သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာအရေး လျစ်လျူရှုမထားဖို့ Tom Andrews တိုက်တွန်း

FILE - U.N. Special Rapporteur on Myanmar Tom Andrews gives a press conference in Geneva, Sept. 22, 2022.
FILE - U.N. Special Rapporteur on Myanmar Tom Andrews gives a press conference in Geneva, Sept. 22, 2022.

ရိုဟင်ဂျာ လူမှုအသိုင်းအဝန်းနဲ့ ခေါင်းဆောင်တွေက အခြေခံ လူ့အခွင့်အရေးတွေကို ငြင်းပယ်ခံနေရတဲ့ သန်းနဲ့ချီနေတဲ့ ဒုက္ခသည်တွေအတွက် တရားမျှတမှု ရရှိရေး၊ လုံခြုံရေးနဲ့ ရေရှည် ရပ်တည်နိုင်ရေး ဘယ်လောက်ပဲ ကြိုးစား လုပ်ဆောင်ကြပေမယ့် နိုင်ငံတကာ အစိုးရတွေရဲ့ မကြခဏဆိုသလို လျစ်လျူရှုခြင်းခံနေရတယ်လို့ မြန်မာနိုင်ငံ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂအထူးကိုယ်စားလှယ် တွမ်အင်ဒရူး (Tom Andrew)က သောကြာနေ့မှာ ပြောဆိုလိုက်ပါတယ်။ တကယ် အလုပ်ဖြစ်မယ့် လုပ်ရပ်တွေအတွက် လူ့အခွင့်အရေးကို လေးစားတဲ့ နိုင်ငံတွေ စုပေါင်းလုပ်ကြဖို့ သူက နှိုးဆော်လိုက်ပါတယ်။

“မကြာခဏဆိုသလို ရိုဟင်ဂျာအရေး ပြောဆို လှုပ်ရှားမှုတွေဟာ အခြေအနေတွေ မတူကွဲပြားအောင် လုပ်ပေးနိုင်စွမ်းသူတွေရဲ့ ငြင်းဆန်ခြင်းကို ခံနေရပါတယ်။ နိုင်ငံ အစိုးရတွေဟာ မကြာမကြာ အနှစ်မပါတဲ့ ထုတ်ပြန်ချက်တွေ ထုတ်တာ၊ နောက်ဆက်တွဲ အရေးယူမှု အကျိုးဆက်မပါတဲ့ ဆုံးဖြတ်ချက်တွေအတွက် ထောက်ခံမဲပေးမှုတွေ လုပ်တတ်ကြပါတယ်။ ကျနော် ပွင့်ပွင့်လင်းလင်း ပြောပါမယ်။ ကျနော် ရိုဟင်ဂျာ အသိုင်းအဝန်းနဲ့ စကားပြောကြည့်တဲ့ အခါမှာ သူတို့က အနှစ်မပါ ဗလာသက်သက် ကတိစကားတွေကို စိတ်ပျက်နေကြပါပြီ။ နိုင်ငံရေးအရ ပြောဆိုတဲ့ စကားလုံးသက်သက်၊ ဘယ်ကိုမှ ခရီးမပေါက်ဘဲ မရေတွက်နိုင်အောင် ထုတ်ပြန်နေတဲ့ ကုလ ထုတ်ပြန်ချက်တွေက သူတို့ရဲ့ သားသမီးတွေကို ဗိုက်ဝစေမှာ မဟုတ်ပါဘူး”လို့ ကုလ အထူးကိုယ်စားလှယ်က ပြောသွားတာပါ။

ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုလို့ ညွှန်းဆိုကြတဲ့ ၂၀၁၇ ရခိုင်မြောက်ပိုင်း၊ စစ်တပ်ရဲ့ စစ်ဆင်ရေးတွေကြောင့် ရိုဟင်ဂျာတွေ အစုလိုက်အပြုံလိုက် ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးခိုလှုံခဲ့တာ ၆ နှစ်ပြည့် အောက်မေ့ဖွယ်အခမ်းအနားကို အွန်လိုင်းမှာ ပြုလုပ်ရာမှာ ကုလအထူးကိုယ်စားလှယ်က အဲဒီလို ပြောခဲ့တာပါ။ အဲဒီပွဲမှာ ရိုဟင်ဂျာလူမှုအဖွဲ့တွေက အမေရိကန်၊ ယူကေ၊ ယူအေအီး၊ ဘင်္ဂလားဒေ့ရှ်၊ ဂမ်ဘီယာ အစရှိတဲ့ နိုင်ငံတကာက တာဝန်ရှိသူတွေနဲ့အတူ ရိုဟင်ဂျာအရေး တွေ့ဆုံ ဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။

(၆)နှစ်ပြည့်ချိန်မှာ ပြန်လည် သုံးသပ်တာ၊ ရိုဟင်ဂျာတွေနဲ့ အတူတကွ ရပ်တည်ကြောင်း ပြသတာတွေလုပ်ဖို့ လိုတာမှန်ပေမယ့် အရေးကြီးဆုံးက ခံစားနေရတဲ့ ရိုဟင်ဂျာ အသိုင်းအဝန်းအတွက် တကယ် အပြောင်းအလဲ ဖြစ်စေမယ့် အလုပ်တွေ လုပ်ဖို့ပါပဲလို့လည်း တွမ်အင်ဒရူးက သတိပေးပါတယ်။ နိုင်ငံတကာ အစိုးရတွေအနေနဲ့ ရိုဟင်ဂျာတွေ အပေါ် ကျူးလွန်ခဲ့သူတွေကို တာဝန်ခံမှု ရှိစေရေး လုပ်ဆောင်ရမှာ ဖြစ်သလို ရိုဟင်ဂျာတွေနဲ့ သူတို့ရဲ့ မျိုးဆက်သစ်တွေအတွက် သူတိုနဲ့ထိုက်တန်တဲ့ လိုအပ်နေတဲ့ ရေရှည်အကူအညီ ပံ့ပိုးမှုတွေ ပေးရမယ်လို့လည်း ပြောပါတယ်။ ဒါတွေ လုပ်နိုင်ဖို့ ရုရှားနဲ့ တရုတ် ပါနေတဲ့ ကုလလုံခြုံရေးကောင်စီကို ကျော်ဖြစ်စရာမလိုဘဲ လူ့အခွင့်အရေးကို လေးစားလိုက်နာတဲ့ နိုင်ငံတွေက အတူပူးပေါင်းပြီး အရေးယူဆောင်ရွက်နိုင်သလို ဆောင်ရွက်ဖို့လည်း တာဝန်ရှိကြောင်းလည်း သူက ထောက်ပြခဲ့ပါတယ်။

ရိုဟင်ဂျာတွေကို ကျူးလွန်ခဲ့တဲ့ စစ်တပ်ဟာ အခုအချိန်မှာ တနိုင်ငံလုံးကို အလားတူ ရက်ရက်စက်စက် ဖိနှိပ်နေပြီဖြစ်လို့ အာဏာသိမ်းစစ်တပ်ရဲ့ လက်နက်၊ ငွေကြေးနဲ့ တရားဝင်မှုကို ပိတ်ပင် တားမြစ်ရမှာ ဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလ အထူးကိုယ်စားလှယ်က တောင်းဆိုခဲ့ပါတယ်။

ဒီအောက်မေ့ဖွယ် အခမ်းအနားကို တက်ရောက်ခဲ့တဲ့ နယ်သာလန် The Hague ဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး Riaz Hamidullah ကတော့ ရိုဟင်ဂျာ သန်းနဲ့ချီကို လက်ခံထားတဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ ရိုဟင်ဂျာအရေး အတွက် အပြည်ပြည်ဆိုင်ရာတရားရုံး (ICJ)၊ အပြည်ပြည်ဆိုင်ရာ ရာဇ၀တ်တရားရုံး (ICC)၊ မြန်မာနိုင်ငံဆိုင်ရာလွတ်လပ်သော စုံစမ်းစစ်ဆေးမှု ယန္တရား IIMM အစရှိတဲ့ အဖွဲ့အစည်းတွေ၊ နိုင်ငံတွေနဲ့ လက်တွဲဆောင်ရွက်နေကြောင်းနဲ့ ဖွံ့ဖြိုးပြီး နိုင်ငံကြီးတချို့နဲ့ ဒေသတွင်းအဖွဲ့ အာဆီယံအနေနဲ့လည်း ရိုဟင်ဂျာအရေး မတူကွဲပြား ချဥ်းကပ်မှုနဲ့ ပိုမို လုပ်ဆောင်သင့်ကြောင်း ပြောသွားပါတယ်။

ရိုဟင်ဂျာအရေး လျစ်လျူရှုမထားဖို့ Tom Andrews တိုက်တွန်း
please wait

No media source currently available

0:00 0:01:52 0:00
တိုက်ရိုက် လင့်ခ်
This item is part of
XS
SM
MD
LG