သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီ လေကြောင်းတိုက်ခိုက်မှု တိုးများလာကြောင်း နိုင်ငံတကာအဖွဲ့ တွေ ထောက်ပြ


မြန်မာစစ်တပ် လေကြောင်းကတိုက်ခိုက်ခဲ့တဲ့ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာ စာသင်ကျောင်း၊ စက်တင်ဘာ ၁၇၊ ၂၀၂၂
မြန်မာစစ်တပ် လေကြောင်းကတိုက်ခိုက်ခဲ့တဲ့ ဒီပဲယင်းမြို့နယ်၊ လက်ယက်ကုန်းကျေးရွာ စာသင်ကျောင်း၊ စက်တင်ဘာ ၁၇၊ ၂၀၂၂

မြန်မာနိုင်ငံမှာ အာဏာသိမ်းစစ်ကောင်စီကို အရပ်သားတွေက လက်နက်ကိုင်ခုခံမှုတွေ တိုးလာချိန်မှာပဲ၊ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေတိုးလာလာနေပါတယ်။ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ကြသူအများစုဟာ အရပ်သားတွေဖြစ်ကြတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ လေ့လာသုံးသပ်သူတွေကပြောပါတယ်။ မြန်မာအရှေ့ဖက်နယ်စပ်မှာ နှစ်၃၀ကြာ အခြေစိုက်လုပ်ကိုင်နေတဲ့ Free Burma Rangers ခရစ်ယာန်အကူအညီပေးရေးအဖွဲ့ရဲ့ အကြီးအကဲဖြစ်သူ David Eubank ကတော့ မြန်မာစစ်တပ်ရဲ့ အခု လေကြောင်းတိုက်ခိုက်မှုတွေဟာ သူတို့ကြုံဖူးမြင်ဖူးသမျှမှာ အဆိုးဆုံးပဲလို့ VOA ကို မှတ်ချက်ပြုပါတယ်။

မြန်မာစစ်ကောင်စီတပ်ဟာ အခုနှစ် ဇန်နဝါရီလကနေ ဧပြီလအထိ ယေဘူယျအားဖြင့် လေကြောင်းတိုက်ခိုက်မှု တလကို ၄၉ ကြိမ်လုပ်တာတွေ့ရတယ်လို့ ဗြိတိသျှသုတေသနအဖွဲ့တခုဖြစ်တဲ့ နိုင်င့တကာမဟာဗျူဟာလေ့လာရေးအင်စတီကျူက ထုတ်ပြန်ထားပါတယ်။ ပြီးခဲ့တဲ့နှစ်တုန်းက ယေဘူယျ တလကို ၃၉ကြိမ်နှုန်းနဲ့ယှဉ်ရင် အခုနှစ်မှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်မှုပိုလုပ်လာတယ်လို့ ထောက်ပြထားတာပါ။
အမေရိကန်အခြေစိုက် ACLED လက်နက်ကိုင်ပဋိပက္ခများအချက်အလက်ပြုစုရေးအဖွဲ့ရဲ့ မှတ်တမ်းမှာလည်း မြန်မာစစ်ကောင်စီဟာ အခုနှစ် ပထမသုံးလအတွင်း လေကြောင်းတိုက်ခိုက်မှုပေါင်း ၁၅၀ ကျော်ပြုလုပ်ခဲ့ပြီး၊ အာဏာသိမ်းပြီးနောက် အခြားနှစ်တွေထက် ပိုအကြိမ်ရေများလာတယ်လို့ ဖော်ပြပါတယ်။ လေကြောင်းတိုက်ခိုက်မှုတွေကြောင့် အခုနှစ် ဇန်နဝါရီလကနေ မတ်လအထိ ၁၄၆ ဦးသေဆုံးခဲ့ပြီး၊ မတ်လအကုန်ကစလို့ လေကြောင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ နောက်ထပ် ၃၃၀ ရှိတယ်လို့ ACLED ရဲ့ မှတ်တမ်းမှာဖော်ပြပါတယ်။ အဲဒီမှာတော့ စစ်ကိုင်းတိုင်း ပဇီကြီးကျေးရွာကို ဧပြီလ လေကြောင်း တိုက်ခိုက်မှုအတွင်း သေဆုံးတဲ့ ၁၆၀ စာရင်းလည်းပါဝင်ပါတယ်။

မြန်မာစစ်ကောင်စီပြောခွင့်ရသူကတော့ အဲဒီ လေကြောင်းတိုက်ခိုက်မှုဟာ လက်နက်ကိုင်တော်လှန်ရေး အဖွဲ့ကို ပစ်မှတ်ထားလို့ တုန့်ပြန်ခဲ့ပါတယ်။ လုံခြုံရေးဆိုင်ရာသုတေသီတဦးဖြစ်တဲ့ Matthew Arnold ကတော့ မြန်မာစစ်ကောင်စီဟာ မြေပြင်စိုးမိုးမှုအားနည်းလာတဲ့အတွက် အခုလို လေကြောင်းစစ်ကို ပိုတိုးမြှင့်လာတာလို့ သုံးသပ်ပါတယ်။ စစ်ကောင်စီဟာ အထူးသဖြင့် ချင်း၊ မကွေးအနောက်ခြမ်း စစ်ကိုင်းအနောက်ခြမ်းနဲ့ ကရင်နီဒေသ မြေပြင်မှာ စစ်ရေးအရခက်ခဲလာလို့၊ လေကြောင်းထိုးစစ်ကို ပိုပြီး သုံးလာတာလို့ သူက ဗွီအိုအေကို ပြောပါတယ်။

အခုလို လေကြောင်းတိုက်ခိုက်မှုမှာ အရပ်သားတွေခံကြရတယ်လို့ အကူအညီပေးရေးအဖွဲ့တွေက ပြောပါတယ်။ ပြီးခဲ့တဲ့လက တွေ့ရတဲ့ လေကြောင်းတိုက်ခိုက်မှုအများစုဟာ အရပ်သားတွေနေထိုင်ကြတဲ့ နေရာတွေမှာဖြစ်ခဲ့ပြီး၊ ဘုရားရှိခိုးကျောင်းတွေ စာသင်ကျောင်းတွေနဲ့ ဆေးရုံတွေကို ပစ်မှတ်ထား တိုက်ခိုက်ခဲ့တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ ဒုတိယညွန်ကြားရေးမှုး Salai Za Uk Ling က လည်း ဗွီအိုအေကို ပြောခဲ့ပါတယ်။ စစ်ကောင်စီကိုတိုက်ခိုက်နေတဲ့ တော်လှန်ရေးအဖွဲ့အစည်းတွေမရှိတဲ့နေရာက ကျေးရွာတွေကိုပါ လေကြောင်းတိုက်ခိုက်မှုရှိခဲ့တယ်လို့ သူက ပြောဆိုခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG