သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒုက္ခသည်တွေနဲ့ ယာယီခိုလှုံခွင့်တောင်းသူတွေကို စိစစ်ဖို့ ထိုင်းအာဏာပိုင်ပြင်ဆင်


၂၀၂၃ခုနှစ် ဇူလိုင်လ ၁၂ရက်နေ့မနက် ကရင်နီပြည်နယ်တွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ရှားတောနဲ့ မယ်ဟောင်ဆောင် ထိုင်းမြန်မာနယ်စပ်နားမှာ ဒုက္ခသည် ၅၀၀၀ ဝန်းကျင် ထွက်ပြေးလာရပုံ။ (ယခင်မှတ်တမ်းဓာတ်ပုံ)
၂၀၂၃ခုနှစ် ဇူလိုင်လ ၁၂ရက်နေ့မနက် ကရင်နီပြည်နယ်တွင်း လေကြောင်းတိုက်ခိုက်မှုကြောင့် ရှားတောနဲ့ မယ်ဟောင်ဆောင် ထိုင်းမြန်မာနယ်စပ်နားမှာ ဒုက္ခသည် ၅၀၀၀ ဝန်းကျင် ထွက်ပြေးလာရပုံ။ (ယခင်မှတ်တမ်းဓာတ်ပုံ)

ထိုင်းနိုင်ငံကိုရောက်လာတဲ့ ဒုက္ခသည်တွေ ယာယီခိုလှုံခွင့်လျှောက်ထားဖို့ နောက်ခံသမိုင်းကြောင်းတွေကို စစ်ဆေးမယ့်အစီအစဉ် ဒီလကုန်လောက်မှာစတင်ဖို့ ထိုင်းအာဏာပိုင်တွေ ပြင်ဆင်နေပါတယ်။ ခိုလှုံခွင့်ငြင်းပယ်ခံရသူတွေကို ချက်ခြင်းဆိုသလို နေရပ်ရင်း ပြန်ပို့လာနိုင်တဲ့အတွက် ဒုက္ခသည်တွေရဲ့လုံခြုံရေးကိုအာမခံဖို့ လူ့အခွင့်အရေးအဖွဲ့တွေက ကန့်ကွက်နေပါတယ်။ စစ်ဆေးမေးမြန်းတာတွေမှာ နိုင်ငံတကာ စံသတ်မှတ်ချက်တွေနဲ့အညီလုပ်ဖို့လိုပြီး ကိုယ်ရေးကိုယ်တာအချက်အလက်လုံခြုံမှုကိုအာမခံဖို့နဲ့ ဒုက္ခသည်တွေအပေါ် မတရားအနိုင်ကျင့်တာမျိုးတွေ မဖြစ်အောင်ကာကွယ်ပေးဖို့ ထောက်ပြပြောဆိုနေပါတယ်။ AFP သတင်းဆောင်းပါးကို အခြေခံပြီး မဆုမွန်က တင်ပြပေးထားပါတယ်။

အရင်က ထိုင်းနိုင်ငံမှာ ဒုက္ခသည်နဲ့ရွေ့ပြောင်းဝင်လာသူတွေ ခွဲခွဲခြားခြားသတ်မှတ်ထားတာ မရှိပါဘူး။ အခုလို နိုင်ငံအတွင်းမှာ လာနေထိုင်တဲ့သူတွေကိုစစ်ဆေးပြီး ခိုလှုံခွင့်လျှောက်ခိုင်းမယ့် စီမံချက် မစခင် အရင် ဆယ်စုနှစ်နဲ့ချီကတည်းက တရားမဝင်နေထိုင်ခဲ့သူတွေလည်း အများအပြား ရှိပါတယ်။ ဗီယက်နမ်နိုင်ငံက Geng Thi Pang ဆိုရင် ကလေး ၅ ယောက်ရဲ့ မိခင်ပါ။

"အခုလို ဇာထိုးပန်းထိုး အပ်ချုပ်လုပ်ရတဲ့အခါ ကျမအတွက်တော့ သိပ်ပျော်ပါတယ်။ အလုပ် တခု လုပ်ရသလိုခံစားရပြီး မိသားစုအတွက်လည်းဝင်ငွေရတယ်။ အလုပ်မရှိတော့တဲ့အတွက် ဒီအလုပ်လေးရတာကို ကျမက ပျော်နေမိပါတယ်။"

ရတဲ့ အလုပ်လုပ်လုပ်ပြီး ထိုင်းနိုင်ငံမှာ နေနေပေမဲ့ အမြဲစိုးရိမ်နေရတယ်လို့ Hmong ဒုက္ခသည် သင်းအုပ်ဆရာ Sung Seo Hoa က ပြောပါတယ်။

"ကျနော်တို့က တရားမဝင်နေရတာဆိုတော့ အားလုံးက ကြောက်နေကြရတာပါ။ ရဲက ဖမ်းမှာလည်း ကြောက်တယ်၊ အချုပ်ထဲ ရောက်မှာ၊ ဗီယက်နမ်ကို ပြန်ပို့မှာကို ကြောက်ပါတယ်။ ဒါကို အမြဲပဲ စိုးရိမ်နေရတာပါ။"

အခု တရားမဝင်လာရောက်နေထိုင်သူတွေကို ခိုလှုံခွင့်လျှောက်ထားခိုင်းပြီး ဘယ်သူက နေရပ်ကို အမှန်တကယ်ပြန်လို့ မရမရ ထိုင်း တာဝန်ရှိသူတွေက စစ်ဆေးဖို့ ပြင်ဆင်နေတာပါ။ ဒါကို ဒုက္ခသည်တွေ စိုးရိမ်နေကြတာပါ။

"ထိုင်း အာဏာပိုင်တွေရဲ့ စောင့်ကြည့်စစ်ဆေးတဲ့ စနစ်သစ်အောက်မှာ ဒုက္ခသည်အဖြစ် လျှောက်ထားမယ်ဆိုရင် အခု ရှေ့နေတွေ ရှင်းပြသမျှ သူတို့က ကျနော်တို့ကို လူတွေ တွေ့ဆုံ စစ်ဆေးပါမယ်၊ အင်တာဗျုး လုပ်ပါ့မယ်။ အင်တာဗျုးမှာ မအောင်ဘူးဆိုရင် ချက်ခြင်း နေရပ်ပြန်ပို့မယ်။ အောင်ရင်တော့ ဒီမှာ ယာယီနေထိုင်ခွင့်ရမယ်လို့ ပြောပါတယ်။ ကျနော်ကတော့ လျှောက်ဖြစ်မယ် မထင်ပါဘူး။"

Hmong ဒုက္ခသည် သင်းအုပ်ဆရာ Sung Seo Hoa ကပြောပြခဲ့တာပါ။

လူတွေရဲ့ နောက်ခံသမိုင်းတွေကိုစစ်ဆေးတဲ့အခါ သက်ဆိုင်ရာနိုင်ငံတွေမှာရှိတဲ့ ဖိနှိပ်တဲ့ အုပ်ချုပ်ရေးအဖွဲ့တွေက ရာဇဝတ်သားအဖြစ် တံဆိပ်ကပ်တာမျိုးတွေ ရှိလာမှာကိုလည်း လူ့အခွင့်အရေး အဖွဲ့တွေက ထောက်ပြပါတယ်။

Fortify Rights အဖွဲ့က Patrick Phongsathorn က အခုလို ပြောပါတယ်။

"ရာဇဝတ်မှု ကျုးလွန်ခဲ့တာရှိမရှိ မှတ်တမ်းအတွက် လူတဦးချင်းဆီရဲ့သမိုင်းကြောင်းကို သူတို့က ကြည့်ပါလိမ့်မယ်။ ယာယီ အကာအကွယ်ပေးဖို့ လျှောက်ထားတဲ့အခါ ဒီမှတ်တမ်းအရ ဆုံးဖြတ်မယ်ဆိုရင် စိုးရိမ်စရာကောင်းပါတယ်။ ဥပမာ မြန်မာနိုင်ငံက ထွက်ပြေးလာသူတွေ၊ သူတို့ နာမယ်တွေကို ပြောလိုက်တာနဲ့ သူတို့အပေါ် ရာဇဝတ်မှုတခုခုနဲ့ အခြေအမြစ်မရှိ စွပ်စွဲ ထားတာမျိုးတွေက ရှိနေပြီးသားပါ။"

နိုင်ငံရေးတက်ကြွလှုပ်ရှားတဲ့ အတိုက်အခံတွေ ထိုင်းနိုင်ငံမှာဖမ်းဆီးခံရပြီး နေရပ်ရင်းပြန်ပို့ ခံခဲ့ရတဲ့ သမိုင်းတွေရှိခဲ့တယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေက ထောက်ပြပါတယ်။ ၂၀၁၅ ခုနှစ် က Uyguhrs လူမျိုး ၁၀၉ ယောက်အပါအဝင် ဒုက္ခသည်တွေ တရုတ်နိုင်ငံကို ပြန်ပို့ခံခဲ့ရတာ၊ ၂၀၁၉ ခုနှစ်က ဗီယက်နမ် သတင်းထောက် ၂ ယောက် ဘန်ကောက် ကုန်တိုက်ကြီးမှာ ပျောက်သွားပြီး နောက်ပိုင်း ဗီယက်နမ်တရားရုံးမှာ တရားခံအဖြစ် အမှုရင်ဆိုင်ခဲ့ရပြီး ထောင်ဒဏ် ၁၀ နှစ် ပြစ်ဒဏ်ချမှတ်ခံခဲ့ရတာကို လူ့အခွင့်အရေးအဖွဲ့တွေက ထောက်ပြပါတယ်။ ၂၀၂၁ ခုနှစ်က ထိုင်းနိုင်ငံမှာ ပြန်ပို့ခဲ့တဲ့ ကမ္ဘောဒီးယား အတိုက်အခံ လေးဦး နေရပ်ပြန်ရောက်တဲ့အချိန် ဖမ်းဆီးခံခဲ့ရတယ်လို့ လူ့အခွင့်အရေးအဖွဲ့ က Patrick Phongsathorn က ပြောပါတယ်။

"ထိုင်းနိုင်ငံက အရှေ့တောင်အာရှမှာ အားလုံး လာစုတဲ့ နေရာလို ဖြစ်နေပါတယ်။ ဖိနှိပ်ခံရဖို့ ကြားခံဒေသလို့ တခါတလေ သုံးနှုန်းပါတယ်။ ဥပမာ ဗီယက်နမ်က နိုင်ငံရေး အတိုက်အခံတယောက် လမ်းမှာပြန်ပေးဆွဲခံရပြီး ဗီယက်နမ်ကို ပြန်ပို့ခံရတာ၊ ဟိုမှာ တရားရင်ဆိုင်ရတာ၊ မရေမရာ ဘဝ ရောက်သွားတာမျိုးတွေ၊ ဒါမျိုးတွေကို ထိုင်းမှာ မကြာခန တွေ့ဖူးပါတယ်။ စိတ်မကောင်းစရာပါ။"

အခု ထိုင်းနိုင်ငံမှာ ဒုက္ခသည်တွေကို ယာယီနေထိုင်ခွင့်အတွက် လျှောက်ထားမယ်ဆိုရင် လျှောက်ထားသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို ထိန်းသိမ်းပြီး လျို့ဝှက်ချက်တွေ မပေါက်ကြားဖို့၊ တခြား အစိုးရတွေနဲ့ အချက်အလက်တွေ ဖလှယ်တာမျိုးတွေ မလုပ်ဖို့ ထိုင်း အာဏာပိုင်တွေကို လူ့အခွင့်အရေးအဖွဲ့တွေက တောင်းဆိုနေပါတယ်။

"ဒီဒေသမှ ဖိနှိပ်အုပ်ချုပ်တဲ့ အစိုးရတွေအကြား ပူးပေါင်းဆောင်ရွက်ကြတာကို ကျနော်တို့က တွေ့နေရပါတယ်။ တဖက်နဲ့ တဖက် အတိုက်အခံတယောက်ကို ရှာဖို့ ဖမ်းဆီးဖို့၊ လွှဲပြောင်းပေးဖို့ လုပ်တာမျိုးတွေပါ။"

ထိုင်း အရာရှိတွေဘက်ကတော့ ထိုင်းနိုင်ငံဟာ လူသားချင်းစာနာမှုအရ ကူညီခဲ့တဲ့ အစဉ် အလာရှိပြီး လူ့အခွင့်အရေး သတ်မှတ်ချက်တွေကို လေးစားလိုက်နာမယ့်အကြောင်း ပြောဆိုထားပါတယ်။ ဒါပေမဲ့လည်း အခု ထိုင်းမှာ ယာယီနေထိုင်ခွင့် လျှောက်ထားရမယ့် အစီအစဉ်အရ မြန်မာနိုင်ငံအတွင်းက ရိုဟင်ဂျာ မူဆလင် လူနည်းစုတွေ၊ မြောက်ကိုရီးယား ဒုက္ခသည်တွေနဲ့ တရုတ်က Uyghurs လူမျိုးစုဝင်တွေလို ဒုက္ခသည်တွေအတွက် ဘေးအန္တရာယ်တွေ့မှာကို Human Rights Watch လို့ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့က စိုးရိမ်နေပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG