သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တိုက်ပွဲတွေကြောင့် ခမ်းပတ်မြို့လုံးကျွတ်နီးပါး ထွက်ပြေး


ခမ်းပတ်မြို့ (ခါမ်းပါတ်)
ခမ်းပတ်မြို့ (ခါမ်းပါတ်)

စစ်ကိုင်းတိုင်း တမူးခရိုင် ခမ်းပတ် (ခါမ်းပါတ်) မြို့မှာ စစ်တပ်နဲ့ ကာကွယ်ရေး တပ်ဖွဲ့တွေကြား တိုက်ပွဲတွေ ဆက်တိုက် ဖြစ်နေပြီး စစ်တပ်ဘက်က လေကြောင်းကနေ ပစ်ခတ်တဲ့အထိ တိုက်ပွဲ ပြင်းထန်ခဲ့ပါတယ်။ တိုက်ပွဲတွေကြောင့် ခမ်းပတ်မြို့လုံးကျွတ်နီးပါး ဒေသခံတွေ ဘေးလွတ်ရာ တိမ်းရှောင်နေကြရတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။ ခမ်းပတ်မြို့က နောက်ဆုံး အခြေအနေကို မဆုမွန်က တင်ပြပေးပါမယ်။

စစ်ကိုင်းတိုင်း တမူးခရိုင် ခမ်းပတ်မြို့မှာ စစ်တပ်နဲ့ ကာကွယ်ရေး တပ်ဖွဲ့တွေ ဒီလ ၂၂ ရက်ကစလို့ တိုက်ပွဲတွေ ဖြစ်နေတာကြောင့် ဒီကနေ့ ဇူလိုင်လ ၂၆ ရက်နေ့အထိဆိုရင် ၄ ရက် ဆက်တိုက် ရှိနေပါပြီ။ ဇူလိုင် ၂၁ ရက်နေ့က တမူးပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင် ၁ ဦးကို စစ်တပ်က ဖမ်းဆီးသွားပြီးတဲ့ နောက်နေ့မှာ ခမ်းပတ်မြို့က စစ်တပ် တပ်စွဲထားတဲ့ နေရာတွေကို ကာကွယ်ရေး အဖွဲ့တွေက ဝင်ရောက် တိုက်ခိုက်ခဲ့တာလည်း ဖြစ်ပါတယ်။ တိုက်ပွဲအခြေအနေနဲ့ ပတ်သက်လို့ တိုက်ပွဲမှာ ပါဝင်တိုက်ခိုက်နေတဲ့ ချင်းကာကွယ်ရေး တပ်ဖွဲ့က တပ်ရင်းမှူး တဦးက ဗွီအိုအေကို အခုလို ပြောပါတယ်။

“ကျွန်တော်တို့ အခုဆို တိုက်ပွဲဖြစ်တာ ၄ ရက်ရှိနေပြီဆိုတော့လေ။ သူတို့နဲ့ အခုလောလောဆယ်တော့ တင်းမာနေဆဲပေါ့။ သူတို့ဘက်ကလည်း ကျွန်တော်တို့ဘက်က လူတွေကို မလွှတ်ပေးချင်တော့ တိုက်တာ။ တကယ်တမ်းကြတော့ တိုက်ဖို့ အစီအစဉ်မရှိဘူး။ ဒီလိုနဲ့ပိုပြီးတော့မှ အရှိန်မြင့်လာတာပေါ့။ မနေ့ကဆို သူတို့က Mi35 တွေနဲ့ ကိုင်ကြတာပေါ့။ အခုတိုက်ပွဲက သူတို့စခန်းကုန်းနား တဝိုက်မှာပဲ ဖြစ်နေတာ။ သူတို့က ကျွန်တော်တို့ဘက်က လူတွေကို ဖမ်းတာ ၄ ယောက်တောင် ရှိပြီ ဆိုတော့လေ။ အစကတော့ သူတို့က အေးဆေးနေတယ်။ အဲ့မှာ ပြည်သူတွေလည်း အထိခိုက်မရှိဘူး။ ဖမ်းဆီးတာတွေ ရှိတဲ့အခါကြတော့ ကျွန်တော်တို့လည်း ပြန်တိုက်ရတာပေါ့။”

စစ်တပ်ဟာ ခမ်းပတ် အမှတ် (၁) ရပ်ကွက်နဲ့ ကနန်ကျေးရွာကြားမှာ တပ်စွဲထားတာဖြစ်ပြီး ဖမ်းဆီးထားတဲ့ ပြည်သူ့အုပ်ချုပ်ရေး အဖွဲ့ဝင်တွေကို ပြန်လွှတ်ပေးတာ မရှိသေးဘဲ ရိုက်နှက် နှိပ်စက်တာတွေ လုပ်နေတယ်လို့ ကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။

တိုက်ပွဲအတွင်း စစ်တပ်ဘက်က ၅ ဦး သေဆုံးခဲ့တယ်လို့ ကာကွယ်ရေး အဖွဲ့တွေက ပြောပေမယ့် ဗွီအိုအေအနေနဲ့ ဒါကို သီးခြား အတည်မပြုနိုင်သလို စစ်ကောင်စီဘက်ကလည်း သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ ဒီလ ၂၃ ရက်နေ့ကတော့ တိုက်ပွဲအတွင်း စစ်တပ်ဘက်က ပစ်ခတ်တဲ့ လက်နက်ကြီး ထိမှန်ပြီး ကလေးငယ်တဦး သေဆုံးခဲ့တယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။ တိုက်ပွဲကြောင့် ခမ်းပတ်မြို့က ဒေသခံ အားလုံးနီးပါး အပြင် ကနန်ကျေးရွာက ဒေသခံတွေပါ ဘေးလွတ်ရာ တိမ်းရှောင်နေရတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီပေးနေသူ တဦးက ဗွီအိုအေကို အခုလို ပြောပါတယ်။

“ခမ်းပတ်မြို့မှာရော၊ ခမ်းပတ်နဲ့ ကနန်မှာရော တံတားပဲခြားတာကို ကနန်နဲ့ ခမ်းပတ်မှာက လုံး၀ ပြည်သူမရှိတော့ဘူး။ အကုန် ထွက်ပြေးကုန်ကြပြီ။ ပန်းသာမှာ စပြီး တိုက်ပွဲဖြစ်တယ်။ အဲ့ကြားထဲက လူတွေ အကုန်လုံးကလည်း ဘုတ်ကံနဲ့ ခမ်းပတ်မှာ လူတွေစုသလို ဖြစ်သွားတာပေါ့နော်။ ဘုတ်ကံ ခမ်းပတ်မှာလည်း မြို့ဆိုတော့လေ လူတွေက များသွားတာပေါ့။ အခု အဲ့ဘက်ကလူတွေ အကုန်ထွက်ပြေးတာ ဆိုတော့ ထောင်ဂဏန်းကျော်တယ်ရှင့်။ ရိက္ခာ ပြတ်တောက်တာလောက်ပဲ ရှိတာဆိုတော့ ကျန်းမာရေး ဆေးဝါးကတော့ အရမ်းကြီး မလိုဘူး။”

Tamu city တမူးမြို့
Tamu city တမူးမြို့

ခမ်းပတ်မြို့ တိုက်ပွဲကြောင့် တမူးမြို့နဲ့ အနီးဆုံးဖြစ်တဲ့ အိန္ဒိယနိုင်ငံ၊ မဏိပူရ ပြည်နယ်ထဲကို ကလေးသူငယ်တွေနဲ့ အမျိုးသမီးတွေ အပါအဝင် လူ ၇၀၀ ကျော် ပြီးခဲ့တဲ့ရက်ပိုင်းက ထွက်ပြေးလာတဲ့အကြောင်း မဏိပူရ အာဏာပိုင်တွေကလည်း ပြောဆိုထားပါတယ်။ အထောက်အထားမဲ့ နယ်စပ်ဖြတ်ကျော် ဝင်လာတဲ့ မြန်မာတွေကို အိန္ဒိယနိုင်ငံ ထဲကနေ ပြန်လည် မောင်းထုတ်ဖို့ ပြည်နယ်အစိုးရက ကြိုးပမ်းနေတဲ့အကြောင်းလည်း အိန္ဒိယသတင်းတွေမှာ ဖော်ပြကြပါတယ်။

ဒီနှစ် နှစ်ဆန်းပိုင်းကတုန်းကလည်း မဏိပူရ ပြည်နယ် မိုးရေးမြို့ဘက်ကို တိမ်းရှောင်လာတဲ့ ဒုက္ခသည် ၈၀ ကျော်ကို မဏိပူရပြည်နယ် ရဲတပ်ဖွဲ့က တရားမဝင် ဝင်ရောက်မှုနဲ့ ဖမ်းဆီးခဲ့တာ ရှိသလို တချို့ကို အာမခံနဲ့ ပြန်လွှတ်ခဲ့ပေမယ့်၊ ၅၀ ကျော်ကတော့ အခုချိန်ထိ အင်ဖာမြို့မှာ ထိမ်းသိမ်းခံနေရဆဲ ဖြစ်ပါတယ်။

ဒေသတွင်းလူ့အခွင့်အရေး အဖွဲ့တွေကတော့ စစ်ဘေးတိမ်းရှောင်လာသူတွေကို လူသားချင်းစာနာတဲ့အနေနဲ့ အတင်းအကျပ် ပြန်မောင်းထုတ်တာ၊ ဖမ်းဆီးတာတွေ မလုပ်ဖို့ တိုက်တွန်းနေကြပါတယ်။ မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းပြီးနောက်ပိုင်း အိန္ဒိယနိုင်ငံ မဏိပူရ ပြည်နယ်ထဲကို မြန်မာနိုင်ငံသား ၅,၀၀၀ ကျော်နဲ့ မီဇိုရမ်ပြည်နယ်ထဲကို ၃၅,၀၀၀ ကျော် ဝင်ရောက် ခိုလှုံနေကြတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG