သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာ ဌာနေပြန်ရေး ရှေ့ပြေးအစီစဉ် ရပ်ဆိုင်းဖို့ ဘင်္ဂလားဒေ့ရှ်ကို ကုလတိုက်တွန်း


MYANMAR-ROHINGYA
MYANMAR-ROHINGYA

ရိုဟင်ဂျာ ဌာနေပြန်ရေး ရှေ့ပြေးအစီစဉ် ရပ်ဆိုင်းဖို့ ဘင်္ဂလားဒေ့ရှ်ကို ကုလတိုက်တွန်း

ဘင်္ဂလားဒေ့ရှ် အစိုးရအနေနဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို မြန်မာနိုင်ငံပြန်ပို့မယ့် ရှေ့ပြေးစီမံကိန်းကို ချက်ချင်း ရပ်ဆိုင်းထားဖို့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်ရေးကိုယ်စားလှယ် Tom Andrews က ဇွန်လ ၈ ရက် ကြာသပတေးနေ့မှာ ကြေညာချက် ထုတ်ပြန် ပြောဆိုလိုက်ပါတယ်။

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေဟာ ရိုဟင်ဂျာတွေ မြန်မာနိုင်ငံကို ပြန်ဖို့ လှည့်ဖျားပြီး အတင်းပြန်ပို့ဖို့ ကြိုးစားနေတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေကြောင်းနဲ့ တကယ်တော့ မြန်မာနိုင်ငံရဲ့ အခြေနေဟာ သူတို့အတွက် ရေရှည်ကောင်းမွန် စိတ်ချရမှု မရှိသလို ဂုဏ်သိက္ခာရှိရှိ သူတို့ ဆန္ဒအလျှောက် ပြန်လို့ရမယ့် အနေထား မရှိဘူးလို့ ပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် အရာရှိတွေကတော့ ကနဦးအုပ်စုအနေနဲ့ ရိုဟင်ဂျာ ၁,၁၄၀ ကို ပြန်ပို့ဖို့ လုပ်နေတာဖြစ်ပြီး ရက်အတိအကျတော့ မပြောသေးပေမယ့် မကြာခင် ဖြစ်နိုင်တယ်လို့ ဆိုပါတယ်။ ဒါ့အပြင် ဒီနှစ်ကုန်လောက်မှာတော့ ၆,၀၀၀ လောက်ကို ပို့မှာ ဖြစ်ကြောင်းပြောပါတယ်။

ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေက သူတို့အစီစဉ်တွေအတိုင်း မလိုက်နာသူတွေကို ဖမ်းဖို့၊ စာရွက်စာတမ်းတွေ သိမ်းဆည်းဖို့နဲ့ တခြား လက်တုံ့ပြန်တာတွေ လုပ်မှာဖြစ်ကြောင်း ခြိမ်းခြောက်တဲ့ သတင်းတွေ ထွက်ပေါ်နေသလို ပြန်ဖို့ သဘောတူသူတွေကို ငွေအမြောက်အများ ပေးမယ်လို့ ပြောဆိုမှုတွေ ရှိနေတယ်လို့လည်း ပြောပါတယ်။

ရှေ့ပြေးအစီအစဉ်အရ ရိုဟင်ဂျာတွေဟာ သူတို့ရွာတွေကို သူတို့ ပြန်ရမှာ ဖြစ်ပါတယ်။ ပထမမောင်တောက ဒုက္ခသည်စခန်းမှာ နေထိုင်ရမှာဖြစ်ပြီး အဲဒီနောက်မှာ မြန်မာဘက်က ချထားပေးတဲ့ ရွာသစ် ၁၅ ရွာကို ပြောင်းရွှေ့ရမှာဖြစ်ပါတယ်။ ဒါ့အပြင် လွတ်လပ်စွာ သွားလာခွင့်လည်း မရှိပါဘူး။ မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေနေမျိုးမှာ သူတို့ိကို ပြန်ပို့မယ်ဆိုရင် သူတို့ဟာ လူ့အခွင့်ရေးချိုးဖေါက်မှုတွေ ကြုံရနိုင်ခြေရှိတဲ့အတွက် အစီအစဉ်တွေကို ဆိုင်းငံ့ထားဖို့ပါ တောင်းဆိုထားတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG