သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

OIC အကြီးအကဲ ရိုဟင်ဂျာဒုက္ခသည်စခန်းလာရောက်


ရိုဟင်ဂျာများခိုလှုံနေတဲ့ Kutupalong ဒုက္ခသည်စခန်း၊ မေ ၁၅၊၂၀၂၃။

အစ္စလာမ္မစ်ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ (OIC) ရဲ့ အကြီးအကဲဟာ တနင်္လာနေ့မှာဘင်္ဂလားဒေ့ရှ် နိုင်ငံတောင်ပိုင်း နယ်စပ်ဒေသ ကော့ဘဇားခရိုင်ထဲက ရိုဟင်ဂျာ ဒုက္ခသည်စခန်းတွေကို သွားရောက်ပြီး ဒုက္ခသည်တွေရဲ့ နေရေးထိုင်ရေး အခြေအနေကို ကြည့်ရှုခဲ့ပါတယ်။ တာဝန်ရှိသူတွေနဲ့ ဒေသခံတွေကို ကိုးကားပြီး တူရကီ နိင်ငံပိုင် Anadolu သတင်းအေဂျင်စီရဲ့ ဖော်ပြချက်မှာ OIC အထွေထွေအတွင်းရေးမှူး Hissein Brahim Taha ကရိုဟင်ဂျာဒုက္ခသည်တွေနဲ့ အမြင်ချင်းဖလှယ်ခဲ့ပြီး OIC အနေနဲ့ ရိုဟင်ဂျာတွေရဲ့ အကျိုးစီးပွားကို အမြဲကာကွယ်ပေးနေတယ်လို့ ပြောခဲ့တယ် ဆိုပါတယ်။

“OIC က ရိုဟင်ဂျာတွေ အတွက် ပြဿနာကို ရှေရှည် ဖြေရှင်းနိုင်မယ့် အကျိုးရှိမယ့်အဖြေတခုကို လိုလားပြီး ဘေးကင်းလုံခြုံ ဂုဏ်သိက္ခာရှိရှိနဲ့ နေရပ်ပြန်နိုင်ရေးကို သံတမန်လမ်းကြောင်းတွေကနေတဆင့် လုပ်ဆောင်နေတယ်” လို့ ပြောသွားကြောင်း ရိုဟင်ဂျာအသိုင်းအဝိုင်းခေါင်းဆောင် Tozibur Rahman က ဘင်္ဂလားဒေ့ရှ် ပြည်တွင်းမီဒီယာ တခုကို ဖြေကြားထားပါတယ်။

တွေ့ဆုံမှုအတွင်း ရိုဟင်ဂျာအသိုင်းအဝိုင်းခေါင်းဆောင်တွေက သူတို့ရဲ့ နိုင်ငံသားအခွင့်အရေးများ ပြန်လည်ရရှိရေးနဲ့ လူမျိုးတုံးသတ်ဖြတ်မှု တာဝန်ရှိသူတွေကို အရေးယူအပြစ်ပေးနိုင်ရေး မြန်မာအစိုးရကို ဖိအားပေးဖို့ OIC ကို တိုက်တွန်းခဲ့တယ် ပြောပါတယ်။

OIC အထွေထွေအတွင်းရေးမှူးဟာ ဘင်္ဂလားဒေ့ရှ်ကို စနေနေ့က ရောက်ရှိခဲ့တာဖြစ်ပြီး တနင်္ဂနွေနေ့ အစောပိုင်းတုန်းကတော့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီး AK Abdul Momen နဲ့ ဒါကာမြို့တော်မှာ တွေ့ဆုံခဲ့ပြီး ရိုဟင်ဂျာအရေး ဆွေးနွေးခဲ့ပါတယ်။ တွေ့ဆုံပွဲအပြီး မီဒီယာကိုဖြေကြားရာမှာတော့ မြန်မာနိုင်ငံအပေါ် ရိုဟင်ဂျာလူမျိုးတုံးသတ်ဖြတ်မှုနဲ့ အရေးယူနိုင်ဖို့ OIC အဖွဲ့ဝင်နိုင်ငံအားလုံးကို တောင်းဆိုခဲ့ပြီး “ဒါက OIC ရဲ့ ထိပ်တန်းဦးစားပေးကိစ္စ” လို့ OIC အထွေထွေအတွင်းရေးမှူး Taha ပြောခဲ့ပါတယ်။

တနင်္ဂနွေနေ့မှာပဲ Taha ဟာ ဘင်္ဂလားဒေ့ရှ် ဝန်ကြီးချုပ် ရှိတ်ဟာဆီနာနဲ့လည်း ဒါကာမှာ တွေ့ဆုံခဲ့ပါတယ်။ မစ္စ ဟာဆီနာက ရိုဟင်ဂျာတွေ ဘေးကင်းပြီး ဂုဏ်သိက္ခာရှိစွာ နေရပ်ပြန်ပို့ နိုင်ဖို့ OIC ရဲ့ ပံ့ပိုးကူညီမှုကို တောင်းခံထားတာပါ။

OIC အထွေထွေ အတွင်းရေးမှူးဟာ ငါးရက်ကြာ ခရီးစဉ်အတွင်း ကမ္ဘာ့အကြီးဆုံး ဒုက္ခသည်စခန်း ဖြစ်နေတဲ့ ကော့ဘဇားက ဒုက္ခသည် စခန်းတခုမှာ သစ်ပင်စိုက်တာ လုပ်ခဲ့သလို မတူညီတဲ့ စခန်းတွေကို သွားရောက်ခဲ့ပြီး ယာယီတဲတွေနဲ့ နေထိုင်နေတဲ့ ရိုဟင်ဂျာတွေရဲ့ အခြေအနေကို ကြည့်ရှုခဲ့ပါတယ်။

လက်ရှိမှာ ကော့ဘဇား ခရိုင်ထဲက စခန်း ၃၃ ခု မှာ ရိုဟင်ဂျာ ၁.၂ သန်းကျော် ရှိနေပါတယ်။ အများစုဟာ ၂၀၁၇ ခုနှစ် သြဂုတ်လအတွင်း ရခိုင်ပြည်နယ်မြောက်ပိုင်းမှာ စစ်တပ်က နယ်မြေရှင်းလင်းရေး စစ်ဆင်ရေး လုပ်ခဲ့လို့ ထွက်ပြေးခဲ့ကြရတာ ဖြစ်ပါတယ်။

OIC အကြီးအကဲ ရိုဟင်ဂျာဒုက္ခသည်စခန်းလာရောက်
please wait

No media source currently available

0:00 0:01:24 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG