သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

နိုင်ငံခြားငွေ ထိန်းချုပ်ထားတဲ့ မြန်မာ့ဘဏ်နှစ်ခု အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှု နောက်ဆက်တွဲ အကျိုးဆက်


 မြန်မာ့စီးပွားရေးပညာရှင် ဦးစိန်ဌေး
မြန်မာ့စီးပွားရေးပညာရှင် ဦးစိန်ဌေး

မြန်မာနိုင်ငံမှာ နိုင်ငံခြားငွေနဲ့ ပတ်သက်ရင် ထိန်းချုပ်ထားတဲ့ ကုန်သွယ်ရေးနဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ဘဏ်နှစ်ခုလုံးကို အခုနောက်ဆုံး အမေရိကန်က ပိတ်ဆို့အရေးယူလိုက်တာဟာ ထိရောက်မှုရှိတယ်လို့ မြန်မာ့စီးပွားရေးပညာရှင် ဦးစိန်ဌေးက သုံးသပ်ပါတယ်။ တဘက်မှာလည်း စစ်အာဏာသိမ်းပြီး နှစ်နှစ်ကျော်လာချိန်ရောက်မှ အမေရိကန်က ဒီဘဏ်တွေကို ဘာကြောင့် အခုမှအရေးယူပိတ်ဆို့သလဲ။

စီးပွားရေးလေ့လာသုံးသပ်သူ ဦးစိန်ဌေးကို Zoom ကနေ မအင်ကြင်းနိုင်က ဆက်သွယ်မေးမြန်းထားပါတယ်။

အင်ကြင်းနိုင် ။ ။ မင်္ဂလာပါ ဦးစိန်ဌေး။ မကြာသေးခင်ကပဲ အမေရိကန်ပြည်ထောင်စုကနေပြီး ထပ်ပြီးပိတ်ဆို့အရေးယူလိုက်တဲ့အထဲမှာ ကာကွယ်ရေးဝန်ကြီးဌာနအပြင် မြန်မာ့ကုန်သွယ်ရေးဘဏ်နဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဘဏ် နှစ်ခု ပါလာတာ တွေ့ရပါတယ်။ အဲဒီတော့ ဒီဘဏ်နှစ်ခုကို ပိတ်ဆို့အရေးယူလိုက်တဲ့ကိစ္စက စစ်ကောင်စီအပေါ် ဘယ်လို သက်ရောက်မှုတွေရှိမလဲရှင်။

ဦးစိန်ဌေး ။ ။ ထိရောက်တာပေါ့။ ဘာကြောင့်လဲဆိုတော့ မအင်ကြင်း စဉ်းစားကြည့် ကျနော်တို့ နှစ်ပေါင်း ၂၀ လောက် လုပ်ခဲ့ကြတဲ့ အတွေ့အကြုံအရကြည့်ရင် အမေရိကန်ပြည်ထောင်စုက နဝတ၊ နအဖ ခေတ်မှာ sanction တွေ ချခဲ့တယ်။ ချတော့ကြည့် သူတို့ SDN List မှာ ကြည့်လို့ရှိရင် ပုဂ္ဂိုလ်ရေးအရ လူပုဂ္ဂိုလ်တဦးချင်းအနေနဲ့ crony တွေ ပါမယ်။ နောက် စစ်ဗိုလ်ချုပ်တွေ ပါတယ်။ အဲဒီလို နှစ်ပေါင်းအများကြီး လုပ်ခဲ့တယ်။ နအဖ၊ နဝတ ခေတ်တခေတ်လုံး။ အခုအခါကြတော့ သူက အရှိန်အဟုန် ပိုမြှင့်တာ။ ဘာကြောင့်လဲဆိုတော့ ဘဏ်တွေထဲမှာ တဦးတယောက် ပုဂ္ဂိုလ်ဘဏ် မဟုတ်တော့ဘူး။ အရင်တုန်းကတော့ ပုဂ္ဂိုလ်ဘဏ်တွေ၊ crony ဘဏ်တွေ ပါတယ်။ ဘိန်းရာဇာဘဏ်တို့ပေါ့။ ဒါတွေပဲ ပါခဲ့တာ။ အခုတခါကြတော့ မြန်မာနိုင်ငံရဲ့ အချုပ် - ဘဏ္ဍာရေးနဲ့ ပတ်သက်လို့ ငွေကြေးအလွှဲအပြောင်း၊ အလွဲအပြောင်းနဲ့ နိုင်ငံခြားငွေ - ဒေါ်လာတခုတင် မဟုတ်ဘူး၊ နိုင်ငံခြားငွေ အကုန်လုံးကို ချုပ်ထားတဲ့ ဘဏ်နှစ်ခု။ မြန်မာ့ရင်းနှီးမြုပ်နှံမှုဘဏ်နဲ့ မြန်မာ့ကုန်သွယ်မှုဘဏ် - တကယ့်အချုပ်။ ပြောရမယ်ဆိုရင် နိုင်ငံခြားငွေ transaction ပတ်သက်ပြီး အားလုံးပါနီးနီးလောက်၊ ၈၀ ရာခိုင်နှုန်းလောက် ကျနော်က မှန်းတယ်။ ဂဏန်း အတိအကျတော့ ကျနော်တို့ဆီမှာ မရှိဘူး။ ၈၀-၉၀ ရာခိုင်နှုန်းလောက် အဲဒီဘဏ်တွေက ဖြတ်ရတာ။ အဲဒါကို စီးပွားရေး ပိတ်ဆို့မှု လုပ်တယ်ဆိုတော့ ဘယ်လောက်ကြီးမားတဲ့ အရှိန်အဟုန်လည်းဆိုတာကို မြင်လာပြီပေါ့။

အင်ကြင်းနိုင် ။ ။ ဒါဆိုရင် အခုမှ ဒီဘဏ်တွေကို အမေရိကန်က ဘာကြောင့်ပိတ်ဆိုတာလဲ။ လူ့အခွင့်အရေးအဖွဲ့တွေက ပိတ်ဆို့ရေးတွေမှာ စစ်ကောင်စီအပေါ် ထိရောက်မှုရှိရေး တောင်းဆိုနေတာ အရင်ကတည်းကပဲ။ အဲဒီတုန်းက ဒီဘဏ်တွေကို အမေရိကန်က ဘာကြောင့် ပိတ်ဆို့တာတွေ မလုပ်ခဲ့တာလဲ။ အခုကြမှ ဒီဘဏ်နှစ်ခုကို ပိတ်ဆို့ အရေးယူလိုက်တဲ့အပေါ် ဘယ်လိုသုံးသပ်ပါလဲ။

ဦးစိန်ဌေး ။ ။ အဲဒါကလည်း ဒီလိုပါ နိုင်ငံတနိုင်ငံကို စီးပွားရေး ပိတ်ဆို့တော့မယ်ဆိုရင် target တွေ ရှိတယ်။ အဆင့်လိုက် ရှိတယ်။ အဲဒီအဆင့်လိုက်က အခုန ပမာဏတင်ပြသလို နဝတ၊ နအဖခေတ်မှာ စကစလောက် မဆိုးဘူး။ ဆိုးတာတော့ ဆိုးတာပဲ။ အခုကြတော့ စကစ က အားလုံးသိတဲ့အတိုင်းပဲ ပြည်သူလူထု ရွာတွေ၊ အိမ်တွေကို မီးရှို့ပြီးတော့ လူတွေကို သတ်တယ်၊ အမျိုးသမီးတွေကို မုဒိမ်းကျင့်တဲ့အပြင် မြေပြင်တပ်တွေက အဲဒါတွေ လုပ်တဲ့အပြင်၊ လေကြောင်းကနေ ဗုံးကျဲတယ်။ တွေ့ကရာကို လက်နက်ကြီးနဲ့ ပစ်တယ်။ ဘယ်လောက်ဆိုးသလဲ။ စစ်တိုက်တာတင် မကတော့ဘူး၊ ပြည်သူလူထုကိုပါ ထိလာတဲ့အခါကြတော့ ဒီဘက်က နိုင်ငံတကာကလည်း ဒီအရှိန်ကို မြှင့်တာပေါ့။ ဒါကတချက်။ နောက်တချက်က နိုင်ငံရေးအရ ပိတ်ဆို့တာလည်း လုပ်သင့်သလောက် လုပ်ပြီးပြီ။ ဘယ်သူမှ သူတို့ကို အသိအမှတ် မပြုဘူး။ အာဆီယံထဲတောင် အကုန်လုံး နှစ်ခြမ်းကွဲနေပြီ။ ပြဿနာက ဘာလဲဆိုတော့ ယူအန်မှာလည်း တရုတ်၊ ရုရှားက ဗီတိုအာဏာ ရှိတယ်။ လက်နက်လည်း သူတို့ကို ထောက်ပံ့တဲ့အခါကြတော့ ဒီဘက်က အင်အားက ဘာဖြစ်လဲဆိုတော့ လမ်းကြောင်းက တော်တော်လေး ကျဉ်းလာတဲ့အခါကြတော့ ဒီကောင်တွေရဲ့ အရှိုက်ကို ထိအောင်လုပ်တော့မယ်။ အခုနတချက်ကို ပြန်ကြည့်ရင် ရွာတွေကို လေကြောင်းကနေ ဗုံးကျဲတယ်။ လက်နက်ကြီးနဲ့ ထုတယ်ဆိုတော့ ဒီဟာတွေကို ပိတ်ဆို့ဖိို့ လိုမလာဘူးလား။ လေကြောင်းက ဗုံးကျဲဖို့ လေယာဉ်ဆီ မရှိရင် မရဘူး။ အဲဒီဆီကို ဘယ်လိုဝယ်မလဲ။ လေယာဉ်ဆီကို ဒေါ်လာနဲ့ပဲ ဝယ်လို့ရတယ်။ ပြီးတော့ လက်နက်ကြီးတွေ ရုရှားက ဝယ်တယ်။ အားလုံးလည်း သိနေတယ်။ သူတို့လည်း ပြောတယ် ရုရှားကနေ တစ်ဘီလီယံလောက် ဝယ်တယ်။ တရုတ်ကတော့ ဘယ်လောက်ဝယ်တာဆိုတာ အတိအကျ မသိဘူး။ တရုတ်ကလည်း ပေးနေမှာပါ။ အဲဒီလို သူတို့ရဲ့ source လက်နက်ရနိုင်တဲ့ နည်းလမ်းတွေ၊ ပံ့ပိုးတဲ့အချက်တွေကို ဖြတ်ဖို့တောက်ဖိုု့ဆိုရင် သူတို့ အဲဒါတွေကို ဝယ်ဖို့ Import လုပ်ရမှာ။ သူတို့ကိုယ်တိုင်လည် မထုတ်နိုင်ဘူး။ အဲဒီ ကြီးမားတဲ့ လက်နက်ကြီးတွေ ဝယ်ဖို့ကို ပိတ်ဖို့ဆိုရင် ဒေါ်လာရှိမှ၊ နိုင်ငံခြားငွေ ရှိမှ။ ဒါတွေကို ဖြတ်တောက်နိုင်မှာ ဖြစ်တဲ့အတွက်ကြောင့် နိုင်ငံခြားငွေ စီးဆင်းရာလမ်းကြောင်း၊ ထွက်မယ့်လမ်းကြောင်းကို ပိတ်တာကြောင့် အရှိုက်ထိပြီး၊ ကြီးမားတဲ့အရှိန်ကို မြှင့်လိုက်တာ။ အရင်တုန်းကတော့ ဒီလောက်မဆိုးတော့ သိပ်မတင်းကြပ်ခဲ့ဘူး။ နောက်တချက်က ဒေါ်အင်ကြင်းတို့လည်း သိတာပဲ - အမေရိကန်နိုင်ငံမှာ အာဏာရှိတိုင်း လုပ်ချင်တာ လုပ်လို့မရဘူး။ နိုင်ငံတခုကို အရေးယူမယ်ဆိုရင် ဘက်ပေါင်းစုံကနေ ကြည့်ရတယ်။ ဒီနိုင်ငံရဲ့ ထိရောက်မှု အတိုင်းအတာ ဘယ်လိုလုပ်မလဲဆိုတဲ့ ပညာရှင်တွေရဲ့ စာတမ်းတွေက သွားခဲ့သလိုပဲ၊ အဲဒီအချက်အလက်တွေ မြေပြင်က အချက်အလက်တွေ သုတေသန ပညာရှင်တွေရဲ့ အချက်အလက်တွေကို Congress လွှတ်တော်တိို့က ဒါတွေကို ပြန်ကြည့်ပြီး ဥပဒေ ထုတ်ရတာကြောင့် အချိန်ကြာခဲ့တာ ဖြစ်တယ်။

အင်ကြင်းနိုင် ။ ။ အဲဒါဆိိုရင် အမေရိကန်က အခုလိုမျိုး ပြင်းထန်တဲ့ ဖိအားတွေ ပေးလာတဲ့အခါကြတော့ စစ်ကောင်စီအနေနဲ့ သူတို့ ဆက်ပြီးရပ်တည်နိုင်ဖို့အတွက်ကို အိမ်နီးချင်း တရုတ်နဲ့ ပိုပြီးနီးစပ်လာအောင် ဖန်တီးပေးတာမျိုး ဖြစ်မသွားဘူးလား။ တဘက်မှာလည်း တရုတ်ရဲ့ အကျိုးစီးပွားနဲ့ စစ်ကောင်စီကလည်း သူတို့လည်း အကျိုးစီးပွားအတွက် နှစ်ဘက်အပြန်အလှန် ပူးပေါင်းဆောင်ရွက်တဲ့ အခွင့်အရေးတွေကရော ပိုပြီးတော့ ရသွားစေတဲ့ အနေအထားမျိုးကော ရောက်မသွားစေဘူးလား။

ဦးစိန်ဌေး ။ ။ ရှိနိုင်တာပေါ့။ ဘာကြောင့် ရှိနိုင်သလဲဆိုတာကို ပြန်ကြည့်ပါ။ အာဏာသိမ်းသွားပြီးနောက်ပိုင်း ၁ နှစ်လောက်အထိ တရုတ်က ပေါ်ပေါ်ထင်ထင် သူတို့နဲ့ ဆက်ဆံမှု မရှိဘူး။ တရုတ်နိုင်ငံခြားရေးဝန်ကြီး လာတယ်။ ပုဂံမှာတင် အစည်းအဝေးလုပ်ပြီး ပြန်သွားတယ်။ မအလနဲ့လည်း မတွေ့ဘူး။ စစ်ကောင်စီနဲ့လည်း မတွေ့ဘူး။ ဘယ်သူနဲ့မှ မတွေ့ဘူး။ ဒီအချိန်မှာ NDAA လည်း ပြဌာန်းလိုက်တော့ NDAA က ၂၀၂၂ ကုန်ခါနီးလောက်မှ ပြဌာန်းလိုက်တော့ တရုတ်က အဲဒီမှာ မျက်ကလူးဆန်ပြာ ဖြစ်တော့တယ်။

ပြန်ကြည့်လိုက် အဲဒီမှာ သူ ဝင်လာတယ်။ သူ့ရဲ့ ယူနန်ပြည်နယ် ကိုယ်စားလှယ်၊ ထောက်လှမ်းရေးချုပ်တိို့ တွေ့လာတယ်။ level တူ တွေ့ပြီးတော့၊ မအလကိုလည်း တွေ့လာတယ်။ ပြီးတော့ အာဏာရှင်ဟောင်းဖြစ်တဲ့ ဦးသန်းရွှေ၊ ဦိးသိန်းစိန်တို့ပါ တွေ့တယ်။ ပြီးတော့ ခပ်စိတ်စိတ်လာပြီးတော့ နောက်ဆုံး တရုတ်နိုင်ငံခြားရေးဝန်ကြီးကိုယ်တိုင် မအလနဲ့ တွေ့တယ်။ ဒါက တချက်။ ဒါဘာသဘောလဲဆိုရင် အဲဒီဂယက်တွေ ပါတာပေါ့။ ဘာကြောင့်လဲဆိုတော့ တရုတ်က သိတဲ့အတိုင်းပဲ တရုတ်အကျိုးစီးပွား ကျနော်တို့နိုင်ငံမှာ အများကြီး။ ရေနံ သဘာဝဓါတ်ငွေ့ကိစ္စ ရှိတယ်။ ကျောက်မျက်ကိစ္စ ရှိတယ်။ ဒီဘက် ဧရာဝတီမြစ်ဆုံကိစ္စတွေ ရှိတယ်။ ဒါတင် မဟုတ်သေးဘူး သူတို့ရဲ့ ရည်ရွယ်ချက်က OBOR ကမ္ဘာကိုပတ်မယ့် လမ်းကြောင်းက ဗမာနိုင်ငံကို နှစ်ခြမ်းကွဲမှာ။ သူတို့မှာ plan ရှိတယ်။ ဒီဘက်က ပင်လယ်ဆိပ်ကမ်းကို ဖောက်ပြီးတော့၊ ပုသိမ်ကနေ ရန်ကုန် - ယူနန်ကနေ တရုတ်ကို ဖြတ်မှာ။ အဲဒီလမ်းကြောင်းကြီးက နည်းတာမဟုတ်ဘူး။ အဲဒီလို အကျိုးစီးပွားတွေ အများကြီးရှိတယ်။ ဒီအပြင်ဟာတွေလည်း ရှိတယ် - လက်ပံတောင်းတို့ ဘာတို့ပေါ့။ အဲဒီအကျိုးစီးပွားတွေကို သူက သိပ်လိုချင်တာ။

လိုချင်တဲ့အခါကြတော့ ပြီးခဲ့တဲ့ ၂၀၁၅-၂၀၂၀ ကာလမှာ သူတို့လုပ်ရတာ စည်းစနစ်နဲ့။ မြင်သာတာတခုကို ပြောပြမယ် - ကျောက်ဖြူစက်မှုဇုန်ဆိုရင် ၃၀ ဘီလီယံ ရင်းနှီးမြုပ်နှံခဲ့တာ။ ဦးသိန်းစိန်အထွက်မှာ။ အဲဒီကနေ ၂၀၁၅-၁၆ ကြတော့ ၁.၅ ဘီလီယံအထိကို လျှော့ချလိုက်တာ။ လျှော့တဲ့အပြင် သူတို့ပေးတဲ့ အတိုးနှုန်းတွေနဲ့ မလုပ်တော့တဲ့အပြင်၊ သူတို့ဆီက ငွေမချေးတော့ဘူး။ နိုင်ငံတကာကို တင်ဒါခေါ်မှာ။ ပြောချင်တဲ့ point က တကယ့် ဒီမိုကရေစီအစိုးရ တက်လာရင် တရုတ်က သူတို့လုပ်ချင်ရာ လုပ်လို့မရဘူး။ အာဏာရှင်နဲ့မှ လုပ်လို့ရတဲ့အခါ တရုတ်က ကြောက်လန့်သွားတယ်။ ဒါကြောင့် ဒီဘက်ကလည်း ဒီမိုကရေစီအရေးကို အားပေးတဲ့အခါ ငါတို့ ဘာလုပ်ရမယ်ဆိုတာ ရှင်းနေပြီ။ အဲဒီမှာတင် မအလကို အသည်းအသန် ချဉ်းကပ်တော့တယ်။ ဒါတင်မကဘူး သူ့ speed တင်လာတယ်။ သူ့ speed က ပြီးခဲ့တဲ့လပိုင်းလေးတင် ရက်ပိုင်းအတွင်းမှာ ထိုင်းမှာ အာဆီယံက ငါးနိုင်ငံနဲ့ မအလ ခြောက်နိုင်ငံနဲ့ အိန္ဒိယနဲ့ တရုတ်တို့ ပါလာတယ်။ ဒီရက်ပိုင်းအတွင်းမှာ ဒီဘက်မှာ ဘဏ်နှစ်ခုကို sanction မပိတ်ခင်လေးမှာတင် အဲဒါတွေ လုပ်တယ်။ အဲဒီလို လုပ်တဲ့အခါကြတော့ တရုတ်က ခြေလှမ်းသွက်လာတယ်။ ဆက်စပ်မှုတွေကို ကျနော် တင်ပြတာပါ။

နောက်တခုက ဘာလဲဆိုတော့ NDAA ထဲမှာပါတဲ့ ဥပဒေထဲမှာ ပါဝင်တဲ့အချက်တွေက ဘာလဲဆိုတော့ ခြောက်လပြည့်သွားတဲ့အခါမှာ အဲဒီက အုပ်ချုပ်ရေး အစိုးရအဖွဲ့က သူတို့အရေးယူ ဆောင်ရွက်ထားချက်တွေကို လွှတ်တော်ကို ပြန်တင်ပြပေးရတယ်။ ခြောက်လပြီးတဲ့အခါမှာ သူတို့ရဲ့ အရေးယူဆောင်ရွက်မှုတွေ ဘယ်လောက်ရှိသလဲဆိုတာတွေ အတိုင်းအတာ ရှိတယ်။ အဲဒါတွေကိုလည်း လုပ်ဖို့လိုတဲ့အတွက် ဒါကို ထုတ်ပြန်ရတာ ဖြစ်တယ်။

အင်ကြင်းနိုင် ။ ။ စစ်ကောင်စီဘက်ကြတော့ အမေရိကန်က သူတို့ဒေါ်လာတွေ သုံးဖို့အရေးမှာ ပိတ်ဆို့အရေးယူထားအခါကြတော့ မြန်မာနိုင်ငံအတွင်းမှာ တရုတ်ယွမ်၊ အိန္ဒိယ ရူပီ၊ ထိုင်း ဘတ်တို့ကို အစားထိုးသုံးစွဲရင်ရော ဘယ်လိုအခြေအနေ ရှိမလဲ။

ဦးစိန်ဌေး ။ ။ အဲဒါက အတိုင်းအတာတခုအထိ အလုပ်ဖြစ်မယ်။ ဘာကြောင့်လဲဆိုတော့ သူတို့လည်း မျှော်မှန်းထားပြီသား။ သူတို့မှာ အတွေ့အကြုံ ရှိတယ်။ နဝတ၊ နအဖ တခေတ်လုံးမှာ စီးပွားရေးပိတ်ဆို့မှုကို ကျော်လွှာနိုင်ခဲ့တာက အဓိကအချက်က ဘာလဲဆိုရင် တိုင်းပြည်ရဲ့ ကုန်သွယ်ရေးကို ၂၀၀၁ လောက်အထိ မထွက်သေးဘူး။ တိုင်းပြည်ကုန်သွယ်ရေး overseas trade ကို အားမပြုောတ့ဘဲနဲ့ border trade အားပြုလာတယ်။ ပြောချင်တာက တရုတ်၊ ထိုင်းတို့နဲ့ အိန္ဒိယနဲ့ ကလေးဘက်က ရှိပေမဲ့ နည်းတယ်။ အများဆုံးက တရုတ်နဲ့ ထိုင်းကို အားပြုတယ်။ သွင်းကုန်-ပို့ကုန်။ အဲဒါတွေကို အားပြုပြီးတော့ ရှင်သန်ခဲ့တယ်။

သူတို့ကံကောင်းချင်တော့ ဗိုလ်သန်းရွှေကာလ ၂၀၀၁ မှာ တောင်ပိုင်းကနေ ဂတ်စ်တွေ ထွက်လာတယ်။ ထွက်တဲ့အခါမှာ ထိုင်းကို ၁ ဘီလီယံလောက် ပို့ခဲ့တယ်။ အဲဒီမှာ သူတို့ အသက်ဆက်ခဲ့တယ်။ ရှင်သန်နိုင်ခဲ့တယ်။ အိန္ဒိယနဲ့ကတော့ ပဲတွေ ဘာတွေပို့တာ နည်းနည်းပဲ။ သူတို့က ဒီလိုထွက်ပေါက်က ရှိခဲ့တော့ အခုလည်း သူတို့တွက်ထားပြီးပြီ။ အတွေ့အကြုံရှိတယ်။ ပြောစရာရှိတယ် MOGE က တနေ့တနေ့ကို ၁.၅ ဘီလီယံဝန်းကျင် ရတယ်ဆိုတော့ ပြောချင်တာက သူတို့ဝင်ငွေက ပုံမှန်အားဖြင့် ၂၀၂၁ ဝန်းကျင်မှာ ၃ ဘီလီယံလောက် ရှိတယ်။ ကျနော်က အကြမ်းမျဉ်းပြောတာ - သူတို့ကတော့ မထုတ်ပြန်ထားဘူး။ သူတို့ရဲ့ အသုံးစရိတ်က ၃ ဘီလီယံ ဖြစ်နိုင်မလား။ မရနိုင်တော့ဘူး။ ပိတ်ဆို့မှုတွေ ဖြစ်လာပြီ။ တဘက်ကလည်း ပို့ကုန်က ကျလာပြီ။ ပို့ကုန်ကျလာတယ်ဆိုတာ အဓိက တရုတ်ကိုသွားတာ ဘယ်နေရာက သွားသလဲ။ လယ်ယာစိုက်ပျိုးရေး ကုန်စည်သွားတာ။ ကျနော်တို့ ပြည်မပိုင်းအနေနဲ့ ဘာမှမပို့နိုင်ဘူး။ ဆန်၊ ဆီ၊ ပဲ၊ တိရစာ္ဆန်တွေ နွား၊ ဖရဲသီးတွေ ပို့တာ။ အဲဒီဒေသ မကွေး၊ စစ်ကိုင်းတို့က တကယ် တရုတ်ကို အားပြုပြီးတော့ ပို့တဲ့နေရာတွေက အခု စစ်ဖြစ်နေတယ်။ မစိုက်နိုင်တော့ဘူး။ ရွာတွေ ထွက်ပြေးနေရပြီ။ သူတို့ကလည်း မီးရှို့နေတယ်။ နောက်တနှစ် ဘယ်ကုန်စည်နဲ့ ထွက်မှာလဲ။ ပြောချင်တာက ပို့ကုန်ဝင်ငွေက တဝက်လောက် ပြုတ်ကျသွားပြီ။ အဲဒါကို ဘယ်လောက် တောင့်ခံနိုင်မလဲ။ ဒီဘက်က သူတို့ အဓိကဝင်ငွေ ချောချောမောမော ရနေတဲ့ ဂတ်စ်ကနေ ယိုဒယား ပို့နေတဲ့ဟာက အခက်အခဲ ဖြစ်လာပြီ။ အခု သူကယ်ပေါက်က ဘာဖြစ်လဲဆိုတော့ ကျောက်ဖြူကထွက်တဲ့ ဂတ်စ်ကိုတော့ တရုတ်ကို သွားမယ်။ တရုတ်က ယွမ်နဲ့ ပေးမယ်။

ဒါပေမဲ့ အခု စစ်ဖြစ်နေတဲ့ အနေအထားအတိုင်း ပညာရှင်တွေ မှန်းနေတာပဲ လေယာဉ်ပျံ တခါပျံလိုက်လို့ရှိရင် ဒေါ်လာနှစ်သိန်းလောက် ကုန်တယ်။ တနေ့ကို ဆယ်ခေါက်ပျံကြည့်။ ဒေါ်လာနှစ်သန်း။ တစ်လကို သန်းခြောက်ဆယ်။ အခု ၁ နှစ်လောက်ရှိပြီး၊ အဲဒါကို သူ ဘယ်လို ဆက်ရှင်သန်မလဲ။ အဲဒါကို ပြောတာ။ ဒါကြောင့်မို့ ကျနော်တို့မြင်တာက သူကတော့ ကျားကန်တဲ့သဘောနဲ့တော့ နည်းမျိုးစုံနဲ့ လုပ်မှာပေါ့။ အခုလည်း လုပ်နေတာ ဒါက စကစ လုပ်ရမယ့်အလုပ်။ ဒါပေမဲ့ ရေရှည်မှာ တောင့်ခံနိုင်ဖို့ကတော့ မဖြစ်နိုင်ဘူးလို့ ကိန်းဂဏန်းအချက်အလက်နဲ့ တိုင်းပြည်ရဲ့ စီးပွားရေးအနေအထားအရ သုံးသပ်တင်ပြခြင်း ဖြစ်ပါတယ်။

#BurmaDemocrayForum #USSanction #NDAA #MyanmarMilitary #VOABurmese

Burma Democracy Forum, US Sanction on Myanmar, NDAA, US Burma Act, Myanmar-Russia, Myanmar-China, Myanmar-ASEAN, မြန်မာ့ဒီမိုကရေစီရေး, အမေရိကန် ပ်ိတ်ဆို့မှု, တရုတ် ရင်းနှီးမြုပ်နှံမှု, စစ်ကောင်စီ, ဦးစိန်ဌေး

XS
SM
MD
LG