သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အာဏာသိမ်းမှုကြောင့် မြန်မာ့ပညာရေး ဆုံးရှုံးမှုကြီးမား


NUG အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကျန်းမာရေးနဲ့ ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးကို ဗွီအိုအေစတူဒီယိုမှာ မအင်ကြင်းနိုင်က တွေ့ဆုံမေးမြန်း
NUG အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကျန်းမာရေးနဲ့ ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးကို ဗွီအိုအေစတူဒီယိုမှာ မအင်ကြင်းနိုင်က တွေ့ဆုံမေးမြန်း

အာဏာမက်မောတဲ့ စစ်အုပ်စုကြောင့် နိုင်ငံရဲ့ ဖွံဖြိုးစ ပညာရေးစနစ်ကြီးတခုလုံး ဖျက်စီးခံလိုက်ရကြောင်း မြန်မာနိုင်ငံတက္ကသိုလ် ပါမောက္ခချုပ်များကော်မတီ ဥက္ကဋ္ဌဟောင်း ဒေါက်တာဇော်ဝေစိုးက ဗွီအိုအေကို ပြောပါတယ်။ ၂၀၂၁ ဖေဖေါ်ဝါရီ စစ်အာဏာသိမ်းတာကို ဆန့်ကျင်တဲ့ အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM ကို ဦးဆောင်ခဲ့သူလည်းဖြစ် လက်ရှိ NUG အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကျန်းမာရေးနဲ့ ပညာရေးဝန်ကြီး ဒေါက်တာဇော်ဝေစိုးကို ဗွီအိုအေရုံးချုပ် စတူဒီယိုမှာ မအင်ကြင်းနိုင်က တွေ့ဆုံမေးမြန်းထားပါတယ်။

မေး ။ ။ မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာ စစ်အာဏာသိမ်းတာကို လက်မခံတဲ့ CDM လှုပ်ရှားမှုတွေ ရှိနေခဲ့တယ်။ အခု သူတို့ကျောင်းတွေ ပြန်ဖွင့်တာ၊ တဘက်မှာလည်း CDM လှုပ်ရှားတဲ့ အခြေအနေကလည်း ရှိနေတယ်။ နောက်ပြီး တက္ကသိုလ်ကျောင်းတွေမှာလည်း ပညာသင် တက်ရောက်တာတွေကလည်း နည်းတဲ့အပြင်၊ ဒေသအများစုမှာ ပဋိပက္ခတွေ ဖြစ်နေတဲ့အခါကြတော့ ကလေးတွေရဲ့ ပညာသင်ကြားခွင့်တွေကလည်း မရေမရာ ဖြစ်နေတာပေါ့။ အဲဒီတော့ မြန်မာနိုင်ငံမှာ ဒီတခေါက် စစ်အာဏာသိမ်းချိန်မှာ ပညာသင်ကြားခွင့် ဆုံးရှုံးနေတဲ့ အခြေအနေက ဘယ်လိုရှိသလဲရှင့်။

ဖြေ ။ ။ ပညာသင်ခွင့် ဆုံးရှုံးနေတဲ့ဟာက သိပ်ကိုကြီးမားတယ်။ ကျနော်တို့ ဒါကို တွေးမိလို့ပဲ ဒီတော်လှန်ရေးမှာ စစ်အာဏာရှင်နဲ့ စစ်အာဏာသိမ်းတဲ့လူတွေကို တော်လှန်ရခြင်း အကြောင်းရင်းနဲ့ အဓိက အထူးသဖြင့် ဆရာတွေ၊ ဆရာမတွေ CDM လုပ်တဲ့ ကျောင်းသားတွေရဲ့ မကျေနပ်ရခြင်းအကြောင်းရင်းက ဒါပဲ။ ကျနော်တို့နိုင်ငံရဲ့ ပညာရေးကို ဖျက်ဆီးပြစ်လိုက်တာ။ ကျနော်တို့နိုင်ငံရဲ့ အနာဂတ် generation တွေရဲ့ လမ်းကြောင်းကို တားဆီးလိုက်တာ၊ ဖျက်ပြစ်လိုက်တာ ဒါကြောင့်လဲ ဒီနေ့ တော်လှန်ရေးကို လုပ်ရခြင်းအကြောင်းရင်းက ဒါပဲလေ။ ဆိုတော့ တကယ်တော့ အခုလို ကမ္ဘာကြီးလိုက် AI, Communication တွေ ကောင်းလာပြီး၊ တကမ္ဘာလုံးက ရှေ့ကိုသွားနေတဲ့အချိန်မှာ ရပ်ပြစ်လိုက်တာ၊ နောက်ဆုတ်လိုက်တာ၊ ဒါကြောင့် တော်လှန်ရေး လုပ်နေတာ။

ဆိုတော့ ဒါနဲ့ပတ်သက်ရင် အခုအခြေအနေ ၂ နှစ်ကျော်သွားတဲ့အခါမှာ ပြန်သုံးသပ်ကြည့်ရင် မြန်မာနိုင်ငံမှာ ဧရီယာ ၃ မျိုး ကွဲနေတယ်။ တခုက ထိန်းချုပ်ဒေသ၊ လွတ်မြောက်ဒေသတွေ ရှိတယ်။ နောက်တခုကတော့ တဘက်နဲ့တဘက် အပြန်အလှန် တိိုက်ပွဲတွေ ဖြစ်နေပြီးတော့ သူတို့ဘက်က ရွာတွေ မီးရှို့လိုက်၊ သူတို့ထွက်လာပြီး လူတွေသတ်လိုက် လုပ်နေတဲ့ နေရာတွေ ရှိတယ်။ နောက်တခုကတော့ ရန်ကုန်၊ မန္တလေးလို နေရာတွေ ရှိတယ်။ အဲဒီနေရာ ၃ ခုပေါ် မူတည်ပြီး ပညာရေးက မတူနိုင်ဘူးပေါ့။ တကယ်တော့ လွတ်မြောက်ဒေသတွေမှာတော့ ပညာရေးက federal principle တွေနဲ့တောင် အကောင်အထည် ဖော်နိုင်တဲ့နေရာတွေ ရှိတယ်။ အားလုံးသိတဲ့အတိုင်း ကချင်၊ ကရင်နီတို့မှာ တက္ကသိုလ်တွေတောင် ဖွင့်ပြီး သွားနေတာ ရှိတယ်။

တိုက်ပွဲတွေ ဖြစ်နေတဲ့နေရာတွေမှာတော့ မြေပြင်မှာ တကယ်တမ်းတော့ အဲဒီနေရာတွေရဲ့ services တွေ အများဆုံးနေရာ။ အဲဒီနေရာတွေရဲ့ services တွေက NUG နဲ့ ပြည်သူကပဲ ပေးနေရတာ။ သူတို့ဘက်က ဘာမှမပေးဘူး။ မပေးလည်း မပေးနိုင်ဘူး။ ပေးဖို့လည်း မရှိဘူး။ အဲဒီလို ဖြစ်နေပြီးတော့ ရန်ကုန်၊ မန္တလေးလို နေရာတွေမှာတော့ သူတို့ဘက် စစ်ကျွန်ပညာရေး၊ normalize ဖြစ်နေပါပြီဆိုတာကို ပြချင်လို့ လုပ်နေတာပဲ ရှိတယ်။ စာလည်းကောင်းကောင်းသင်တာ မဟုတ်ဘူး။ တကယ်ပညာရေးကို ပေးနေတာလည်း မဟုတ်တဲ့အတွက် တကယ်တမ်း ထိရောက်မှုတွေက ဘာမှမရှိဘူး။ ကိုယ့်ဘက်ကတော့ ကြိုးစားပြီး လုပ်နေတဲ့ အနေအထားဖြစ်တယ်။ ဒါက လက်ရှိ ပညာရေးကို သုံးသပ်ကြည့်ရင်ပေါ့။

နောက်တခုကတော့ CDM လုပ်နေတဲ့လူတွေ ဆက်ပြီးရှိနေသလို၊ တော်တော်များများက displace ဖြစ်သွားတယ်။ ရွေ့သွားကြတယ်။ နယ်စပ်ဒေသတွေ သန်းနဲ့ချီပြီးတော့ ရွေ့သွားကြတယ်။ အဲဒါတွေလည်း ရှိသလို၊ နိုင်ငံတကာကို ရောက်သွားတဲ့လူတွေလည်း ရှိတယ်။ ပညာတပိုင်းတစနဲ့ အဲဒီလို ဖြစ်နေတာကို အခုအချိန်မှာ ကျနော်တို့ NUG နဲ့ တိုင်းရင်းသားပညာရေး အဖွဲ့အစည်းတွေ လက်တွဲပြီးတော့ ကြိုးစားပြီးလုပ်နေတယ်။ နိုင်ငံတကာရဲ့ အကူအညီတွေကိုရအောင် ကြိုးစားပြီးလုပ်ပြီးတာတွေကို အကောင်အထည်ဖော်နေတယ်ဆိုတဲ့ အနေအထား ဖြစ်နေတာပေါ့။ ဒါပေမဲ့ တကယ်တမ်း တစုံလုံးတခုလုံးကို ခြုံသုံးသပ်ရရင်တော့ ကျနော်တို့ generation အတွက်တော့ တကယ်ကို ဆုံးရှုံးမှုကြီးပါ။

မေး ။ ။ အဲဒီတော့ အခု NUG အစိိုးရအနေနဲ့ ဒီတခေါက် စစ်အာဏာသိမ်းတာရဲ့ ထူးခြားချက်မှာလည်း ဆရာတို့ဘက်ကလည်း ယှဉ်ပြိုင်ပညာရေးစနစ် ပုံစံမျိုးနဲ့ online ပညာရေးစနစ်တွေနဲ့ လူငယ်တွေအတွက်ကို အခြားရွေးချယ်နိုင်တဲ့ နည်းလမ်းတွေအနေနဲ့ သင်ကြားပို့ချတာတွေကို ကြိုးစားနေတဲ့အပိုင်းမှာ တကယ်ပဲ ထိရောက်မှု ရှိသလား။ ဘယ်လောက်အထိ ထိရောက်မှုတွေ ရှိနေသလဲ။

ဖြေ ။ ။ ထိရောက်မှု ရှိသလားဆိုရင် စောစောက ကျနော် ပြောသလိုပဲ တကယ့်ကို စိတ်ဓါတ်နဲ့ အကောင်အထည် ဖော်နေတာ ဖြစ်တဲ့အတွက် ထိရောက်မှုကို ရှိသင့်သလောက် ရှိတယ်လို့ ဖြေလို့ရတယ်။ ဒါ့အပြင် ကြိုးစားပြီး လုပ်နေတာကို ဥပမာတခု ပြောရရင် ကျနော်လည်း ပြောလေ့ပြောထ ရှိတယ် -basic education completion assessment - အသက်အရွယ်လိုက် ပညာရေးကို လုပ်ပေးမယ်။ ပြီးရင် အသက် ၁၇ နှစ် ၁၈ နှစ် ရောက်တဲ့အချိန်မှာ အခြေခံပညာ ပြီမြောက်ကြောင်း စာမေးပွဲ assessment လုပ်ပေးမယ်။ အဲဒါကို ကျနော်တို့ အခုလုပ်တဲ့အခါမှာ ဒါကို အားလုံးကြားရင်ကြားမယ်၊ သိရင်သိမယ်။ အောင်မြင်တယ်ပေါ့။ ဘာဖြစ်လို့လည်းဆိုတော့ PDF တွေတောင် ဝင်ဖြေလို့ရတယ်။ Digital Electronic နဲ့ online လည်း ဖြေလို့ရတယ်။ digital box တွေနဲ့လည်း ဖြေလို့ရတယ်။ အဲဒါတွေကို ဝိုင်းပြီးဖြေကြတယ်။ ခုနှစ်သောင်း ရှစ်သောင်းကျော် အခုဖြေထားတာ - ပထမတကြိမ် စစ်တဲ့ဟာ။ အဲဒီစာမေးပွဲရဲ့ - စာမေးပွဲဆိုပေမဲ့ အောင်-ရှုံးဆိုတာ မရှိဘူး။ အမှတ်စာရင်းပဲ ထွက်တယ်။ အရင်တုန်းကလို ဆယ်တန်းမအောင်လို့ ဘဝ ဘာညာဖြစ်တယ်ဆိုတာ မရှိတော့တဲ့အပြင်၊ အဲဒီ scoring ကို ကိုယ်ကျေနပ်ရင် ယူသွားပြီး၊ မကျေနပ်ရင် ထပ်ဖြေလို့ရတဲ့ စနစ် ကျနော်တို့ လုပ်ထားတယ်။ ဒါက နိုင်ငံတကာမှာ လုပ်တဲ့ပုံစံမျိုး။ အဲဒီဟာကို ဒီမှာလာဆွေးနွေးတော့ သူတို့တွေအနေနဲ့ အသိအမှတ်ပြုတယ်။ ဒီကတက္ကသိုလ်တွေ အနေနဲ့ဆိုတော့။ အဲဒါတွေက ကျနော်တို့ ပညာရေး အခြေခံနဲ့ အဆင့်မြင့် ချိတ်ဆက်တဲ့ဟာပေါ့။ တကယ်တမ်းကြတော့ ကျနော်ကတော့ အားရတယ်။ အောင်မြင်တယ်လို့ ထင်တဲ့အပြင်၊ နိုင်ငံတကာကလည်း အခုလိုမျိုး ဆွေးနွေးတယ်။ အခု ကျနော်တို့ရဲ့ assessment လုပ်တဲ့ ပုံစံတွေကို ကြည့်ပြီးတော့ အဲဒီလူတွေကို ဒီဘက်ကို ပေါင်းကူးခွင့်၊ ဒါနဲ့ပတ်သက်ပြီး ဆက်ပြီးတော့ သင်ကြားခွင့်တွေ ရမယ်ဆိုရင် ကျနော်တို့ရဲ့ ပညာရေး အကောင်အထည်ဖော်မှုက အောင်မြင်နေတယ်လို့ ကျနော်မြင်တယ်။

မေး ။ ။ အဲဒီတော့ တကယ်လို တက္ကသိုလ် ကျောင်းသူကျောင်းသားတွေ မြန်မာနိုင်ငံတွင်းမှာ ရှိနေတဲ့ တက္ကသိုလ် ကျောင်းသူကျောင်းသားတွေက ဒီလို NUG က စီစဉ်ပေးတဲ့ online ဘာသာရပ်တွေကို သင်ကြားခွင့်ရမယ်၊ လေ့လာခွင့်ရပြီးတဲ့အခါမှာ သူတို့ကို လက်ခံမယ့် တက္ကသိုလ်တွေကို ဆက်သွားဖို့ လူကိုယ်တိုင်မဟုတ်တောင်၊ online ကနေ သင်ကြားနိုင်မယ့် အနေအထားမျိုး တက္ကသိုလ်တွေဘက်က လက်ခံတာ ဘယ်လောက်အထိ အခြေအနေရှိပြီလဲ။

ဖြေ ။ ။ ကျနော် ဒီကို ရောက်နေရခြင်းအကြောင်းရင်းထဲမှာ VOA ဖြေထားတယ်။ အကြောင်းရင်းတခုက ဒါပဲ။ ဘာဖြစ်လို့လဲဆိုတော့ ပညာရေး အကောင်အထည်ဖော်မှုမှာ NUG နဲ့ တိုင်းရင်းသား ပညာရေးအဖွဲ့အစည်းတွေနဲ့ စုပေါင်းပြီး အကောင်အထည်ဖော်နေတဲ့ ပညာရေးကို နိုင်ငံတကာ ပညာရေးနဲ့ ချိတ်ဆက်လို့ရအောင်၊ အသိအမှတ်ပြုမှုရအောင် ဥရောပမှာလည်း ဒါကို ဆွေးနွေးခဲ့တယ်။ ဆွေးနွေးတဲ့ တက္ကသိုလ်တိုင်းက ဒီဟာကို သူတို့အနေနဲ့ ချိတ်ဆက်မှုပေးဖို့အတွက် သဘောတူတယ်။ ဒါတွေကို ဆက်ပြီးတော့ ဆွေးနွေးရမှာတွေ ရှိတာပေါ့။ ဥပမာအားဖြင့် ပြောရရင် စောစောက BECA ကို ပြန်ပြောရင် ဒါကို သူတို့အသိအမှတ်ပြုပြီး၊ အဲဒီကနေ ဒီဘက်တက္ကသိုလ်တွေကို ချိတ်ဆက်ပြီး online ပဲဖြစ်ဖြစ်၊ onground ပဲဖြစ်ဖြစ်၊ face-to-face ချိတ်ဆက်ဖို့အတွက် သူတို့တွေနဲ့ သဘောတူတယ်။ လိုအပ်ရင် ဒါနဲ့ပတ်သက်ပြီးတော့ assessment သဘောမျိုးတော့ လုပ်မှာပေါ့။ entry အတွက်။ ဒါကတော့ ဘယ်တက္ကသိုလ်မဆို အင်တာဗျူးတို့ ဘာတို့နဲ့ ချိတ်ဆက်ဖို့အတွက် entry လုပ်တဲ့သဘောမျိုး သဘောတူတယ်ဆိုတော့ ဘာပဲဖြစ်ဖြစ် ဒီ quality ကို assessment ကို အသိအမှတ်ပြုပြီး သူတို့ဆီက စာမေးပွဲတခုကို ဖြေခွင့်ရမယ်ဆိုတဲ့ အနေအထားတော့ အနည်းဆုံးတော့ ရနေတယ်။ သူတို့နဲ့ သဘောတူညီချက်တွေ ရှိနေတယ်ဆိုတော့ ကျနော်တော့ ဒါကို အားရမိတယ်။

မေး ။ ။ စစ်အာဏာသိမ်းတာ (၃) နှစ်နီးပါး ကြာလာပြီဆိုတော့ ဆရာတို့ အခု ပညာရေးလုပ်ငန်းတွေ လုပ်တဲ့အခါမှာ ရလဒ် ရာခိုင်နှုန်းအရ ဘယ်လောက်လောက် ရှိလာပြီလဲ။

ဖြေ ။ ။ ပြောဖို့တော့ ခက်ပါတယ်။ ရာခိုင်နှုန်းအရ။ ဒါကြောင့်လဲ ကျနော်တို့ အားလုံးသိမယ်ထင်တယ်။ စစ်ကိုင်းကို survey team လွှတ်လိုက်တယ်။ စစ်ကိုင်းမြေပြင်မှာ ဒါတွေကို survey လုပ်နေတယ်။ ဘယ်လောက်အထိ အကောင်အထည် ဖော်နိုင်သလဲ။ ကလေးဘယ်နှစ်ယောက်က ဒီပညာရေးထဲကနေ လွတ်နေသလဲ။ သူတို့ ဘယ်လောက်အထိ သင်ကြားမှုတွေ ရသလဲဆိုတာကို ကျနော်တို့ survey လုပ်ထားတယ်။ ဒါက တနေရာပေါ့။ တကယ်တော့ အဲဒါမျိုးတွေ အများကြီးလုပ်ဖို့ ကျနော်တို့ လိုတယ်။ ဒါမှသာလျှင် ကျနော်တို့က generation တခုလုံး မပျောက်သွားအောင်ရယ်။ ဒီ generation ထဲမှာ ရသင့်ရထိုက်တဲ့ ပညာရေးရအောင်ရယ်။ နောက်အတွက်လည်း plan လုပ်နိုင်အောင် အဲဒါတွေ ကျနော်တို့ အခု လုပ်နေတယ်။ အဲဒီကနေ ထွက်လာတဲ့ဟာ တကယ် မြေပြင်အခြေအနေမှန်ကို သိပြီး အကောင်အထည်ဖော်မှသာ ထိထိရောက်ရောက် ဖြစ်မှာ။ အဲဒါကို ကျနော်တို့ လုပ်နေတယ်။ လုပ်နေတဲ့အပြင် အခုလည်းပဲ ရသမျှအားနဲ့ online အနေအထားအရ ဒီနေ့ တိုးတက်ပြောင်းလဲမှုတချို့ ရှိနေတာကို သတိထားမိလိမ့်မယ်။ အရင်တုန်းကတော့ စကစအောက်မှာ ရှိနေတဲ့ online ကို internet access ကို သုံးရတယ်။ အခုတော့ starlink လိုမျိုး စပြီး တော်တော်များများနေရာတွေမှာ ရလာတာဟာ ကျနော်တို့ ပညာရေး အကောင်အထည်ဖော်မှုအတွက်တော့ တအားဖြစ်စေလိမ့်မယ်။ စောစောကပြောသလိုုပဲ ဒီမိုကရေစီ ပညာရေး၊ ဖက်ဒရယ် ဒီမိုကရေစီ ပညာရေးကို အကောင်အထည်ဖော်တဲ့ နေရာမှာ ဒီစစ်ကျွန်ပညာရေးကို ဆန့်ကျင်တဲ့နေရာမှာ အားကောင်းစေမယ်လို့ ကျနော် မြင်ပါတယ်။

မေး ။ ။ အဲဒီတော့ အမေရိကန်အစိုးရက ပညာရေးပိုင်းနဲ့ ပတ်သက်လို့ ဘယ်လိုပုံစံမျိုးနဲ့ ပံ့ပိုးကူညီဖို့ ဆရာတို့ဘက်မှာ မြင်သလဲ။ ဥပမာ မြန်မာပြည်မှာဆိုရင် ပါရမီလိုမျိုး ကိုယ်ပိုင်တက္ကသိုလ်တွေ ရှိမယ်။ နောက် ပညာရေးလုပ်နေတဲ့ စောစောကပြောတဲ့ တိုင်းရင်းသားအဖွဲ့အစည်းတွေလည်း ရှိတယ်။ ဆရာတို့လည်း NUG လည်း ရှိတဲ့အခါကြတော့ ပညာရေးလုပ်ငန်းတွေနဲ့ ပတ်သက်ရင် အမေရိကန်အစိုးရက ပံ့ပိုးတဲ့အပိုင်းမှာ ဘယ်လိုပုံစံမျိုးနဲ့ ဒါတွေကို ထိထိရောက်ရောက်ဖြစ်အောင် လုပ်စေသင့်တယ်လို့ မြင်သလဲ။

ဖြေ ။ ။ တကယ်တော့ စောစောက အဖွဲ့အစည်းတွေအကုန်လုံး၊ စောစောကကျောင်းတွေ၊ ပညာရေး အကောင်အထည်ဖော်နေတဲ့ ဝန်ဆောင်မှုတွေ ပေးနေတဲ့ အဖွဲ့အစည်းတွေ အကုန်လုံးနဲ့ ချိတ်ဆက်ပြီး ဆောင်ရွက်သင့်တယ်။ ဆောင်ရွက်လည်း ဆောင်ရွက်ဖို့ ကြိုးစားနေတယ်။ ဆောင်ရွက်ဖို့လည်း ကျနော်တို့ဘက်ကလည်း ဒါကို organize လုပ်ပြီး သွားနေတယ်။ တိုင်းရင်းသားပညာရေး အဖွဲ့အစည်းတွေနဲ့ ထိဆက်တယ်။ CBO, CSO တွေနဲ့ ထိဆက်တယ်။ စောစောကပြောတဲ့ Spring University, ပါရမီတို့နဲ့ အကုန်ချိတ်ဆက်တယ်။ အဲဒီဟာတွေထဲမှာ ကျောင်းသားတွေက ရှိနေတယ်။ ကျောင်းသားတိုင်းကို ကျနော်တို့ ပညာရေးဝန်ဆောင်မှု၊ ပညာရေးခံစားမှု၊ အခုနပြောတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပညာရေး ပြောင်းလဲမှုကို ပေးနိုင်ဖို့အတွက်က အမေရိကန်အစိုးရအနေနဲ့ အမေရိကန်အကူအညီတွေအနေနဲ့ အားလုံးနဲ့ ထိဆက်ချိတ်ဆက်ပြီး ဆောင်ရွက်သင့်တယ်။ Coordinate ဖြစ်ဖို့လည်း လိုတယ်။ ဒါကြောင့်လဲ အားလုံးသိချင်သိမယ်၊ ကျနော်တို့ NUG အနေနဲ့ IACC ဆိုတာ ရှိတယ်။ International Aid Coordination Commission သမ္မတ ဦးဆောင်ပြီး ရှိတယ်။ အဲဒါကနေ တိုင်းရင်းသားအဖွဲ့အစည်းတွေ၊ ပညာရေးအဖွဲ့အစည်းတွေနဲ့လည်း ထိဆက်ချိတ်ဆက်ပြီးတော့၊ ဆွေးနွေးပြီးတော့ အားလုံး သဘောတူညီထားတဲ့ proposal သဘောမျိုး USAID, NDAA တို့ထဲမှာ ထည့်ထားတာ ရှိတယ်။ အလားတူပဲ စောစောကပြောတဲ့ CBO, CSO တွေနဲ့ ချိတ်ဆက်ထားတယ်။ တဘက်ကလည်း coordinate ဖြစ်ပြီးတော့ ဒါတွေကို တောင်းဆို စီစဉ်ထားတာတွေ ရှိသလို၊ ဒီဘက် အမေရိကန်အနေနဲ့လည်း တက္ကသိုလ်တွေ အားလုံးနဲ့ပေါင်းပြီး တကယ့် coordinate ဖြစ်တဲ့ဟာဆိုရင် ပိုပြီးတော့ effecitve, efficient ဖြစ်တဲ့ ပညာရေးပြုပြင်ပြောင်းလဲ အကောင်အထည်ဖော်မှုနဲ့ တကယ်လိုအပ်နေတဲ့ အခုအချိန်မှာ တပိုင်းတစ ပညာရေးဖြစ်နေတဲ့ CDM ကျောင်းသားတွေအတွက်တော့ အကောင်းဆုံး ဖြစ်နိုင်လိမ့်မယ်လို့ ကျနော် ယုံကြည်တယ်။ ဒါကြောင့် အဲဒါကို ကျနော်တို့ အခုအချိန်မှာ ဒီရောက်တဲ့အချိန်မှာကော၊ မတိုင်ခင်ကရော NUG အနေနဲ့၊ တိုင်းရင်းသားအဖွဲ့အစည်းတွေအနေနဲ့ အားလုံး ဒါကိုတွန်းပြီးတော့ အမေရိကန်အစိိုးရကိုလည်း ဒီနေရာမှာ ကြုံတုန်း၊ တခါတည်း request လုပ်လိုက်ချင်တာပေါ့။ USAID တို့ ဒီလိုမျိုး ကျနော်တို့ကို စီစဉ်ပါ၊ ကူညီပါ။ ဒါဟာ တကယ်တမ်းတော့ ကျနော်တို့နိုင်ငံအတွက် သိပ်အရေးကြီးပါတယ်။ အခုလို ဖက်ဒရယ် ဒီမိုကရေစီ transition မှာ အရေးကြီးဆုံးက ပညာရေးပါ။ တကယ် နောင်နှစ်ပေါင်းများစွာ တည်တန့်ခိုင်မြဲအောင် ပြုလုပ်နိုင်မှာက စီးပွားရေးတွေ၊ ကျန်တဲ့အရေးတွေထက် ပညာရေးက ပိုအရေးကြီးပါတယ်။ ပညာရေးက ပြုပြင်ပြောင်းလဲ ခိုင်မာမယ်ဆိုရင် ကျနော်တို့တွေရဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးကလည်း ခိုင်မာတဲ့အပြင်၊ နိုင်ငံရဲ့ သာယာဝပြောမှုတွေ၊ အားလုံးက ဒီအပေါ်မှာ အခြေခံပါတယ်။

XS
SM
MD
LG