သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာပြဿနာ စုပေါင်းအဖြေရှာကြဖို့ ကုလအတွင်းရေးမှူးချုပ် ပန်ကြား


Foto Achiv: Sekrete-Jeneral Nasyonzuni Antonio Guterres nan katye jeneral LONU, 27 Jiye, 2023.

မြန်မာနိုင်ငံတွင်းက စနစ်တကျ ခွဲခြားဆက်ဆံမှုနဲ့ အကြမ်းဖက်မှု ကျူးလွန်နေတာတွေရဲ့ အရင်းအမြစ်ကို ရှာဖွေဖေါ်ထုတ်ပြီး ရေရှည်တည်တံ့မယ့် အဖြေရှာနိုင်အောင် သက်ဆိုင်ရာအဖွဲ့အားလုံး ၂ ဆတိုး ပါဝင်ဖြေရှင်းကြဖို့ ကုလအတွင်းရေးမှူးချုပ် Antonio Guterres က တောင်းဆိုလိုက်ကြောင်း အတွင်းရေးမှူးချုပ်ရဲ့ လက်ထောက်ပြောခွင့်ရ Florencia Soto Niño က သောကြာနေ့ နယူးရောက် ကုလရုံးချုပ် သတင်းစာရှင်းလင်းပွဲမှာ ပြောပါတယ်။

မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ကနေ ရိုဟင်ဂျာတွေ အစုလိုက် ထွက်ပြေးလာတာ ၆ နှစ် ထဲရောက်လာပြီဖြစ်ပေမယ့် ရိုဟင်ဂျာတွေဟာ အခုအချိန်အထိ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် အပါအဝင် ပြည်ပမှာရော ပြည်တွင်းမှာပါ အိုးအိမ်ရွှေ့ပြောင်း အခြေချနေရဆဲပဲဖြစ်ကြောင်း ပြောသွားတာပါ။

ရိုဟင်ဂျာတွေ အပါအဝင် မြန်မာနိုင်ငံက ပြည်သူတွေဟာ လက်ရှိဖြစ်ပွါးနေတဲ့ ပဋိပက္ခတွေကြောင့်ရော မကြာသေးခင်က တိုက်ခတ်ခဲ့တဲ့ မိုခါ ဆိုင်ကလုံး ဒဏ်ကြောင့်ပါ ဒုက္ခကြုံနေရဆဲဖြစ်ပြီး ကုလသမဂ္ဂအနေနဲ့ ရိုဟင်ဂျာတွေ နေရပ်ရင်းကို သူတို့သဘောနဲ့သူတို့ ဘေးကင်းစွာ၊ သိက္ခာရှိရှိ ရေရှည်ပြန်နေနိုင်အောင် အခြေနေတွေ ဖန်တီးပေးဖို့ ဆက်ပံ့ပိုးပေး နေကြောင်းလည်း ပြောပါတယ်။

ဒါ့အပြင် အကြမ်းဖက်မှုတွေကြောင့် အိုးအိမ်စွန့်ခွါ ထွက်ပြေးနေရတဲ့ ဒေသတွေမှာ ဒုက္ခသည် အကာကွယ်ပေးမှုတွေ ပိုကောင်းအောင် လုပ်ဆောင်တာနဲ့ တချိန်တည်းမှာပဲ လူသားစာနာမှုအကူညီ လိုအပ်နေသူတွေအတွက် တုံ့ပြန်အကူညီပေးနေတယ်လို့လည်း ပြောပါတယ်။

မြန်မာ့အရေး ရေရှည်ဖြေရှင်းနိုင်မယ့် နည်းလမ်းတွေကို သက်ဆိုင်ရာ အဖွဲ့အားလုံးက စုပေါင်းပါဝင်ပြီး ဖြေရှင်းကြဖို့လည်း တိုက်တွန်းပါတယ်။ ဒုက္ခသည်တွေကို နှစ်ရှည်လများ လက်ခံထားတဲ့ ဘင်္ဂလားဒေ့ရှ်ကိုလည်း ကျေးဇူတင်ကြောင်း ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG