သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်ကောင်စီရဲ့ ထပ်ဆင့် တိုက်ခိုက်မှုတွေကြောင့် ပဇီကြီး တရွာလုံးနီးပါး မီးလောင်ကျွမ်းသွား 


ပဇီကြီးကျေးရွာ မီးရှို့ခံရ (ဧပြီ ၂၀၊ ၂၀၂၃)
ပဇီကြီးကျေးရွာ မီးရှို့ခံရ (ဧပြီ ၂၀၊ ၂၀၂၃)

ကန့်ဘလူမြို့နယ်၊ ပဇီကြီးကျေးရွာကို စစ်ကောင်စီတပ်တွေ ကြာသပတေးနေ့က လေကြောင်းနဲ့ထပ်မံပစ်ခတ်ခဲ့ပြီးနောက် ရွာထဲကို ဝင်ရောက် မီးရှို့ခဲ့လို့ တစ်ရွာလုံးနီးပါး မီးလောင်သွားတယ်လို့ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက ပြောပါတယ်။ အင်အား ၂၀၀ ကျော်လောက်ရှိတဲ့ စစ်ကြောင်း ၂ ကြောင်းဟာလည်း ပဇီကြီးရွာပြင်တဝိုက် စစ်ရေးလှုပ်ရှားနေတာကြောင့် ရွာပြင်တွေမှာ ပုန်းနေတဲ့ စစ်ဘေးရှောင်တွေ မကြာခဏ နေရာပြောင်းရွှေ့နေရတယ်လို့ ပြောပါတယ်။ ပဇီကြီးနဲ့ အနီးတဝိုက်က စစ်ဘေးရှောင် ၅ ထောင်ကျော်လောက် သောက်သုံးနေရအပါအဝင် အကူအညီလိုအပ်နေတဲ့အကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး မစုမြတ်မွန်က ပြောပြပါမယ်။

ကန့်ဘလူမြို့နယ်ထဲက အိမ်ခြေ ၂၀၀ ကျော်ရှိတဲ့ ပဇီကြီးကျေးရွာကို မနေ့ ဧပြီလ ၂၀ ရက်နေ့တုန်းက စစ်ကောင်စီက လေကြောင်းကနေ ထပ်မံ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးတဲ့နောက် အင်အား ၂၀၀ လောက်ရှိတဲ့ စစ်ကြောင်းက ဝင်ရောက် မီးရှို့ခဲ့ပါတယ်။ ပထမအကြိမ် လေကြောင်းတိုက်ခိုက်ခံခဲ့ရထဲက ရွာသားတွေဘေးလွတ်ရာ ပုန်းရှောင်နေကြလို့ ထိခိုက်သေဆုံးသူတွေ မရှိခဲ့ပါဘူး။ ဒါပေမဲ့ မီးရှို့ခံရလို့ ရွာလုံးကျွတ်နီးပါး မီးထဲပါသွားတယ်လို့ မလည်တိုက်နယ် ကာကွယ်ရေး တာဝန်ခံ ကိုဗလကြီးက ခုလိုပြောပါတယ်။

“ရွာထဲကို ညနေပိုင်းက ဝင်တယ်ဗျ။ ဝင်ပြီးတော့ မီးဝင်ရှို့တယ်ထင်တယ်ဗျ၊ မီးတွေကတော့ အကုန်လုံး လောင်သွားပြီ။ ညက အထိကို လောင်နေတုန်းဗျ၊ တညလုံး လောင်တာပဲ၊ မနေ့ကလောင်နေတဲ့ မီးကလေ။ (လူ)ထိခိုက်မှုကတော့ မရှိဘူးဗျ။ မီးကတော့ လောင်သွားပြီ။ ကျွန်တော်တို့လည်း ခုအချိန်ထိတော့ သွားကြည့်လို့မရသေးဘူး၊ စစ်ကြောင်း အနေအထားကြောင့်။ ရွာကတော့ ပြာကျလောက်ပါပြီ။”

ပဇီကြီးရွာအနီးမှာရှိတဲ့ စစ်ကြောင်းတွေက ရွာထဲဝင်ပြီး မကြာခင်မှာပဲ ရွာရဲ့ မြောက်ဖက်နဲ့ အရှေ့ဖက်တို့ကို ပြန်ထွက်သွားကြတယ်လို့ ပြောပါတယ်။ ဒီစစ်ကြောင်းတွေက စစ်ဘေးရှောင်တွေ နေလေ့ရှိတဲ့ ရွာရဲ့အပြင်ဖက်က တောထဲမှာရှိတဲ့ တဲတွေဖက်ကို လှည့်ပတ်သွားလာနေတာကြောင့် စစ်ဘေးရှောင်တွေကို မကြာခဏ နေရာ ပြောင်းပေးနေရတယ်လို့ ကိုဗလကြီးက အခုလို ဆက်ပြောပြပါတယ်။

“နှစ်ကြောင်းခွဲပြီးတော့မှ ညက သူတို့ မြောက်ဖက်ကိုထွက်တာက တစ်ကြောင်း၊ အရှေ့ဖက်ကိုထွက်တာက တစ်ကြောင်း၊ ပဇီကြီးရွာရဲ့ မြောက်ဖက်က တောတိုက်မှာ တစ်ကြောင်းက အိပ်တာပေါ့နော်။ တစ်ကြောင်းက ရွာထဲကနေမှ အရှေ့ကို ထွက်တာဗျ။ ပဇီကြီးရွာရဲ့ မြောက်ဖက်က တောစပ်ထဲမှာ အိပ်ပြီးတော့မှ အခု တစ်နေကုန် လှည့်ပတ်သွားနေပြီးတော့ ပဇီကြီးရဲ့ အရှေ့ဖက် လယ်ကြီးတောဆိုတဲ့ တောတိုက်တွေဖက်မှာ ရောက်နေတာဗျ အခု။ စစ်ရှောင်တွေကတော့ ၃ နေရာလောက်ကို ရွေ့ထားရတယ်ဗျ။ အရင်နေရာတွေကမှ နောက်တစ်နေရာ၊ နောက်တစ်နေရာကနေမှ ထပ်ပြီး မလုံခြုံလိုပေါ့လေ၊ လေကြောင်းလာလို့ နောက်ထပ်တစ်နေရာ ထပ်ရွေ့ရတယ်။ ၃ နေရာလောက် ရွေ့ထားရတယ်၊ ခုလောလောဆယ်ထိတော့လေ။”

ပဇီးကြီးရွာအပါအဝင် စစ်ဘေးရှောင်နေကြရတဲ့ ၇ ရွာလောက်က ဒေသခံတွေဟာ ပထမအကြိမ် လေကြောင်းတိုက်ခိုက်မှုကြောင့် ကြောက်ရွံ့ နေကြချိန်မှာ စစ်တပ်က လေကြောင်းကနေ နေ့စဉ် ပျံဝဲနေတာ၊ စစ်ကြောင်းတွေ အင်အား အများအပြားနဲ့ ဝင်လာတာအပြင် အခု ဒုတိယအကြိမ် ပဇီကြီးကို လေကြောင်းကနေ ပစ်ခတ်ခံခဲ့ရတာကြောင့် လုံခြုံရေးအတွက် ပိုပြီးစိုးရိမ်နေကြပါတယ်။ ပထမဆုံး စစ်ဘေးလွတ်ရာပုန်းခိုခဲ့ကြတုန်းက မြစ်ချောင်းအနီး ရေရနိုင်တဲ့ နေရာတွေမှာ နေခဲ့ကြပေမယ့် စစ်ကြောင်းထပ်ထိုးတာနဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် နေရာထပ်ပြောင်းနေကြရတဲ့အတွက် သောက်သုံးရေ အခက်အခဲကြုံနေကြရပါတယ်။

“ခက်ခဲကြတယ်ဗျ၊ အဓိကကတော့ ရေပဲဗျ။ နွေရာသီလည်း ဖြစ်တယ်ဆိုတော့ ပြေးရ လွားရတာနဲ့ဆိုတော့ ရေအခက်အခဲကတော့ တော်တော်ဖြစ်နေတယ်။ စားစရာသောက်စရာဆိုတာက ကျွန်တော်တို့ ပေးနေလို့ရတယ်။ ရေကကျတော့ မရဘူးဗျ။ ရေအခက်အခဲကတော့ တော်တော်ဖြစ်နေတာ။ ချောင်းကိုသွားသွားပြီးတော့ ရေသယ်ရတာပေါ့ဗျာ၊ လှည်းတွေနဲ့ သွားသယ်ရတာတွေရှိတယ်။ တချို့ ချောင်းနားကပ်ရင်တော့ လက်ယက်တွင်းလေးတွေ တူးပြီးတော့မှ သုံးနေရတဲ့ အနေအထားတွေ ရှိတယ်ဗျ။”

အခုလိုနွေကာလမှာ စစ်ကိုင်းတိုင်းနဲ့ မကွေးတိုင်းထဲက ဒေသတွေဟာ အပူဒဏ်ကို ပြင်းပြင်းထန်ထန်ခံစားနေကြရတာမို့ အမိုးအကာမဲ့ နေကြရတဲ့ စစ်ဘေးရှောင်တွေ ကျန်းမာရေးပြဿနာတွေဖြစ်လာမှာကို ကူညီပေးနေသူတွေက စိုးရိမ်နေကြပါတယ်။ စုစုပေါင်း စစ်ဘေးဒုက္ခသည် ၅၀၀၀ ကျော်အတွက် မိုးကာတဲဆောက်ပေးဖို့ မိုးကာတွေ အရေးပေါ်လိုအပ်နေတယ်လို့ ကူညီပေးနေသူတွေက ပြောပါတယ်။

“အပူဒဏ်လည်း မခံနိုင်ကြဘူးပေါ့နော်။ ကျန်းမာရေး အခြေအနေတွေကလည်း သိပ်အဆင်မပြေဘူး၊ နေ့ခင်းဆို အရမ်းပူတယ်။ ညဖက်ကျတော့ မြေကြီးပေါ်အိပ်ရတဲ့ အနေအထားဆိုတော့ ကျန်းမာရေး အခြေအနေကလည်း နောက်ပိုင်း၊ အခုကတော့ မထိခိုက်ဘူးထားအုံး၊ ရက်ကြာလာရင်တော့ တော်တော်လေး ထိခိုက်လာနိုင်တဲ့ အခြေအနေရှိတယ်ဗျ။ ပြီးရင် သက်ကြီးရွယ်အိုတွေကလည်း များတယ်။ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေကလည်း များတယ်ဆိုတော့ အဆင်မပြေလောက်တော့ဘူးဗျ၊ ရက်လေးနည်းနည်းကြာသွားရင်လေ။ ညပိုင်းတွေမှာ မိုးခြိမ်းတာတွေ မိုးရွာတာတွေလည်း ရှိတယ်။ အဓိကတော့ မိုးကာလည်း မရသေးဘူးဗျ။ အလုံအလာက်လည်း ပေးနိုင်တဲ့ အနေအထားလည်း မရှိဘူးဆိုတော့ အဆင်မပြေတာတွေကတော့ အများကြီးပဲဗျ။”

ဧပြီလ ၁၁ ရက်နေ့မှာ လေကြောင်းကနေ တိုက်ခိုက်ခံရမှုအတွင်း ပြည်သူ ၁၇၀ ကျော်သေဆုံးခဲ့ပါတယ်။ အဲဒီထဲက ပဇီကြီးအပါအဝင် အနီးအနားကျေးရွာ ၇ ရွာလောက်က ဒေသခံ ၅၀၀၀ ကျော်လောက်ဟာ အဝတ်အထည်၊ စားသောက်ရေးအတွက် လိုအပ်တဲ့ရိက္ခာ စတာတွေ တခုမှ မယူနိုင်ဘဲ အလွတ် ထွက်ပြေးခဲ့ရတာကြောင့် နေထိုင်ရေး စားသောက်ရေးတွေမှာ အတော့်ကို ဒုက္ခရောက်နေကြရတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေး အဖွဲ့ဝင်တွေက ပြောပါတယ်။

ပဇီကြီးကျေးရွာမှာ လူ ၁၇၀ ကျော် တကြိမ်ထဲ သေဆုံးရတဲ့အထိ စစ်ကောင်စီက လေကြောင်းက တိုက်ခိုက်ခဲ့တဲ့အပေါ် ကုလသမဂ္ဂနဲ့ G-7 စက်မှုထိပ်သီးနိုင်ငံတွေ အပါအဝင် နိုင်ငံတကာအသိုင်းဝိုင်းက ပြစ်တင် ရှုတ်ချခဲ့ကြပါတယ်။ စစ်ကောင်စီပြောခွင့်ရကတော့ အဲဒီဒေသမှာ PDF အဖွဲ့တွေ ရှိနေတယ်ဆိုတာ သတင်းရတဲ့အတွက် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ တုန့်ပြန် ပြောဆိုထားပါတယ်။

စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး ထိုးစစ်၊ တိုက်ပွဲတွေနဲ့ လေကြောင်းက ပစ်ခတ်တိုကခိုက်မှုတွေကြောင့် စစ်ကိုင်းအတွင်းမှာ သေဆုံးသူတွေနဲ့ အိုးအိမ် စွန့်ခွာ ထွက်ပြေးနေကြရတဲ့ စစ်ရှောင် အရေအတွက်ဟာ တနေ့ထက်တနေ့ ပိုပြီး တိုးလာနေပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေဟာ ဒီဒေသ ကျေးရွာတွကို အခြေစိုက်ပြီး အကြမ်းဖက် လုပ်ငန်းတွေ လုပ်နေတယ် ဆိုပြီးတော့လည်း မြန်မာစစ်တပ်က စွပ်စွဲထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG