သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရိုဟင်ဂျာများ ကိုယ်ပိုင်သက်မွေးဝမ်းကျောင်းနိုင်ရေး ကုလ ဒုမဟာမင်းကြီးတောင်းဆို


ကုတုပလောင်ဒုက္ခသည်စခန်းမှ အုတ်သယ်နေတဲ့ရိုဟင်ဂျာများ၊ စက်တင်ဘာ ၂၉ ၊ ၂၀၂၂
ကုတုပလောင်ဒုက္ခသည်စခန်းမှ အုတ်သယ်နေတဲ့ရိုဟင်ဂျာများ၊ စက်တင်ဘာ ၂၉ ၊ ၂၀၂၂

ရိုဟင်ဂျာဒုက္ခသည်တွေ အသက်မွေးဝမ်းကျောင်းပြု ရှာဖွေစားသောက်နိုင်ရေးနဲ့ ကိုယ့်ကိုကိုယ် မှီခိုအားထားနိုင်ရေး အစီအစဥ်တွေ အကူအညီပေးဖို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ ဒုတိယ မဟာမင်းကြီးက တနင်္လာနေ့မှာတောင်းဆိုလိုက်ပါတယ်။ ဒုတိယမဟာမင်းကြီး မစ္စ Kelly T. Clements က ဘင်္ဂလားဒေ့ရှ် နိုင်ငံ ကို ၄ ရက်ကြာခရီး ထွက်ခဲ့ပြီးတဲ့နောက် ခုလို တောင်းဆိုလိုက်တာ ဖြစ်ပါတယ်။

နိုင်ငံတကာက ရိုဟင်ဂျာဒုက္ခသည်တွေကို ပေးတဲ့အကူအညီကို ဇွန်လ ၁ ရက်နေ့ က စပြီး ဖြတ်တောက်လာရတဲ့အချိန်မှာ ခုလိုပြောကြားလိုက်တာလည်း ဖြစ်ပါတယ်။ အသက်မွေးဝမ်းကျောင်းနိုင်လောက်တဲ့ ကျွမ်းကျင်မှုတွေ ရရှိဖို့ ဒုက္ခသည်တွေ အနေနဲ့ သင်တန်းတွေတက် နဲ့ ပညာတွေ သင်ကြားနိုင်အောင် ဒုတိယ မဟာမင်းကြီး ကဆော်သြလိုက်ပါတယ်။

ရိုဟင်ဂျာ ဒုက္ခသည် ၉၂၀ ၀၀၀ နဲ့ ဝန်းကျင်က ဘင်္ဂလားဒေ့ရှ်မိသားစု အဖွဲ့ဝင် ၄၉၅၀၀၀ အတွက် ကုလသမဂ္ဂ က ဒီနှစ်အတွက် လိုအပ်ငွေအမေရိကန်ဒေါ်လာ ၈၇၆ သန်း အလှူခံခဲ့ပေမဲ့ ၂၄ ရာနှုန်းပဲ ရရှိခဲ့တာပါ။ ဒါကြောင့် ဒုက္ခသည်တွေ အနေနဲ့မိမိ အသက်မွေးဝမ်းကျောင်းပြုအားထားရတော့မယ့် အခြေအနေကို ရောက်ရှိလာရတာဖြစ်ပါတယ်။
ခုလို အကူအညီနည်းပါးလာတာကြောင့် အဟာရ ချို့တဲ့မှုနှုန်းမြင့်မားလာနိုင်သလို၊ ကျောင်းထွက်ကြတဲ့နှုန်းလည်း တက်လာနိုင်တယ်လို့ ကုလသမဂ္ဂက ခန့်မှန်းပါတယ်။ ဒါ့အပြင် ကလေးအရွယ် အိမ်ထောင်ပြုရတာ များလာနိုင်သလို၊ ကလေး လုပ်သားတွေလည်း များလာနိုင်တယ်လို့ ပြောပါတယ်။

ခုလို အခြေအနေမှာ ရိုဟင်ဂျာ ဒုက္ခသည်တွေ မြန်မာနိုင်ငံ ကို ပြန်ရေးဟာ လုံခြုံစိတ်ချ၊ မိမိသဘော အလျောက် လူ့ဂုဏ်သိက္ခာနဲ့အညီ ပြန်ရတဲ့ခရီးပဲ ဖြစ်ရပါမယ်လို့ ဒုတိယမဟာမင်းကြီးက ပြောပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံတွင်းက အခြေအနေမှန် သတင်းတွေ ရယူခွင့်ကိုလည်း လေးစားကြဖို့ မစ္စ Kelly T. Clements ကပြောသွားပါတယ်။ အဓမ္မ ဖိအားပေး ပြန်ခိုင်းတာမျိုး ကင်းဝေးရမယ်လို့လည်း ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG