွေ လုပ်ကိုင်နေတာ ဖြစ်ပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG