သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

"ရုရှားနဲ့တရုတ် မြန်မာစစ်ကောင်စီကို လက်နက်ရောင်းချပေးနေ" ကုလအထူးကိုယ်စားလှယ်


မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် Tom Andrews
မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် Tom Andrews

မြန်မာစစ်တပ်ဟာ ၂၀၂၁ ခုနှစ် ဖေဖေါ်ဝါရီလ အာဏာသိမ်းပြီးနောက် စစ်လက်နက်ပစ္စည်းနဲ့ စစ်လက်နက်ကုန်ကြမ်းပစ္စည်း အနည်းဆုံး အမေရိကန်ဒေါ်လာ သန်းတထောင်ဖိုးတင်သွင်းခဲ့ပြီး ဂျက်တိုက်လေယဉ်တွေအပါအဝင် စစ်လက်နက်ပစ္စည်းတွေ ထောက်ပံ့ပေးနေတဲ့ ရုရှားနဲ့တရုတ်ဟာ မြန်မာအတိုက်အခံတွေကို နှိမ်နင်းနေတဲ့ စစ်ကောင်စီကို အကူအညီပေးနေတာဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် Tom Andrews က ဗုဒ္ဓဟူးနေ့မှာပြောလိုက်ပါတယ်။

“မြန်မာအာဏာသိမ်းစစ်ကောင်စီဟာ ရုရှားလုပ် Mi 35 ရဟတ်ယာဉ်၊ MIG 29 ဂျက်တိုက်လေယာဉ်၊ Yak 130 လေယာဉ်တွေ၊ တရုတ်လုပ် K-8 ဂျက်တိုက်လေယာဉ်တွေအသုံးပြုပြီး စစ်အုပ်ချုပ်ရေးကိုဆန့်ကျင်နေတဲ့အတိုက်အခံတွေနဲ့ ကျောင်း၊ ဆေးခန်းအပါအဝင် အရပ်သားတွေကို တိုက်ခိုက်နေကြောင်း၊ ဒါ့ပြင်စစ်ကိုင်းတိုင်း ကန့်ဘလူမှာ ကလေး ၄၀ အပါအဝင် လူ ၁၆၀ ကျော်သေဆုံးခဲ့ရတဲ့ လေကြောင်းတိုက်ခိုက်မှုဟာ ရုရှားလုပ် Yak 130 နဲ့ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့” ပြောပါတယ်။

ရုရှားကနေဒေါ်လာ ၄၀၆ သန်းဖိုး၊ တရုတ်ကနေ ဒေါ်လာ ၂၆၇ သန်း ဖိုးဝယ်ယူတင်သွင်းခဲ့သလို မြန်မာစစ်တပ်အတွက် စစ်လက်နက်ပစ္စည်းတင်ပို့ရာမှာ စင်္ကာပူဟာ အရေးပါတဲ့ကြားခံနေရာဖြစ်ပြီး ဒါဇင်နဲ့ချီတဲ့လက်နက်ကုမ္ပဏီတွေထံကနေ ဒေါ်လာ ၂၅၄ သန်းဖိုးကို စင်္ကာပူကနေတဆင့် မြန်မာစစ်တပ်ထံကို ပေးပို့တင်သွင်းခဲ့တယ်လို့ ဖေါ်ပြ ထားပါတယ်။

ရုရှားအစိုးရပိုင် Rosoboronexprot ကုမ္ပဏီကနေ ဒေါ်လာ ၂၂၇ သန်းဖိုး SU 30 ဂျက် တိုက်လေယာဉ်တွေနဲ့ MIG 29 တိုက်လေယာဉ်တွေပေးပို့တင်သွင်းခဲ့သလို မြန်မာစစ်ကောင်စီအတွက် လက်နက်တင်သွင်းရာမှာ အိန္ဒိယ၊ ထိုင်းနဲ့ စင်္ကာပူနိုင်ငံတွေပါဝင်ပတ်သက်နေတယ်လို့လည်း မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးကိုယ်စားလှယ်Tom Andrew က အစီရင်ခံဖေါ်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

ဆက်စပ်သတင်းများ ...

XS
SM
MD
LG