သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာကို တရုတ်လက်နက်ရောင်းချကြောင်း ကုလ ပြောဆိုမှု ကန် ထောက်ခံ


ဆွန်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာကျင်းပတဲ့ ၅၁ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီအတွင်းတွေ့ရတဲ့ ကုလမြန်မာအထူးကိုယ်စားလှယ် Tom Andrews
ဆွန်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာကျင်းပတဲ့ ၅၁ကြိမ်မြောက် လူ့အခွင့်အရေးကောင်စီအတွင်းတွေ့ရတဲ့ ကုလမြန်မာအထူးကိုယ်စားလှယ် Tom Andrews

မြန်မာနိုင်ငံမှာ စစ်တပ်က ဆန့်ကျင်ကန့်ကွက်တဲ့ အင်အားစုတွေနဲ့ အရပ်သားပြည်သူတွေကို တိုက်ခိုက် နှိမ်နင်းဖို့ အာဏာသိမ်းပြီးနောက်ပိုင်း တရုတ်နိုင်ငံက စစ်လက်နက်နဲ့ စစ်ပစ္စည်းတွေ ဒေါ်လာသန်းနဲ့ချီ ဝယ်ယူခဲ့တယ်ဆိုတဲ့ လူ့အခွင့်အရေးဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ် Tom Andrews ရဲ့ အစီရင်ခံစာကို အခိုင်အမာ ထောက်ခံတဲ့အကြောင်း အမေရိကန်ပြည်ထောင်စုက ပြောဆိုပါတယ်။ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ Tom Andrews တင်ပြတဲ့ အစီရင်ခံစာကို တရုတ်နိုင်ငံက ကန့်ကွက်ခဲ့ပေမယ့် အစီရင်ခံစာပါ ဖေါ်ပြချက်တွေကို ထောက်ခံတဲ့အကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောခွင့်ရက VOA ကိုရီးယားဌာနကို သောကြာနေ့က ပြောဆိုခဲ့တာပါ။

မြန်မာစစ်တပ်ဟာ အာဏာသိမ်းပြီးတဲ့ အချိန်ကစလို့ အမေရိကန်ဒေါ်လာ သန်း ၁၀၀၀ ဖိုး စစ်လက်နက်နဲ့ ဆက်စပ် ကုန်ကြမ်းပစ္စည်းတွေကို ရုရှားနဲ့ တရုတ် အပါအဝင် နိုင်ငံတချို့ ဆီကနေ တင်သွင်းခဲ့တယ်လို့ လူ့အခွင့်အရေး အထူးကိုယ်စားလှယ် Tom Andrews က ပြောပါတယ်။ ဒီထဲမှာ ရုရှားက အမေရိကန်ဒေါ်လာ ၄၀၆ သန်းနဲ့ အများဆုံး ရောင်းချထားပြီး တရုတ်က ၂၆၇ သန်းနဲ့ ဒုတိယအများဆုံး ရောင်းချခဲ့ပါတယ်။ စင်္ကာပူက ၂၅၄ သန်း၊ အိန္ဒိယက ၅၁ သန်း၊ ထိုင်းက ၂၈ သန်း စသဖြင့် အသီးသီး ရှိပါတယ်။

တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရကတော့ Tom Andrews ရဲ့ အစီရင်ခံစာဟာ အချုပ်အခြာ အာဏာပိုင် နိုင်ငံတွေကြားက သာမန် လက်နက် ရောင်းဝယ်မှုတွေကို အချက်အလက်မှားတွေနဲ့ တဘက်သတ် အပုတ်ချတဲ့ လူ့အခွင့်အရေးအစီရင်ခံစာလို့ တုံ့ပြန်ခဲ့ပါတယ်။ Tom Andrews ကတော့ တရုတ်နိုင်ငံက တင်ပို့ခဲ့တဲ့ လက်နက်တွေထဲမှာ အဆင့်မြင့် သံချပ်ကာကားနဲ့ တိုက်ခိုက်ရေးဂျက်လေယာဉ်တွေအပြင် စစ်လက်နက် ထုတ်လုပ်ရေးသုံး အလူမီနီယံ၊ ကြေး၊ ရာဘာ စတဲ့ ဆက်စပ်ပစ္စည်းတွေလည်း ပါဝင်တဲ့အကြောင်းပြောဆိုထားပါတယ်။ မြန်မာ့နိုင်ငံရေး လေ့လာသူတွေကလည်း တရုတ်ဟာ သူ့အကျိုးစီးပွားကို အခြေခံပြီး အာဏာသိမ်း စစ်ကောင်စီကို စစ်ရေး အပါအဝင် တခြား ပံ့ပိုးမှုတွေ ဆက်ပေးနေတဲ့အကြောင်း VOA ကို ပြောဆိုကြပါတယ်။

မြန်မာကို တရုတ်လက်နက်ရောင်းချကြောင်း ကုလ ပြောဆိုမှု ကန် ထောက်ခံ
please wait

No media source currently available

0:00 0:01:34 0:00
တိုက်ရိုက် လင့်ခ်
XS
SM
MD
LG