သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ညောင်ပင်ကြီးရဲစခန်းတိုက်ခိုက်ခံရပြီးနောက် စစ်ကောင်စီလေကြောင်းသုံးပစ်ခတ်


Google Earth ဂြိုဟ်တုက တွေ့မြင်ရတဲ့ ဆားလင်းကြီးမြို့နဲ့ အနီးတဝိုက်နေရာများ (ဇန်နဝါရီ ၁၇၊ ၂၀၂၃)
Google Earth ဂြိုဟ်တုက တွေ့မြင်ရတဲ့ ဆားလင်းကြီးမြို့နဲ့ အနီးတဝိုက်နေရာများ (ဇန်နဝါရီ ၁၇၊ ၂၀၂၃)
မုံရွာတဖက်ကမ်း ဆားလင်းကြီးမြို့နယ်၊ ညောင်ပင်ကြီးရဲစခန်းတိုက်ခိုက်ခံရတဲ့နောက် စစ်ကောင်စီတပ်က လေကြောင်းက တန်ပြန်ပစ်ခတ်ရာမှာ အရပ်သားနှစ်ဦးသေဆုံးတယ်လို့ ဒေသတွင်းပြည်သူ့အုပ်ချုပ်ရေး အဖွဲ့တွေက ပြောပါတယ်။ နေအိမ်တွေမီးရှို့ခံရတာရှိသလို ကျေးရွာထဲ စစ်တပ်က တပ်စွဲထားတဲ့အတွက် ဒေသခံတွေ နေအိမ်မပြန်နိုင်ကြဘူးလို့လည်းသိရပါတယ်။ ညောင်ပင်ကြီးကျေးရွာအခြေအနေ သတင်းပေးပို့ချက်ကို ကိုသားညွန့်ဦး ပြောပြပါမယ်။
မုံရွာတဖက်ကမ်းမှာရှိတဲ့ ညောင်ပင်ကြီးကျေးရွာရဲစခန်းကို ဒေသခံကာကွယ်ရေး ပူးပေါင်းအဖွဲ့တွေက ဇွန်လ ၉ ရက် ညနေပိုင်းမှာ ဝင်ရောက်တိုက်ခိုက်ခဲ့တာပါ။ တိုက်ခိုက်ခံရပြီးနောက်မှာ စစ်တပ်ဘက်က ရဲစခန်း အနီးတဝိုက်နဲ့ ကျေးရွာထဲကို လေကြောင်းကနေ ပစ်ခတ်ခဲ့တဲ့အတွက် အရပ်သား ၂ ဦး သေဆုံးခဲ့ရတယ်လို့ ဒေသခံအုပ်ချုပ်ရေးအဖွဲ့တွေကပြောပါတယ်။
တိုက်ပွဲဖြစ်တဲ့ ဇွန် ၉ ရက်မှာ နေအိမ်အချို့မီးရှို့ခံခဲ့ရသလို ဇွန် ၁၂ ရက် မနက်ပိုင်းကလည်း နေအိမ်တွေ ထပ်ပြီး မီးရှို့ခံရတာရှိတယ်လို့ ဆားလင်းကြီး ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတဦးက ပြောပါတယ်။
“ဒေသခံတွေက စဖြစ်ဖြစ်တဲ့နေ့က လေယာဉ်လာတာပေါ့ဗျာ။ လေယာဉ်လာပြီး ကြဲသွားတာဆိုတော့ တယောက်ကတော့ လေယာဉ်(ကျည်) မှန်ပြီး သေသွားတယ်။ နောက်တယောက်ကလည် အစမှန်ပြီး သေတာ အမောဆို့သွားတာပေါ့။ အစမှန်ရင်း အမောဆို့ပြီး သေသွားတာ။ စတိုက်ပွဲဖြစ်တဲ့နေ့ တိုက်ပွဲဖြစ်တာ ညနေလောက် ဖြစ်တယ်ဆိုရင် ဒီကောင်တွေ ညလာပြီးတော့ မီးရှို့သွားသေးတာပဲ။ နောက်ရက်တွေကြတော့ တောက်လျှောက်ပဲမီးရှို့တော့တာ။ အခုချိန်ထိရှို့တုန်းရှိသေးတာ။ ဒီနေ့ထိဆိုရင် ၁၀၀/၉၀ လောက် ပါလောက်တယ်။”
ဒေသခံတွေဟာ ကျေးရွာထဲမှာ စစ်တပ်တပ်စွဲထားတဲ့အတွက် နေရပ်မပြန်နိုင်တာကြောင့်၊ မီးလောင်တဲ့ နေအိမ်အရေအတွက်အတိအကျတော့ မသိရပါဘူး။ ညောင်ပင်ကြီးရွာခံတဦးကတော့ ပစ်ခတ်မှုတွေကြောင့် နေအိမ်မပြန်ရဲသေးတာလို့ ပြောပါတယ်။
“ရွာလည်း ပြန်မဝင်ရဲသေးဘူး အခုလည်း ပစ္စည်းလေးတွေ ပြန်ယူတယ် ပြန်ယူတော့ အယူမခံဘူးပေါ့။ သေနတ်တွေ တဒိုင်းဒိုင်းနဲ့ပစ်နေတော့ ပြန်ထွက်လာခဲ့တယ်။ ကျွန်မတို့လည်း ပြန်ဝင်လို့မရသေးဘူး။ အဝေးတွေမှာပဲ။ အခုဟာ သူတို့စစ်သားတွေမရှိတဲ့နေရာ နည်းနည်းဝေးတဲ့နေရာ အိမ်လေးဘာလေးတွေက ပစ္စည်းလေးဘာလေးပြန်ယူ သတင်းလေးတွေထောက် အဲ့လိုလေးတွေတော့ လှမ်းမေးနေရတယ်”
ညောင်ပင်ကြီးရွာဟာ အိမ်ခြေ တထောင်နီးပါးရှိတာပါ။
ညောင်ပင်ကြီး ရဲစခန်း တိုက်ခိုက်ခံရမှုကို စစ်တပ်ဘက်က သတင်းထုတ်ပြန်ထားတာ မရှိပေမယ့် ကာကွယ်ရေး အဖွဲ့တွေထုတ်ပြန်ချက်မှာတော့ စစ်တပ်ဘက်က ၁၀ ဦးထက်မနည်းသေဆုံးခဲ့ပြီး ကာကွယ်ရေး အဖွဲ့တွေဘက်ကလည်း ၁ ဦးသေဆုံးခဲ့တယ်လို့ဆိုပါတယ်။ ရဲစခန်း နေရာအချို့ကို မီးရှို့ဖျက်ဆီးခဲ့ပြီး လက်နက်တွေလည်း သိမ်းဆည်းရမိခဲ့တယ်လို့ ဒေသခံကာကွယ်ရေးအဖွဲ့က သတင်းထုတ်ပြန်ထားပါတယ်။
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG