သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုနဲ့ မတရားအဖမ်းခံအကျဉ်းသားအားလုံးလွှတ်ပေးဖို့ ကုလလုံခြုံရေးကောင်စီ တောင်းဆို


ကုလသမဂ္ဂလုံခြုံရေးကောင်စီ မြန်မာ့အရေး တံခါးပိတ်ဆွေးနွေးပွဲ တက်ရောက်နေတဲ့ ကုလဆိုင်ရာဗြိတိန် အမြဲတမ်းကိုယ်စားလှယ် ဒု-သံအမတ်ကြီး James Kariuki (ဗဟို) (သြဂုတ်လ ၂၄၊ ၂၀၂၃)
ကုလသမဂ္ဂလုံခြုံရေးကောင်စီ မြန်မာ့အရေး တံခါးပိတ်ဆွေးနွေးပွဲ တက်ရောက်နေတဲ့ ကုလဆိုင်ရာဗြိတိန် အမြဲတမ်းကိုယ်စားလှယ် ဒု-သံအမတ်ကြီး James Kariuki (ဗဟို) (သြဂုတ်လ ၂၄၊ ၂၀၂၃)

ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ဗုဒ္ဓဟူးနေ့က မြန်မာအရေး တံခါးပိတ်ဆွေးနွေးခဲ့ပြီး အဖွဲ့ဝင် ရုရှား၊ တရုတ် မပါတဲ့ ကျန်တဲ့ (၁၃) နိုင်ငံက ပူးတွဲ ကြေညာချက် တစောင်ထုတ်ပြန်ခဲ့ရာမှာ သမ္မတဦးဝင်းမြင့်နဲ့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးခံထားရတဲ့ အကျဉ်းသားအားလုံးကို အမြန်ဆုံးပြန်လွှတ်ပေးရေးနဲ့ လူ့အခွင့်အရေးကို လေးစားလိုက်နာဖို့ ထပ်လောင်း တောင်းဆိုလိုက်ပါတယ်။

၂၀၂၂ တုန်းကချမှတ်ခဲ့တဲ့ လုံခြုံရေးကောင်စီ ဆုံးဖြတ်ချက်အမှတ် ၂၆၆၉ ကို ပြန်လည်ကိုးကားပြီး ထုတ်ပြန်ချက်မှာ “နိုင်ငံရေး အကျဥ်းသားတွေ ပြန်လွှတ်ပေးရေး၊ လူ့အခွင့်အရေး လေးစားလိုက်နာရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ ဒီမိုကရေစီလိုလားတဲ့ မြန်မာပြည်သူတွေရဲ့ဆန္ဒကို လေးစားလိုက်နာဖို့ တိုက်တွန်းခဲ့ကြောင်း” ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်ဒုတိယအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး James Kariuki က သတင်းထုတ်ပြန်ပါတယ်။

ဒါ့ပြင် အာဆီယံသဘာပတိရဲ့ မြန်မာ့အရေး ကြိုးပမ်းအားထုတ်မှုတွေကို အသိအမှတ်ပြုကြောင်းနဲ့ အာဆီယံအပေါ် အခိုင်အမာထောက်ခံအားပေးကြောင်း ထပ်လောင်းပြောကြားပြီး အာဆီယံဘုံသဘောတူညီချက် (၅) ရပ်ကို အပြည့်အဝ အကောင်အထည်ဖော်နိုင်ရေး ချက်ခြင်းလက်ငင်း အရေးယူဆောင်ရွက်ဖို့ မြန်မာစစ်တပ်ကို ထပ်မံတောင်းဆိုထားပါတယ်။

ထုတ်ပြန်ချက်ထဲမှာ ရခိုင်ပြည်နယ်က ရိုဟင်ဂျာ အကျပ်အတည်းပြဿနာရဲ့ မူလဇာစ်မြစ်ကို အဖြေရှာရေးနဲ့ လူနည်းစုတွေရဲ့ အခွင့်အရေးတွေကို အပြည့်အဝ ကာကွယ်ပေးရေး အချက်တွေကိုလည်း တောင်းဆိုထားပါတယ်။ ဒီတောင်းဆိုချက်တွေအားလုံးက တိုးတက်မှုမရှိသေးတဲ့အခြေအနေကိုလည်း စိုးရိမ်ကြောင်း ပြောပါတယ်။

ဒီတံခါးပိတ်ဆွေးနွေးပွဲအတွင်း မကြာသေးခင်က မြန်မာနိုင်ငံကိုရောက်ခဲ့တဲ့ ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ အကြီးအကဲတဦးဖြစ်သူ Martin Griffiths ကလည်း သူ့ခရီးစဥ်တွေ့ရှိချက်ကို တင်ပြခဲ့ပြီး မြန်မာနိုင်ငံအရေး ဖြေရှင်းနိုင်ရေးကြိုးပမ်းချက်တွေကို လက်ထောက် အထွေထွေအတွင်းရေးမှူး Mohamed Khaled Khiari ကလည်း တင်ပြခဲ့ပါတယ်။

အရပ်သားတွေကိုသတ်ဖြတ်မှုနဲ့ အထူးသဖြင့် လေကြောင်းတိုက်ခိုက်မှုတွေကို ဆက်လက်ကျူးလွန်နေတာကိုလည်း ပြင်းပြင်းထန်ထန်ရှုတ်ချပြီး နိုင်ငံတကာ ဥပဒေကို လေးစားလိုက်နာဖို့နဲ့ အရပ်သားတွေကိုအကာအကွယ်ပေးဖို့ လိုအပ်ကြောင်းလည်း ထုတ်ပြန်ချက်မှာပါရှိပါတယ်။

မြန်မာနိုင်ငံမှာ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ လိုအပ်နေတဲ့လူဦးရေက ၁၈ သန်းကျော် ရှိနေပြီး လူ ၂ သန်း အိုးမဲ့အိမ်မဲ့ဖြစ်နေတယ်လို့ ကုလ လုံခြုံရေးကောင်စီက ပြောပါတယ်။ လူပေါင်း ၁၅ သန်းကျော်ဟာလည်း စားနပ်ရိက္ခာချို့ငဲ့နေပြီး တိုင်းရင်းသားတွေနဲ့ အခြား လူနည်းစုတွေ အပါအဝင် လိုအပ်နေသူတွေဆီ အကူအညီတွေ ဘေးကင်းလုံခြုံမှု ရှိရှိ ရောက်ရှိဖို့ လိုအပ်ကြောင်းလည်း တောင်းဆိုထားပါတယ်။

ဒါ့အပြင် ရိုဟင်ဂျာအရေးကိုလည်း ထည့်သွင်း‌ပြောဆိုခဲ့ပြီး ရိုဟင်ဂျာတွေအတွက် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပံ့ပိုးပေးဖို့ နိုင်ငံတကာမိတ်ဖက်တွေကို တိုက်တွန်းထားပါတယ်။ ရိုဟင်ဂျာတွေရဲ့ဆန္ဒအရ ဘေးကင်းပြီးဂုဏ်သိက္ခာရှိစွာနဲ့ သူတို့ရဲ့ဇာတိမြေကို ရေရှည်တည်တံ့ခိုင်မြဲတဲ့ နေရပ်ပြန်နိုင်ရေး အတွက် သံတမန်ရေးရာ ကြိုးပမ်းအားထုတ်မှုတွေအတွက် ထောက်ခံကြောင်း ဖော်ပြထားပါတယ်။

ဒီထုတ်ပြန်ချက်ကို လက်ရှိ လုံခြုံရေးကောင်စီ အဖွဲ့ဝင်နိုင်ငံတွေဖြစ်ကြတဲ့ အယ်လ်ဘေးနီးယား၊ ဘရာဇီး၊ အီကွေဒေါ၊ ပြင်သစ်၊ ဂါဘွန်၊ ဂါနာ၊ ဂျပန်၊ မော်လတာ၊ မိုဇမ်ဘစ်၊ ဆွစ်ဇာလန်၊ အာရပ်စော်ဘွားများပြည်ထောင်စု၊ ယူနိုက်တက်ကင်းဒမ်း၊ ယူအေအီး၊ ယူနိုက်တက်ကင်းဒမ်း (ဗြိတိန်) တို့က ထုတ်ပြန်တာ ဖြစ်ပြီး အမြဲတမ်း အဖွဲ့ဝင် ရုရှားနဲ့တရုတ်တို့ မပါဝင်ပါဘူး။

ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်ဒုတိယအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး James Kariuki ဟာ သူ့ရဲ့ လူမှုကွန်ရက် X မှာ လည်း မြန်မာ့အရေးအကြောင်း ဗုဒ္ဓဟူးနေ့က ရေးသားထားပြီး မြန်မာပြည်သူတွေအပေါ် စစ်အစိုးရရဲ့အကြမ်းဖက်မှုက ထိတ်လန့်စရာဖြစ်ပြီး အထူးသဖြင့် သူတို့ထိန်းချုပ်မှုပြင်ပကရပ်ရွာတွေကို အကူအညီတွေ ပိတ်ဆို့ထားကြောင်းနဲ့ အကူအညီအပြည့်အဝရရှိရေး ကြိုးပမ်းအားထုတ်မှုတွေနဲ့ပတ်သက်ပြီး လုံခြုံရေးကောင်စီမှာ ဆက်လက်လုပ်ဆောင်နိုင်ရေး ဆွေးနွေးမယ်လို့ ဆွေးနွေးပွဲမတိုင်မီက ပြောထားပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG