သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နယ်မြေရှင်းမှုအတွင်း ပုလဲမြို့နယ် ဒေသခံ ၂၀ ကျော် ဖမ်းဆီးခံရ 


စစ်ကိုင်းတိုင်း ပုလဲမြို့
စစ်ကိုင်းတိုင်း ပုလဲမြို့

စစ်တပ်က နယ်မြေရှင်းလင်းရေးလုပ်နေတဲ့ စစ်ကိုင်းတိုင်း ပုလဲမြို့နယ်မှာ ဒေသခံ ၂၀ ကျော် ဖမ်းဆီးခံထားရတယ်လို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့တွေက ပြောပါတယ်။ နယ်မြေရှင်းလင်းနေတဲ့ နေရာတွေမှာ စစ်တပ်က အင်အားတိုးချဲ့နေတယ်လို့လည်း ပြောပါတယ်။ ခင်ဦးမြို့နယ်ထဲမှာလည်း နယ်မြေရှင်းလင်းနေတဲ့ သီတင်း ၁ ပါတ်ရှိနေပြီး တိုက်ပွဲတွေလည်း ဖြစ်နေပါတယ်။ စစ်ကိုင်းတိုင်းထဲက စစ်ရေးအခြေအနေ သတင်းပေးပို့ချက်ကို အခြေခံပြီး ကိုရန်နိုင်တင်ပြပါမယ်။

ဇွန်လ ပထမပတ်မှာ စစ်ကိုင်းတိုင်း ယင်းမာပင်နဲ့ ဆားလင်းကြီးမြို့နယ်တွေကို နယ်မြေရှင်းလင်းခဲ့တဲ့ စစ်တပ်ဟာ အခုလက်ရှိ ပုလဲမြို့နယ်ထဲက ကျေးရွာတွေကို နယ်မြေရှင်းလင်းရေး ဆက်လုပ်နေပါတယ်။ ဒီနေ့ ဇွန်လ ၉ ရက်မှာတော့ ပုလဲမြို့ထဲမှာ စခန်းချနေပြီး အင်အားထပ်ဖြည့်နေတယ်လို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။ ပြီးခဲ့တဲ့ရက်တွေက နယ်မြေရှင်းလင်းရေးတွေအတွင်း ဆားလင်းကြီးမြို့နယ်ထဲက ကျော်ရွာ၊ မိုးကြိုးပြင်ရွာ၊ ပုလဲမြို့နယ်ထဲက မကျီးကန် ကုက္ကိုစုနဲ့ ယင်းမာပင်မြို့နယ်ထဲက သရက်ကန် စတဲ့ကျေးရွာတွေက ဒေသခံ စုစုပေါင်း ၂၀ ကျော်လည်း ဖမ်းဆီးခံထားရတယ်လို့ ပုလဲပြည်သူ့ အုပ်ချုပ်ရေး အဖွဲ့ တာဝန်ရှိသူတဦးက အခုလို ပြောပါတယ်။

“ပုလဲမြို့ပေါ်မှာတော့ ယင်းမာပင်နဲ့ ဆားလင်းကြီးတို့ကထိုးလာတဲ့ စစ်ကြောင်းက ပုလဲမြို့ပေါ်မှာ စစ်အင်အား ဖြည့်တင်းထားတယ်ပေါ့နော်။ ဆားလင်းကြီးမြို့ပေါ်မှာဆိုရင် ကျော်ရွာက ၁ ယောက်ပါတယ်။ မိုးကြိုးပြင်က ၁၂ ယောက် ပါတယ်လို့ သတင်းပေးပို့ချက်ရထားတယ်။ ဆက်လက်ပြီးတော့ ထိုးလာတဲ့ ဒီကနေ့ မနက်အချိန်မှာ သရက်ကန်နဲ့ မကျီးကန်တို့က ထိုးလာတဲ့ စစ်ကြောင်းက ပြည်သူတွေ စစ်ဘေးတိမ်းရှောင်ရင်း မိလာတဲ့သူတွေ ၁၀ ယောက်လောက် ထပ်ပါမယ်ဆိုတော့ ဓားစာခံအနေနဲ့ အယောက် ၂၀ ကျော်သွားမှာပေါ့။ အခုချိန်ထိကတော့ ဆက်သွယ်မှု လုံး၀ မရပါဘူးခင်ဗျ။ ပုလဲမြို့ထဲကို ပါသွားပြီလို့ သတင်းကြားထားပါတယ်။”

ပုလဲမြို့နယ်ထဲမှာ ရက်အထိ စစ်တပ်ထောက်ခံတဲ့ ပြူစောထီးတွေ တပ်စွဲထား ဇီးဖြူကုန်းကျေးရွာမှာ ဇွန်လ ၂ ရက်ကနေ ၅ ရက်နေ့အထိ ၃ ရက် ဆက်တိုက် ပြည်သူ့ကာကွယ်ရေးအဖွဲ့တွေနဲ့ တိုက်ပွဲတွေဖြစ်ခဲ့တာမှာ စစ်တပ်ဘက်က ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ်တဲ့အထိ တိုက်ပွဲပြင်းထန်ခဲ့ပါတယ်။

စစ်ကိုင်းတိုင်းထဲကပဲ ခင်ဦးမြို့နယ်ထဲမှာ ဆိုရင်လည်း စစ်တပ်က နယ်မြေရှင်းလင်းရေးလုပ်နေတာ ၁ ပတ်ကျော်ရှိနေပြီး တိုက်ပွဲတွေလည်း ဒီနေ့အထိ ဆက်ဖြစ်နေပါတယ်။ ဒီနေ့ ဇွန် ၉ ရက် မနက်ပိုင်းမှာဆိုရင်လည်း ရေအေးကုန်း ကျေးရွာအနီးမှာ ကာကွယ်ရေး အဖွဲ့တွေနဲ့ တိုက်ပွဲဖြစ်ခဲ့ပါတယ်။ တိုက်ပွဲအခြေအနေနဲ့ပတ်သက်လို့ ဒေသခံကာကွယ်ရေး တပ်ဖွဲ့ဝင်တဦးက အခုလို ပြောပါတယ်။

“မနက်ကတော့ ဖြစ်ကြတယ်ခင်ဗျ။ ကျွန်တော်တို့ရေအေးကုန်းနဲ့ ရေအေးကုန်းမရောက်ခင်ပေါ့နော်။ ရေအေးကုန်းမရောက်ခင်မှာ ဒီဘက်က ကာကွယ်ရေး တပ်ဖွဲ့ဝင်တွေနဲ့ အပြန်အလှန်ပစ်ခတ်မှုတော့ ဖြစ်ကြတယ်။ ရေအေးကုန်းထဲရောက်တောလည်း မိုင်းဆွဲတာတွေ သူတို့ဘက်ကလည်း စက်လက်တို့ RPG လက်နက်ကြီးတွေ ပြန်ပစ်တာမျိုးတွေရှိတယ်။ ခင်ဦးမြို့ပေါ်ကနေ တောင်ဘက်ကအခြမ်း ကျွန်တော်တို့ သိရသလောက် ရွှေဘိုသွားမယ့် စစ်ကြောင်းပေါ့ အခုခင်ဦးမြို့နယ် တောင်ဘက်ခြမ်းက ရေအေးကုန်းထဲမှာ ရောက်နေတယ်။”

ဒီတိုက်ပွဲတွေနဲ့ ပတ်သက်လို့တော့ စစ်ကောင်စီဘက် သတင်းထုတ်ပြန်ခြင်းမရှိသေးပါဘူး။ အခုလို စစ်တပ်က ၉ ရက် နီးပါး ထိုးစစ်ဆင် နယ်မြေရှင်းလင်းနေတာကြာင့် ခင်ဦးမြို့နယ်ထဲက ပြူစောထီးတွေ တပ်စွဲထားတဲ့ ကျေးရွာတွေမှာ ရိက္ခာပြတ်လပ်နေပါတယ်။ ဒါကြောင့်လည်း နယ်မြေရှင်းလင်းပြီး ရိက္ခာတွေ ပို့ပေးနေတာလို့ ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။ ရေအေးကုန်းကျေးရွာအနီး အပြန်အလှန် ပစ်ခတ်တာတွေဖြစ်ခဲ့တဲ့အတွက် ရေအေးကုန်းကျေးရွာအပါအဝင် သံဘို၊ ချောင်းဆုံ၊ ကျီးကန် စတဲ့ ကျေးရွာ ၄ ရွာက ဒေသခံ ၂၅၀၀ ကျော် တိမ်းရှောင်နေရပြီး မိုးရွာသွန်းတာတွေ ရှိတဲ့အတွက် အခက်အခဲတွေလည်း ကြုံနေရပါတယ်။ ခင်ဦးမြို့နယ်ထဲ ဇူလိုင် ၁ ရက်ကစလို့ ၉ ရက်အထိ စစ်တပ် နယ်မြေရှင်းလင်းမှုအတွင်း နေအိမ် ၆၀ ကျော် မီးလောင်ကျွမ်းခဲ့ပြီး အသက် ၆၀ ကျော် အရပ်သား ၁ ဦး မီးလောင်သေဆုံးနေတာ ဒေသခံတွေ တွေ့ခဲ့ကြပါတယ်။ အသက် ၅၀ ကျော် အဖွားအို ၁ ဦးလည်း စစ်ဘေးရှောင်ရင်း အမောဖောက် သေဆုံးခဲ့ရပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG