သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်နီဒေသ စစ်ကောင်စီ လေကြာင်းတိုက်ခိုက်မှုကြောင့် ဒေသခံတချို့ သေကြေဒဏ်ရာရ


လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတဲ့ ကယားပြည်နယ် (ဒေသအခေါ် ကရင်နီပြည်နယ်) ဘော်လခဲမြို့မြောက်ဘက်က စောလုံကျေးရွာ (မေ ၁၇၊ ၂၀၂၃)
လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတဲ့ ကယားပြည်နယ် (ဒေသအခေါ် ကရင်နီပြည်နယ်) ဘော်လခဲမြို့မြောက်ဘက်က စောလုံကျေးရွာ (မေ ၁၇၊ ၂၀၂၃)

ကယားပြည်နယ်၊ ဒေသအခေါ် ကရင်နီပြည်၊ ဘော်လခဲမြို့က ကျေးရွာတခုကို မြန်မာစစ်တပ်က ဒီနေ့ မနက်အစောပိုင်းမှာ လေကြောင်းက ဗုံးကြဲ တိုက်ခိုက်ခဲ့တာကြောင့် တဦးသေဆုံးပြီး တချို့ဒဏ်ရာရသွားပါတယ်။ အလားတူပဲ ဒီးမော့ဆိုမြို့နယ် အရှေ့ဖက်ခြမ်း ဒေါလျာခူ ကျေးရွာဘက်မှာ ဒီနေ့အပါအဝင် လေးရက်ဆက် တိုက်ပွဲတွေဖြစ်နေတယ်လို့ အနီးအနားရွာတွေမှာရှိတဲ့ ဒေသခံတွေက ဗွီအိုအေကို ပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး မဆုမွန်က ပြောပြမှာပါ။

ကယားပြည်နယ်၊ ဒေသအခေါ် ကရင်နီပြည်နယ်၊ ဘော်လခဲမြို့မြောက်ဘက်က စောလုံကျေးရွာကို မေလ ၁၇ရက်၊ ဒီနေ့ မနက် ၄ နာရီ လောက်မှာ စစ်တပ်က လေကြောင်းကနေ ဗုံးကြဲ တိုက်ခိုက်ခဲ့တဲ့အတွက် ၁၇နှစ်အရွယ် အမျိုးသမီးတဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရသွားတယ်လို့ ဘော်လခဲ ပြည်သူ့ကာကွယ်ရေးအဖွဲ့ သတင်းတာဝန်ခံက ဗွီအိုအေကို ပြောပါတယ်။ ဗုံးနှစ်လုံးကြဲခဲ့တာဖြစ်ပြီး ဆေးရုံအဆောက်အဦ ၂လုံး၊ လူနေအိမ်၆လုံး ပျက်စီးခဲ့တယ်လို့ သူကပြောပါတယ်။

" ဒီနေ့မနက် ၄ နာရီ ၂၀ မှာ လာကြဲသွားတာ။ အခုသူတို့ လေကြောင်းတိုက်ခိုက်တာက ဘယ်အဖွဲ့အစည်း၊ ဘယ်သူမှ ခြေကုပ်မယူထားတဲ့ ရွာတွေမှာပဲ လေကြောင်းတိုက်ခိုက်မှု လုပ်နေတော့ ဒါပြည်သူတွေကို ပစ်မှတ်ထားတယ်လို့ ကျနော်အဲလို ယူဆပါတယ်။ အခုက ဘော်လခဲမှာ (မေလ)၁ရက်ကဖြစ်တဲ့ တိုက်ပွဲနဲ့ပတ်သက်ပြီး စစ်ကောင်စီက မြို့ထဲ လူနေရပ်ကွက်ထဲအထိ လက်နက်ကြီးတွေနဲ့ ရမ်းသမ်းပစ်ခတ်ပြီးတော့ ဘုန်းကြီးကျောင်းထဲမှာလည်း လက်နက်ကြီးတွေကျ၊ မြို့ပေါ်က ရပ်ကွက်လူတွေ အကုန်လုံးတော့ စစ်ရှောင်ကုန်ပြီပေါ့။"

ဒီကျေးရွာမှာ စစ်ရေးလှုပ်ရှားမှုတွေမရှိဘဲ ဒေသခံတွေ ခိုလှုံနေတဲ့ နေရာတခုသာဖြစ်တယ်လို့ ဘော်လခဲမြို့က ပြည်သူ့ကာကွယ်ရေး အဖွဲ့တွေက ဗွီအိုအေကို ပြောပါတယ်။ အခုမေလ ပထမအပတ်ကစပြီး ဘော်လခဲမြို့ကို စစ်တပ်က ပြင်းပြင်းထန်ထန် တိုက်ခိုက်နေတာဖြစ်ကြောင်း ဒေသခံတွေက ပြောပါတယ်။ ခရစ်ယာန်ဘုရားကျောင်း၊ ဘုန်းကြီးကျောင်း၊ စာသင်ကျောင်းပါမချန် လက်နက်ကြီးနဲ့ ပစ်ခတ်နေတာကြောင့် ဒေသခံတွေ ရာနဲ့ချီပြီး တောလမ်းကနေ ကျန်တဲ့မြို့တွေဆီ ထွက်ပြေးနေရတာပါ။

လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတဲ့ ကယားပြည်နယ် (ဒေသအခေါ် ကရင်နီပြည်နယ်) ဘော်လခဲမြို့မြောက်ဘက်က စောလုံကျေးရွာ (မေ ၁၇၊ ၂၀၂၃)
လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတဲ့ ကယားပြည်နယ် (ဒေသအခေါ် ကရင်နီပြည်နယ်) ဘော်လခဲမြို့မြောက်ဘက်က စောလုံကျေးရွာ (မေ ၁၇၊ ၂၀၂၃)

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့အရှေ့ဘက်ခြမ်း ဒေါလျာခူ ကျေးရွာဘက်မှာလည်း ၄ရက်ဆက်တိုက် တိုက်ပွဲတွေ ပြင်းထန်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ မြန်မာစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ လေကြောင်းက တိုက်ခိုက်တာတွေ လုပ်ခဲ့ကြောင်း ပြောပါတယ်။ အဲဒီမှာ စာသင်ကျောင်း တစ်ကျောင်းနဲ့ ဒေသခံနေအိမ်တချို့ ပျက်စီးမှုရှိနေပြီး အနီးအနားပတ်ဝန်းကျင် ဒေသခံတွေလည်း ဘေးလွတ်ရာကို ထွက်ပြေးနေရတာပါ။ တိုက်ပွဲ ၃ရက်မြောက်နေ့ဖြစ်တဲ့ မေလ ၁၆ ရက် မနေ့ညပိုင်းမှာ စစ်လေယာဉ်တွေနဲ့ အပြင်းအထန် ဗုံးကျဲ တိုက်ခိုက်နေတာလို့ အနီးအနား ရွာခံတဦးက ခုလို ပြောပါတယ်။

“သူတို့ အဲ့မှာ တိုက်ပွဲဖြစ်နေတဲ့အခါကျတော့ သူတို့က လေယာဉ်နဲ့ လာကျဲတယ်ပေါ့နော်။ သူတို့ တိုက်ပွဲဖြစ်ပြီးတော့ ညဖက်ရောက်တော့ သူတို့က ရွာခံတွေရဲ့ အိမ်တွေပေါ့နော်၊ သူတို့လာကျဲသွားသေးတယ်လေ။ သူတို့ တိုက်ပွဲဖြစ်တာက ဒီဖက်မှာဖြစ်တာက ၄ရက် ဆက်တိုက်ရှိပြီ ဒီရက်နဲ့ဆို။ ဒေါလျာခူရဲ့ ရွာတောင်ပေါ်ပေါ့နော် ဖြစ်နေတယ်။ ဒီမနက်လည်း နောက်တခေါက် လာကျဲသွားသေးတယ်လေ။ လက်နက်ကြီးတွေကတော့ သူတို့ နေ့တိုင်း၊ နေ့တိုင်းပစ်တယ်ဗျ။ လေယာဉ်ကကျတော့ မနေ့ညရယ်၊ ဒီရက်နဲ့ဆို ၂ရက်ရှိပြီ။ အခုလည်း သူတို့လည်း လာဝိုင်းနေတုန်းပဲ။”

ဒီးမောဆိုဘက်က တိုက်ပွဲနဲ့ ပတ်သက်လို့ စစ်ကောင်စီက တစုံတရာ ထုတ်ပြန်တာမရှိသေးသလို ပြည်သူ့ ကာကွယ်တပ်တွေဘက်ကလည်း ထုတ်ပြန်တာ မတွေ့သေးပါဘူး။ တိုက်ပွဲကြောင့် ဒေါလျာခူကျေးရွာ၊ ဖဲလျားကျေးရွာ၊ ထီးသဲကလိုကျေးရွာ စတဲ့ ကျေးရွာက ဒေသခံတွေ အိုးပစ်အိမ်ပစ် ဘေးလွတ်ရာကို ထွက်ပြေး တိမ်းရှောင်နေကြတယ်လို့ ပြောပါတယ်။

“ဒီဖက် ရွာခံ၊ ဒေသတွေကကျတော့ တချို့လူတွေကျတော့ မရှိတော့ဘူးပေါ့နော်။ သူတို့ စစ်ဘေးရှောင်တွေ ပြောင်းကုန်ကြတယ်။ နေတယ်ဆိုလို့ လူငယ် အဖွဲ့အစည်းတွေပဲ ကျန်ခဲ့တယ်ပေ့ါနော်။ အခုတော့ ကျနော်တို့ကတော့ ရှောင်ထားတယ်ပေါ့နော်။ ပြန်နေလို့မရသေးဘူးလ၊ သူတို့ တိုက်ပွဲဖြစ်နေတယ်ဆိုတော့။ သူများရွာမှာသွားနေရတယ်ပေါ့နော်။”

ကယားပြည်နယ် (ဒေသအခေါ် ကရင်နီပြည်နယ်) ဘော်လခဲမြို့တည်နေရာ
ကယားပြည်နယ် (ဒေသအခေါ် ကရင်နီပြည်နယ်) ဘော်လခဲမြို့တည်နေရာ

နောက်ထပ် ရွာဒေသခံတဦးကတော့ ပစ်ခတ်သံတွေ အမြဲတမ်းကြားနေရပေမယ့် ဒီတခေါက် တိုက်ခိုက်မှုတွေက ပြင်းထန်နေတာကြောင့် ပိုမို ထိပ်လန့်နေရတယ်လို့ ပြောပါတယ်။

“တခါတလေကျတော့ အမြဲတမ်းကြားတယ်။ ဘာမှမကြောက်ဘူး။ ညတခါတလေကျတော့ ညဆိုလို့ရှိရင်တော့ ဘယ်ကိုပြေးလို့ ပြေးရမှန်းမသိဘူး၊ ကြောက်လို့ လန့်လို့ ဘာမှကို မသိဘူးဖြစ်နေတယ်။”

ဒီးမော့ဆိုမြို့နယ်ထဲက ငွေတောင်ရွာသစ် ကျေးရွာဘက်မှာလည်း မနေ့ မေလ ၁၆ရက်က ၂နာရီကြာ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။ ဒီးမော့ဆိုမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ် တာဝန်ရှိသူတဦးကတော့ တခြားတိုက်ပွဲတွေရဲ့ ခြေအနေကို မသိရပေမယ့် ငွေတောင်ရွာသစ် ကျေးရွာ သဲသောင်ခြေရင်းမှာ မနေ့က သူတို့ နယ်မြေရှင်းလင်းရင်း ပစ်ခတ်မှုတွေရှိကြောင်း ခုလိုပြောပါတယ်။

“သူတို့နဲ့ ထိတွေ့မှု မနက် ၆နာရီခွဲလောက်မှာ စဖြစ်တယ်ပေါ့နော်။ အလှန်အပြန်ပစ်ခတ်မှုကတော့ ၂နာရီဝန်းကျင်လောက်တော့ ကြာတယ်ပေါ့နော်။ ၈နာရီခွဲမှာ ကျနော်တို့က ပြန်ဆုတ်ခွာလိုက်တယ်။ ကျနော်တို့ လူအင်အားလည်း မမျှပြောလို့ရတယ်။ လက်နက်အင်အားလည်း မမျှ။ ကျနော်တို့ ကင်းထောက်နဲ့ဆိုလို့ ကျနော်တို့က အနည်းအကျဉ်းလောက်ပဲ သွားတယ်ပေ့ါနော်။ အဲ့ဒါမှ ကျနော်တို့ လူအင်အားမမျှတော့ ကျနော်တို့ ပြန်ဆုတ်လိုက်တယ်။ ထိခိုက်မှု တစုံတရာတော့ မရှိဘူး။ ဒါမယ့် (စကစ)ဘက်ကျတော့ ထိခိုက်မှုရှိနိုင်တယ်လို့ ကျနော်တို့က သုံးသပ်တယ်ပေါ့နော်။”

ခုနောက်ပိုင်း ဒီးမော့ဆိုမြို့နယ်အတွင်းမှာ တနေရာမဟုတ် တနေရာ တိုက်ပွဲတွေရှိနေပြီး ဒေသခံသောင်းနဲ့ချီ ထွက်ပြေးနေရတာပါ။ သူတို့အတွက် အမိုးအကာ၊ ဆေးဝါးနဲ့ စားနပ်ရိက္ခာ အကူအညီလည်း လိုအပ်နေပါတယ်။ ဘော်လခဲမြို့နယ်မှာတော့ မြန်မာစစ်တပ်ဟာ မေလ ၈ရက်ကစလို့ အင်အား အများအပြားသုံးပြီး ကျေးရွာတွေထဲ ဝင်ရောက်လာတဲ့အတွက် KNDF၊ KA၊ ဘော်လခဲ PDF တို့နဲ့ တိုက်ပွဲတွေ ဖြစ်နေတာပါ။

အချိန်မရွေး တိုက်ပွဲတွေ ပြင်းထန်လာနိုင်တဲ့အတွက် ဘော်လခဲ-ရွာသစ်လမ်းကို အရပ်သားတွေ မသုံးဖို့အတွက်လည်း လက်နက်ကိုင် အဖွဲ့အစည်းတွေက သတိပေးထားပါတယ်။ ဘော်လခဲမြို့ပေါ်က ဌာနဆိုင်ရာ အဆောက်အဦတွေမှာ တပ်စွဲထားတဲ့ စစ်တပ်ကို ကရင်နီ ပူးပေါင်းတပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အဲဒီနောက်ပိုင်းမှာ တိုက်ပွဲတွေ ဆက်တိုက်ဆိုသလို ရှိနေတာဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG