သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် ဒဏ်ခတ်မှုသစ်အပေါ် မြန်မာ့အရေးစောင့်ကြည့်သူတချို့အမြင်


ယခင်မှတ်တမ်းရုပ်ပုံ | စစ်ရေးလေ့ကျင့်မှုတခုအတွင်း ဗုံးကြဲလေ့ကျင့်နေတဲ့ မြန်မာလေယာဉ်ဂျက်ဖိုက်တာများ (ဖေဖော်ဝါရီ ၂၊ ၂၀၁၈ )
ယခင်မှတ်တမ်းရုပ်ပုံ | စစ်ရေးလေ့ကျင့်မှုတခုအတွင်း ဗုံးကြဲလေ့ကျင့်နေတဲ့ မြန်မာလေယာဉ်ဂျက်ဖိုက်တာများ (ဖေဖော်ဝါရီ ၂၊ ၂၀၁၈ )

စစ်ကောင်စီအတွက် လေယာဉ်ဆီ ဖြန့်ဖြူးရောင်းချပေးနေတဲ့ လူပုဂ္ဂိုလ်တချို့နဲ့ ကုမ္ပဏီတွေကို အမေရိကန်အစိုးရက ထပ်မံပိတ်ဆို့ အရေးယူလိုက်ပါတယ်။ စစ်ကောင်စီက ပြည်သူတွေကို သတ်ဖြတ်ရာမှာသုံးနေတဲ့ လေယာဉ်ဆီ တင်သွင်းတဲ့ လမ်းကြောင်းတွေကို ပိတ်ဆို့ အရေးယူဖို့ တက်ကြွလှုပ်ရှားသူတွေက ဆက်တိုက်ဖိအားပေး တောင်းဆိုနေချိန်မှာ ခုလို အရေးယူလိုက်တာလည်း ဖြစ်ပါတယ်။ အခု ဒဏ်ခတ်ပိတ်ဆို့မှု အသစ်က စစ်ကောင်စီအတွက် ဘယ်လိုဖိအားတွေ ဖြစ်လာနိုင်ပါလဲ။ ရန်ကုန်ကပေးပို့တဲ့သတင်းကို အလိမ္မာက တင်ပြပေးပါမယ်။

သြဂုတ်လ ၂၃ ရက်နေ့ ရက်စွဲနဲ့ ထုတ်ပြန်တဲ့ အမေရိကန် ဘဏ္ဍာရေးဌာန ထုတ်ပြန်ချက်အရ အမေရိကန်အစိုးရရဲ့ နောက်ဆုံး ပစ်မှတ်ထား ဒဏ်ခတ်အရေးယူမှုစာရင်းမှာ ပါလာသူတွေကတော့ ဒေါ်ခင်ဖြူဝင်းနဲ့ ဦးဇော်မင်းထွန်းတို့ ဖြစ်ကြပြီး ကုမ္ပဏီသုံးခုကတော့ သူတို့နဲ့ ပတ်သက်နေတဲ့ ကုမ္ပဏီတွေ ဖြစ်ကြတယ်လို့ ဖော်ပြထားပါတယ်။ စစ်တပ်က ကိုယ့်ပြည်သူတွေကို သတ်ဖြတ်ရာမှာ သူတို့ ကုမ္ပဏီတွေကနေ ရောင်းချပေးနေတဲ့ လေယာဉ်ဆီကို အသုံးပြုခဲ့တာ ဖြစ်တယ်လို့ ဘဏ္ဍာရေးဌာနထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ ဒီပိတ်ဆို့မှုက စစ်ကောင်စီကို ဘယ်လောက် ထိခိုက်စေပါလဲ။ နိုင်ငံရေး လေ့လာသုံးသပ်သူတဦးက ဗွီအိုအေကို ခုလို ပြောပါတယ်။

"တဖြည်းဖြည်းနဲ့ ပိုတင်းကျပ်လာတဲ့ သဘောဆောင်တာပေါ့နော်။ တခြား တခြားသော လေယာဉ်ဆီ တင်သွင်းနေတဲ့ လမ်းကြောင်းကို ဘယ်လိုမျိုး ပိတ်လာဦးမလဲ ဆိုတဲ့ စစ်ကောင်စီဘက်မှာ စိုးရိမ်စိတ် ရှိလာနိုင်တယ်။ ကုန်ကျစရိတ် ပိုတိုးလာတယ်။ လေယာဉ်ဆီဈေး ပိုပေးလာရမယ်။ တခု တော်နေသေးတာက ကုမ္ပဏီတခုချင်း တင်သွင်းမှုလုပ်တဲ့ လုပ်ငန်းရှင် ကုမ္ပဏီတခု ချင်းဆီသာ လိုက်ပိတ်ဆို့နေတာ ဖြစ်တယ်။ ဒီထပ်ပိုပြီး မြန်မာပြည် တင်သွင်းတဲ့ လမ်းကြောင်းတွေ၊ မြန်မာပြည်အတွက် ငွေပေးချေတာ မျိုးတွေကို ပိတ်ဆို့တယ် ဆိုတာမျိုး ဖြစ်လာရင် ပိုပြီးရှောင်ရတိမ်းရခက်မယ်။ ပိုရဖို့ ခက်မယ်။ သေချာတာကတော့ စရိတ်ပိုကုန်လာမှာပဲ။"

လေကြောင်း တိုက်ခိုက်မှုအပြီး မြင်ရသည့် လက်ယက်ကုန်းရွာ စာသင်ကျောင်းတခု။ (Photo: Citizen Journalist)
လေကြောင်း တိုက်ခိုက်မှုအပြီး မြင်ရသည့် လက်ယက်ကုန်းရွာ စာသင်ကျောင်းတခု။ (Photo: Citizen Journalist)

စစ်ကောင်စီအတွက် အရေးပါတဲ့ နောက်ထပ် ကဏ္ဍတခုကို ခုလို တိုးချဲ့ ပစ်မှတ်ထား အရေးယူခြင်းအားဖြင့် ကိုယ့်နိုင်ငံသားတွေကို ဖိနှိပ်နေတဲ့ စစ်ကောင်စီရဲ့ အရင်းအမြစ်တွေကို နောက်တဆင့် ဖြတ်တောက်နိုင်တာ ဖြစ်တယ်လို့ အမေရိကန် ဘဏ္ဍာရေးဌာန အတွင်းဝန် ဘရိုင်ယန် နယ်လ်ဆန် (Brian Nelson) က ကြေညာချက်ထဲမှာ ပြောဆိုထားပါတယ်။

အမေရိကန်ရဲ့ အခုလို ပိတ်ဆို့မှုက ဖိနှိပ်ခံ မြန်မာပြည်သူတွေအတွက် ထိရောက်မှု ရှိတယ်လို့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌ ဦးအောင်မိုးဇော်က ပြောပါတယ်။ ဒါပေမဲ့ စစ်ကောင်စီအပေါ် ပိုပြီး ပြင်းထန်တဲ့ ဖိအားတွေပေးဖို့ လိုအပ်နေဆဲ ဖြစ်သလို၊ ဒီအတွက် မြန်မာပြည်သူတွေ ကိုယ်တိုင်က ကြိုးပမ်းအားစိုက်ရမှာ ဖြစ်တယ်လို့လည်း ဦးအောင်မိုးဇော်က ပြောပါတယ်။

"ကျနော် အဓိက ပြောချင်တာက ကျနော်တို့ တိုင်းပြည်ထဲက စစ်အုပ်စု ပြုတ်ဖို့က ကျနော်တို့ဖာသာ ကျနော်တို့ ရုန်းရမှာဖြစ်တယ်။ ကျနော်တို့ ပြည်သူတွေ ရုန်းရမှာဖြစ်တယ်။ တိုင်းပြည်ထဲက တော်လှန်ရေးသမားတွေ လုပ်ကြရမှာဖြစ်တယ်။ အမေရိကန်ပြည်ထောင်စု အနေနဲ့ ဒီနေ့ အခြေအနေအထိ ကျနော်တို့ လှုပ်ရှားမှုအပေါ်မှာ ခိုင်ခိုင်မာမာ ဆက်ရပ်ပြီးတော့ ထောက်ခံနေတုန်းဖြစ်တယ်။ ဒီထက် ပိုလုပ်နိုင်ရင်တော့ ကောင်းတာပေါ့။ ဒီထက် ပိုလုပ်နိုင်ဖို့ ကျနော်တို့ တတ်နိုင်သမျှ တိုက်တွန်းနေတုန်း ဖြစ်တယ်။ ကျနော်တို့ တိုင်းပြည်ထဲက တော်လှန်ရေး အင်အားစုတွေ ဖြစ်ဖြစ်၊ ကျနော်တို့ တိုင်းပြည်ထဲက ပြည်သူတွေကို ဒီထက် ပိုပြီး လက်တွေ့ကျကျ ကူညီပေးနိုင်ဖို့ ကျနော်တို့ လုပ်နေတယ်။ ဒီထက် ပိုကူညီ လာနိုင်ရင်တော့ ကျနော်တို့ ပြောနေတဲ့ sanction လုပ်တာတို့ဘာတို့ထက် သက်ရောက်မှု ပိုကြီးမှာပေါ့။"

ပြည်သူတွေကို ဖိနှိပ် သတ်ဖြတ်နေတဲ့ မြန်မာစစ်တပ်အပေါ် လေယာဉ်သုံး လောင်စာဆီနဲ့ ငွေကြေးတွေ ဖြတ်တောက်ပြီး ထိရောက်တဲ့ ဖိအားပေး အရေးယူမှုတွေ ချမှတ်ဖို့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအရေး လှုပ်ရှားသူတွေက နိုင်ငံတကာ အစိုးရတွေကို တောင်းဆိုနေကြတာပါ။

အမေရိကန် ဘဏ္ဍာရေးဝန်ကြီးဌာန အနေနဲ့ကတော့ ပြီးခဲ့တဲ့ ဇွန်လတုန်းကလည်း မြန်မာ့ရေနံနဲ့ ဓာတ်ငွေ့လုပ်ငန်း အပါအဝင် နိုင်ငံတော်ပိုင် လုပ်ငန်းတွေက နိုင်ငံခြားငွေ အတွက် အသုံးပြုနေတဲ့ ဘဏ် ၂ ဘဏ်ကို ပိတ်ဆို့ အရေးယူခဲ့သေးတယ်။ ခုလို အမေရိကန်ရဲ့ ဒဏ်ခတ် ပိတ်ဆို့ အရေးယူမှုတွေက ထိရောက်တယ် ဆိုပေမဲ့၊ လုံလောက်တဲ့ ဖိအားအဆင့် ရောက်မလာသေးဘူးလို့ နိုင်ငံရေး လေ့လာသုံးသပ်သူ တဦးက ပြောပါတယ်။

"ပြောမယ်ဆိုရင် ပိတ်ဆို့မှုတခုတည်းနဲ့ စစ်ကောင်စီ ပြုတ်ကျသွားအောင်ထိ လုပ်နိုင်ဖို့က မသေချာဘူး။ ပိတ်ဆို့မှုက တကယ်တန်းကျတော့ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ဆုံးဖြတ်ချက် ချတာမျိုး။ တကမ္ဘာလုံး လက်နက် အရောင်း ပိတ်ဆို့တာတွေ၊ နောက် ကုန်သွယ်ရေးအဆင့် ပိတ်ဆို့တာတွေ မရှိသေးဘူး။ ဘက်ပေါင်းစုံ ဖိအား ထိုးနှက်တာတွေ ပေါင်းမှ အဖြေတခုခု ရနိုင်တယ်။ လမ်းကြောင်းတခုခု ပေါ်လာနိုင်တာပေါ့။ ဖိအား ပိုပို သက်ရောက်အောင် ပိုပို ဖြစ်လာအောင် သက်ရောက်လာအောင် လုပ်နိုင်တဲ့ အဆင့်ပဲ ရှိပါသေးတယ်။"

အမေရိကန်အစိုးရက မနေ့က ဒဏ်ခတ်ပိတ်ဆို့မှုသစ် ချမှတ်လိုက်တဲ့ သြဂုတ်လ ၂၃ ရက်နေ့မှာပဲ ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ မြန်မာ့အရေး တံခါးပိတ် ဆွေးနွေးပွဲတရပ်လည်း ကျင်းပခဲ့ပါတယ်။ အဲ့ဒီဆွေးနွေးပွဲမှာ ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်း မိန့်ခွန်းပြောခဲ့တာမှာလည်း မြန်မာစစ်တပ်ကို လေယာဉ်သုံး လောင်စာဆီနဲ့ ငွေကြေးတွေ ဖြတ်တောက်ဖို့ အဖွဲ့ဝင်နိုင်ငံတွေကို ထပ်မံ တောင်းဆိုခဲ့ပါတယ်။ မြန်မာပြည်က လူတွေရဲ့ အသက်တွေကို ကယ်တင်ဖို့ အချိန်ထပ်မဆွဲဘဲ ဖိအားပေး အရေးယူဖို့လည်း သံအမတ်ကြီးက တိုက်တွန်း ပြောကြားခဲ့ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG