သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာကို ဒေါ်လာ သန်း ၃၅၀ IMF အရေးပေါ် ချေးပေးမည်


မှတ်တမ်းဓါတ်ပုံ- ၂၀၁၇ ဇူလိုင် ၁၂ ရက်နေ့တုန်းက IMF အဖွဲ့ရဲ့ ဒုတိယစီမံခန့်ခွဲမှု ဒါရိုက်တာ Mitsuhiro Furusawa ကို IMF အစည်းအဝေးတွင်တွေ့ရစဉ်
မှတ်တမ်းဓါတ်ပုံ- ၂၀၁၇ ဇူလိုင် ၁၂ ရက်နေ့တုန်းက IMF အဖွဲ့ရဲ့ ဒုတိယစီမံခန့်ခွဲမှု ဒါရိုက်တာ Mitsuhiro Furusawa ကို IMF အစည်းအဝေးတွင်တွေ့ရစဉ်

(Zawgyi/Unicode)

ကိုရိုနာဗိုင်းရပ်စ်ကြောင့် စီးပွားရေး အထိနာနေတဲ့ မြန်မာနိုင်ငံကို အမေရိကန်ဒေါ်လာ သန်း ၃၅၀ အရေးပေါ် ချေးငွေ ပေးအပ်ဖို့ နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ (IMF) အမှုဆောင်ဘုတ်အဖွဲ့က အတည်ပြုဆုံးဖြတ်လိုက်ပါတယ်။

မြန်မာနိုင်ငံရဲ့ ငွေပေးငွေယူ ရှင်းတမ်းမှာ အပူတပြင်း လိုအပ်ချက်တွေရှိနေတာကြောင့် အခုလို ဒုတိယ အကြိမ် ချေးငွေထုတ်ပေးဖို့ ဆုံးဖြတ်လိုက်တာလို့လည်း IMF အဖွဲ့ရဲ့ ဇန်နဝါရီလ ၁၃ ရက်နေ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

IMF ရဲ့ အရေးပေါ် အကူအညီပေးရေး အစီအစဉ်က မြန်မာနိုင်ငံအတွင်း COVID 19 ကြောင့် ဖြစ်ပေါ်နေတဲ့ စီးပွားရေးနဲ့ လူမှုရေး သက်ရောက်မှုတွေကို လျော့ပါးအောင် လုပ်ပေးမယ့်နည်းတူ အကာအကွယ်မဲ့ အားနည်းသူတွေကို ပံ့ပိုးနိုင်လိမ့်မယ်လို့လည်း IMF က ပြောပါတယ်။

အခု IMF ရဲ့ ချေးငွေက ဒုတိယအကြိမ်မြောက် ချေးငွေ ဖြစ်ပါတယ်။ ၂၀၂၀ ပြည့်နှစ်၊ ဇွန်လတုန်းကလည်း အမေရိကန်ဒေါ်လာ ၃၅၆ ဒဿမ ၅ သန်း ချေးငွေပေးအပ်ခဲ့တာကြောင့် ကိုဗစ်ဒဏ် ကုစားရေး IMF က ပေးအပ်ထားတဲ့ ချေးငွေ ပမာဏ စုစုပေါင်း ဒေါ်လာ သန်း ၇၀၀ ရှိပြီဖြစ်ပါတယ်။

ပထမအကြိမ် ပေးအပ်စဉ်က IMF ရဲ့ အရေးပေါ် အကူအညီပေးရေး အစီအစဉ် နှစ်ခုကနေ ပေးအပ်တာဖြစ်ပြီး IMF က အကူအညီ ပေးရာမှာ ကြိုတင် သတ်မှတ်ချက်စည်းကမ်း တခုဖြစ်တဲ့ မြန်မာ့စီးပွားရေး ပြုပြင်ပြောင်းလဲရေး ကိစ္စကို IMF နဲ့ အချိန်ကြာ စေ့စပ် ညှိနှိုင်းစရာမလိုဘဲ ပေးအပ်တာလည်း ဖြစ်ပါတယ်။

အခုတကြိမ်မှာလည်း မြန်မာနိုင်ငံရဲ့ မေတ္တာရပ်ခံချက်ကို အခြေခံပြီး အမှုဆောင် ဘုတ်အဖွဲ့က ဆွေးနွေးခဲ့တာ ဖြစ်ပါတယ်။ ဆွေးနွေးပွဲအပြီး IMF အဖွဲ့ရဲ့ဒုတိယ စီမံခန့်ခွဲမှု ဒါရိုက် တာ Mitsuhiro Furusawa ရဲ့ ထုတ်ပြန်ချက်မှာ COVID 19 ဒုတိယလှိုင်း ကြောင့်မြန်မာ့စီးပွားရေးထိခိုက်နေပြီး အသွားအလာပိတ်ပင်တာ၊ ခရီးသွားလုပ်ငန်းကျဆင်းတာနဲ့ ကုန်ပစ္စည်းထောက်ပို့မှုလမ်းကြောင်း Supply Chain တွေ ပြတ်တောက်ကုန်တာတွေ ဖြစ်ပေါ်နေတယ်လို့ ပြောပါတယ်။

အခုပေးအပ်တဲ့ ချေးငွေက COVID 19 ကြောင့် အပူတပြင်း လိုအပ်နေတဲ့ မြန်မာ့ ဘဏ္ဍာငွေကြေး အခြေအနေကို ကုစားရာမှာ အထောက်အကူ ဖြစ်စေလိမ့်မယ်လို့လည်း Mitsuhiro Furusawa က ပြောပါတယ်။

တိုက်ရိုက် လင့်ခ်


..........


(Unicode)








XS
SM
MD
LG