သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကိုင်း ကောလင်းမှာ လက်နက်ကြီးကျရောက်လို့ ဒေသခံ လေးဦးသေဆုံး


စစ်ကိုင်း၊ ကောလင်းက လက်နက်ကြီးကျခဲ့တဲ့အိမ်
စစ်ကိုင်း၊ ကောလင်းက လက်နက်ကြီးကျခဲ့တဲ့အိမ်

စစ်ကိုင်းတိုင်း ကောလင်းမြို့နယ်ထဲမှာ ဇွန် ၃၀ ရက်နေ့ညက လက်နက်ကြီး ကျရောက်ပေါက်ကွဲလို့ (၇) နှစ်အရွယ် ကလေးငယ်တဦးအပါအဝင် ဒေသခံ လေးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဇွန်လ တလအတွင်းမှာပဲ ကောလင်းမြို့နယ်တွင်း လက်နက်ကြီးနဲ့ ပစ်ခတ်ခံရတာ သုံးကြိမ်ထက်မနည်း ရှိခဲ့တယ်လို့ သိရပါတယ်။ ဒီအကြောင်း သတင်းပေးပို့ထားတာကို နန်းလောဝ်ပြောပြပါမယ်။

စစ်ကိုင်းတိုင်း၊ ကောလင်းမြို့နယ်၊ ကျော်ဇေယျရပ်ကွက်ထဲကို စစ်ကောင်စီတပ်ဖွဲ့တွေဖက်ကပစ်ခတ်လိုက် တဲ့ လက်နက်ကြီး ကျရောက် ပေါက်ကွဲခဲ့တာကြောင့် ၇ နှစ်ဝန်းကျင် အရွယ်ကလေးငယ်တဦး အပါအဝင် ဒေသခံ ၄ ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဇွန်လ ၃၀ ရက်နေ့ည သန်းခေါင်အချိန်မှာ ပစ်ခတ်ခဲ့တာဖြစ်ပြီး ဇွန်လတလအတွင်းမှာ ကောလင်းမြို့နယ်က ရပ်ကွက်တချို့ကို လက်နက်ကြီးနဲ့ ပစ်ခတ်တာ ၃ ကြိမ်ထက်မနည်း ရှိခဲ့တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ကိုးတောင်ဘို့ကျေးရွာဘက်မှာ ဒေသကာကွယ်ရေးတပ်တွေနဲ့ စစ်ကောင်စီတပ်တွေ တိုက်ပွဲဖြစ်တာကြောင့် ကောလင်းမြို့နယ်ထွေအုပ်ရုံးမှာရှိတဲ့ စစ်ကောင်စီတပ်က ခုလို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာဖြစ်ပြီး ကျော်ဇေယျ ရပ်ကွက်က နေအိမ်၂ လုံးပေါ် ကျရောက် ပေါက်ကွဲခဲ့ရာကနေ လူ ၄ ဦး သေဆုံးခဲ့တာလို့ ဒေသခံတစ်ဦးဖြစ်တဲ့ ကိုရောင်နီက ပြောပါတယ်။

“အိမ်က အခု ကျတဲ့ တစ်အိမ်တည်းမှာ မိသားစု ၃ ယောက် သေသွားတဲ့ အိမ်ကတော့ အိမ်ခေါင်မိုး ပေါ်ကနေ ပေါက်ကျလိုက်တာပေါ့။ လက်နက်ကြီးက။ အဲ့ဒါက သေသွားတဲ့သူကတော့ ဦးသာထူး၊ ဒေါ်စန်း သူတို့လင်မယားပေါ့။ သူတို့ရဲ့ အသက်၇ နှစ်အရွယ် ကလေးမလေး သူတို့မြေးတော်တာပေါ့။ အဲ့မှာ အဲ့ကလေးပါ သေသွားတာပေါ့။ ၃ ယောက်။ အဲ့အိမ်မှာတော့။ သူတို့အိမ်နဲ့နောက်ထပ် ဘေးကပ်ရက်အိမ်မှာ နောက်ထပ်အမျိုးသမီး သေသေးတယ်။ သူက ဒေါ်ဇာခြည်ဦးဗျ။ စုစုပေါင်းက သေတာ ၄ ဦးဗျ။ ကျော်ဇယျ ရပ်ကွက်က ရပ်ကွက်ကြီးပေါ့။ ပြောရမယ်ဆို လူနေရပ်ကွက်ကိုမှ စကစ က ရမ်းထုလိုက်တော့ အဲ့အိမ်တွေပေါ်ကျပြီးတော့မှ အဲ့မှာ အိမ်ထဲမှာ နေတဲ့သူတွေ ထိသွားတာပေါ့။ ကလေးမလေး ဆိုရင် ခေါင်းပါရှာမရတော့တာလေ။ ဒေါ်စန်းဆိုလည်း ခန္ဓာကိုယ်အပေါ်ပိုင်း အားလုံး ပျက်စီးသွားတာကို ကျွန်တော်တို့ ချက်ချင်း သဂြိုဟ်လိုက်တယ်ဗျ။”

ကျော်ဇေယျရပ်ကွက်နဲ့ စစ်ကောင်စီတပ်တွေ လက်နက်ကြီး အထိုင်ချထားတဲ့ ထွေအုပ်ရုံးက မိုင်ဝက် လောက်သာ ဝေးတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ အခုဖြစ်ရပ်နဲ့ပတ်သက်လို့ စစ်ကောင်စီ ဖက်က တစုံတရာ ထုတ်ပြန် ပြောဆိုတာ မရှိပါဘူး။ ဗွီအိုအေက ဆက်သွယ် မေးမြန်းပေမဲ့လည်း ဖုန်း ပြန်လည် ဖြေကြားတာ မရှိသေးပါဘူး။

စစ်ကောင်စီတပ်တွေဟာ ခုလို လက်နက်ကြီးတွေနဲ့ လူနေအိမ်တွေကို မကြာခန ပစ်ခတ်လေ့ရှိပြီး ပြီးခဲ့တဲ့ ဇွန်လ တလထဲမှာတင် သုံးကြိမ်ထက်မနည်း ရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ စစ်ကောင်စီကတော့ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေဟာ ကျေးရွာဒေသတွေကို အခြေစိုက်ပြီး အကြမ်းဖက် လုပ်ရပ်တွေ လုပ်နေတာကြောင့်လို့ တုံ့ပြန် ပြောဆိုလေ့ ရှိပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG