သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စဉ့်ကူးမြို့နယ်အောက်ပိုင်း သဲအင်းကျေးရွာ လေကြောင်းတိုက်ခိုက်ခံရ


မတ္တရာမြို့နယ် ဓာတ်ပေါင်းဖိုလ်စေတီမှ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ရာ ကျွန်းကြီးရွာ မီးလောင်နေပုံ။ (ပုံ Wetlet Informational Network)
မတ္တရာမြို့နယ် ဓာတ်ပေါင်းဖိုလ်စေတီမှ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်ရာ ကျွန်းကြီးရွာ မီးလောင်နေပုံ။ (ပုံ Wetlet Informational Network)

စဉ့်ကူးမြို့နယ်အောက်ပိုင်း သဲအင်းကျေးရွာ လေကြောင်းတိုက်ခိုက်ခံရ

မန္တလေးတိုင်း စဥ့်ကူးမြို့နယ်အောက်ပိုင်းက သဲအင်းကျေးရွာကို မေလ ၂၅ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်အချိန်မှာ စစ်ကောင်စီတပ်က လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဒေသကာကွယ်ရေး အဖွဲ့တွေက ပြောပါတယ်။ အဲဒီ့နေ့ နေ့လယ်ပိုင်းတုန်းကလည်း ကျွန်းကြီးကျေးရွာနဲ့ သဲအင်းကျေးရွာတို့ကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်ခဲ့တာကြောင့် နေအိမ်တွေ မီးလောင်ပျက်စီး ခဲ့ရတယ်လို့သိရပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက် ကိုသားညွန့်ဦးပြောပြမှာပါ။

မန္တလေးတိုင်း စဥ့်ကူးမြို့နယ်နဲ့ မတ္တရာမြို့နယ်တွင်းက ကျေးရွာတွေကို စစ်ကောင်စီတပ်တွေက မေလ ၂၁ ရက်နေ့ကစပြီး နယ်မြေရှင်းလင်းရေးလုပ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မေလ ၂၅ ရက်နေ့ ညနေ ၆ နာရီဝန်းကျင်အချိန်မှာ စစ်ကောင်စီတပ်က စဥ့်ကူးမြို့အောက်ပိုင်းက သဲအင်းကျေးရွာကို လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ၀က်လက် Wetlet Informational Network တာဝန်ခံ ကိုနဂါးလေးက ပြောပါတယ်။

“၅ နာရီ ၅၅ မိနစ်ခန့်က ကျွန်တော်တို့ တံတားဦးက တက်လာတဲ့ Fighter က ဒီ စဥ့်ကူးမြို့နယ်အောက်ပိုင်း သဲအင်းကျေးရွာကို လေကြောင်းတိုက်ခိုက်မှု ပြုလုပ်သွားတယ်ဗျ။ နှစ်ပတ်ကိုမှ လက်နက်ကြီးနဲ့ ၃ ကြိမ်၊ ဒုတိယက စက်လက်နက်နဲ့ ဆွဲသွားတာဗျ။ နှစ်ပတ် ပတ်ပစ်သွားတာ။ တံတားဦးကနေ ထပ်တက်လာတဲ့ကောင် ထပ်ပစ်တာ ၄ ခေါက် ထပ်ပစ်သွားတာဗျ။ ပထမတစ်ကြိမ်က ၂ ခေါက် ဒုတိယတစ်ကြိမ်က ၄ ခေါက် စုစုပေါင်း ၆ ခေါက် ပစ်တာပေါ့။ ၂ စီးနဲ့ ခြောက်ခေါက် ပတ်ပစ်သွားတာပေါ့။”

ဒီ လေကြောင်းတိုက်ခိုက်မှုကြောင့် ထိခိုက်ပျက်စီးမှု အခြေအနေတွေကိုတော့ အသေးစိတ်မသိရသေးပါဘူး။ ဒီစစ်ကြောင်းဟာ ဒေသပြည်သူ့ကာကွယ်ရေး အဖွဲ့တွေနဲ့လည်း ထိတွေ့တိုက်ပွဲတချို့ဖြစ်ခဲ့ကြတယ်လို့ ပြောပါတယ်။ မြန်မာစစ်ကောင်စီတပ်ဟာ အခုနောက်ပိုင်း စစ်ကိုင်းတိုင်းအတွင်း တိုက်ပွဲတွေမှာ လေကြောင်းအသုံးပြုမှု ပိုမိုများပြားလာပြီး နိုင်ငံတကာရဲ့ ဝေဖန်မှုလည်း ခံနေရပါတယ်။ စစ်ကောင်စီတပ်တွေဟာ ၂ နှစ်အတွင်းမှာ အရပ်သားတွေကိုပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှု အကြိမ် (၁၄၀၀)ကျော် ပြုလုပ်ခဲ့တယ်လို့ ဉာဏ်လင်းသစ်အဖွဲ့ရဲ့ ပြီးခဲ့တဲ့ စစ်တမ်းတစောင်မှာလည်း ဖော်ပြပါတယ်။ စစ်ကောင်စီဖက်ကတော့ PDF တွေဟာ ကျေးရွာတွေကို အခြေပြုပြီး လှုပ်ရှားနေတာလို့ အကြောင်းပြပါတယ်။

မန္တလေး မတ္တရာမြို့နယ် ယက္ကန်းစင်တောင်ရဲ့မြောက်ဖက် ဓါတ်ပေါင်းစု စေတီအနီး စစ်ကောင်စီတပ်က လက်နက်ကြီးအထိုင်ထားပြီး အနီးပတ်ဝန်းကျင်ကို ပစ်ခတ်တာကြောင့်၊ စဉ့်ကူးမြို့နယ်တွင်း ကျွန်းကြီးကျေးရွာနဲ့ သဲအင်းကျေးရွာတွေ ထိခိုက်ပျက်စီးတယ်လို့လည်း ဒေသခံကာကွယ်ရေးအဖွဲ့တာဝန်ခံ ကိုနဂါးလေးက ပြောပါတယ်။

“မတ္တရာမြို့နယ် ယက္ကန်းစင်တောင်ရဲ့ မြောက်ဖက်က ဓါတ်ပေါင်းစု စေတီနားမှာ လက်နက်ကြီးအထိုင်ပြုပြီးတော့ အနောက်ဖက်ကို ရမ်းသမ်းပစ်တဲ့အခါမှာ ပထမတစ်ကြိမ် နေ့ခင်းပိုင်းက ပစ်တာက ကျွန်းကြီးရွာ ရွာလယ်ကိုကျတယ်၊ အိမ် ၁၀ လုံးလောက် မီးလောင်သွားတယ်။ အဲ့ဒါပြီးတော့ သဲအင်းရွာဖက်ကို ထပ်ပစ်တယ်။ သဲအင်းရွာထဲကို ထပ်ကျတယ်။ အနည်းဆုံး ၁၀ လုံး ထပ်လောင်တယ် အခုအချိန်ထိလည်း လောင်နေတုန်း၊ မီးခိုးတွေတောင်မြင်နေရတုန်းပဲ။ လောင်တာကတော့ ၂ နာရီလောက်ရှိနေပြီ လောင်နေတာကတော့ အခု သူတို့က ကြက်တူရွေးရွာထဲမှာ အထိုင်ချ တပ်စွဲနေတယ်။”

ဒေသတွင်း ဝင်ရောက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကြောင့် အနည်းဆုံး ၁၁ ရွာက ဒေသခံသောင်းနဲ့ချီပြီး စစ်ဘေးရှောင်နေကြရတယ်လို့ ဆိုပါတယ်။ မြစ်လယ်က ကျွန်းတွေပေါ်နဲ့ သဲသောင်ပြင်တွေပေါ်မှာ ဒေသခံတွေဟာ အမိုးအကာမဲ့ စစ်ဘေးရှောင်နေကြရတယ်လို့ ပြောပါတယ်။

“စစ်ကြောင်းရောက်ပြီဆိုကတည်းက အဲ့ဖက်က ရွာတွေအကုန်လုံးက ဒေသခံတွေအကုန်လုံးက တခါတည်း စစ်ဘေးရှောင်ထားပြီးသား ၁၀ ရွာ ၁၁ ရွာလောက် စစ်ဘေးရှောင်နေကြရတယ်။ ဒေသခံ သောင်းနဲ့ချီပြီးတော့ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။ အခု လက်ရှိဖြစ်တဲ့ အတိုင်းအတာက ရေခလယ်ကောင်က ရွာတွေပေါ့နော၊ တချို့ကျတော့လည်း သူတို့နဲ့ ဝေးတဲ့ မြစ်ရဲ့ အရှေ့ဖက်သော်လည်းကောင်း၊ မြစ်ရဲ့ အနောက်ဖက်သော်လည်းကောင်း၊ ဝက်လက်မြို့နယ်ဖက်သောလည်းကောင်း၊ တချို့ကျတော့လည်း မြစ်အလယ်မှာရှိတဲ့ သောင်ပြင်ပေါ်တွေမှာသော်လည်းကောင်း စစ်ဘေးရှောင်နေကြရတယ်ဗျ။ ဝက်ပေါင်၊ ပေါက်ကုန်း၊ သဲအင်း၊ ကြက်တူရွေး၊ ရွာသာ၊ ဇီးကုန်း၊ မြစ်ကမ်းကြီး၊ ဟင်္သာမ၊ ကျွန်းကြီး အဲ့ဒီမှာ စစ်ဘေးရှောင်တွေ တော်တော်များများ ရှောင်နေရတယ်။”

စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး ထိုးစစ်၊ တိုက်ပွဲတွေနဲ့ လေကြောင်းက ပစ်ခတ်တိုက်ခိုက်မှုတွေကြောင့် မန္တလေးတိုင်းက ဒေသတချို့နဲ့ စစ်ကိုင်းတိုင်းအတွင်းမှာ သေဆုံးသူတွေနဲ့ အိုးအိမ် စွန့်ခွာ ထွက်ပြေးနေကြရတဲ့ စစ်ရှောင် အရေအတွက်ဟာ တနေ့ထက်တနေ့ ပိုပြီး တိုးလာနေပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG