သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပဇီကြီးရွာထဲ စစ်ကောင်စီ အင်အား ၂၀၀ ကျော်နဲ့ ဝင်ရောက် နယ်မြေရှင်းလင်းရေးလုပ်


စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလည်တိုက်နယ်အတွင်းက ပဇီကြီးကျေးရွာ ဗုံးကျဲတိုက်ခိုက်ခံရအပြီးမြင်ကွင်း (ဧပြီ ၁၁၊ ၂၀၂၃)
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလည်တိုက်နယ်အတွင်းက ပဇီကြီးကျေးရွာ ဗုံးကျဲတိုက်ခိုက်ခံရအပြီးမြင်ကွင်း (ဧပြီ ၁၁၊ ၂၀၂၃)

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်အတွင်းက ပဇီကြီး ကျေးရွာကို ဒီကနေ့ ညနေ ၂ နာရီခွဲ ဝန်းကျင်လောက်မှာ စစ်ကောင်စီတပ် အင်အား ၂၀၀ ကျော်လောက်နဲ့ ကျေးရွာအတွင်းကိုဝင်ပြီး နယ်မြေရှင်းလင်းရေး လုပ်နေကြတယ်လို့ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက ပြောပါတယ်။ ပဇီကြီးကျေးရွာကို စစ်ကောင်စီက ဧပြီလ ၁၁ ရက်နေ့က လေကြောင်းကနေ တိုက်ခိုက်ခဲ့ပြီးတဲ့နောက် နေ့စဉ်နီးပါး လေယာဉ်တွေနဲ့ ပျံဝဲ စောင့်ကြည့်တာမျိုးတွေ ရှိတယ်လို့လည်း ဒေသခံတွေနဲ့ ကာကွယ်ရေး တပ်ဖွဲ့တွေက ပြောပါတယ်။ ဒီအကြောင်း သတင်းပေးပို့ချက်ကို အခြေခံပြီး မခင်ဖြူထွေးက ပြောပြပါမယ်။

ဧပြီလ ၁၁ ရက်နေ့က စစ်ကောင်စီက ပဇီကြီးကျေးရွာကို လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် လူပေါင်း ၁၇၀ ကျော် သေဆုံးခဲ့ကြရတာပါ။ စစ်ကောင်စီတပ်တွေက လေကြောင်းကနေ တိုက်ခိုက်မှု အပြီးနောက်ရက်တွေမှာ လေကြောင်းကနေ ထပ်မံ စောင့်ကြည့်တာ၊ ပစ်ခတ်တာ တချို့လည်း ရှိခဲ့ပါသေးတယ်။ ပဇီကြီးကျေးရွာ အနီးတဝိုက်မှာ စစ်ကောင်စီ စစ်ကြောင်းက အင်အား ၄၀ ဝန်းကျင်စီနဲ့ စစ်ကြောင်းတွေခွဲပြီး ကင်းပုန်းဝပ် စောင့်ကြည့်နေခဲ့တာမျိုးတွေလည်း ရှိခဲ့တယ်လို့ ဒေသကာကွယ်ရေး အဖွဲ့တွေက ပြောပါတယ်။

ဒီကနေ ဧပြီ ၁၉ ရက် နေ့လည် ၂ နာရီခွဲ ဝန်းကျင်လောက်မှာတော့ စစ်ကောင်စီတပ်တွေက အင်အား ၂၀၀ ကျော်နဲ့ စစ်ကြောင်း ၂ ကြောင်းခွဲပြီး ပဇီကြီးရွာကို ဝင်ရောက်လာခဲ့တယ်လို့ အလည်တိုက်နယ် ကာကွယ်ရေး တာဝန်ခံ ကိုဗလကြီးက VOA ကို အခုလို ပြောပါတယ်။

“မနေ့က ကျွန်တော်ပြောတဲ့ စမ္ပာယ်နဂိုရ် ကျေးရွာကို သူတို့ တွဲကား ၃ စီးနဲ့ ကားလေး ၁ စီးနဲ့ လာပြီးတော့ လူလာချသွားတာဗျ။ ညပိုင်းကို ၇ နာရီလောက်ထင်တယ်၊ သူတို့ ကူးလာတာ။ လာပြီးတော့ သူတို့ မလည်မှာ ညအိပ်တာဗျ။ မနက် ၇ နာရီခွဲလောက် သူတို့ထွက်ခဲ့တာ အခု ပဇီကြီးထဲကို ဝင်သွားပြီဗျ။ ၂ နာရီ ၂၀ လောက်ကမှ ဝင်သွားတာဗျ။ ၂ ကြောင်းခွဲဝင်တာဗျ။ တောင်ဘက်က အင်အား ၁၀၀ ကျော်လောက်ပေါ့နော်၊ မြောက်ဘက်ကလည်း အင်အား ၁၀၀ ကျော်လောက်နဲ့ စုစုပေါင်း အင်အား ၂၀၀ ကျော်လောက်နဲ့ ထိုးလာတာဗျ။ အခုလောလောဆယ်ကတော့ မွှေနောက်နေတာလောက်ပဲ လုပ်နေတာဗျ၊ အခြေအနေကတော့ ဘာမှန်းတော့ မသိရသေးဘူး။”

စစ်ကောင်စီတပ်က ပဇီကြီးကျေးရွာကို လေကြောင်းကနေ ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးတဲ့နောက် နေ့စဉ်ဆိုသလို လေကြောင်းကနေ စောင့်ကြည့်တာမျိုး၊ ကျေးရွာအနီးအနားမှာ ကင်းပုန်းတွေဝပ်ပြီး စောင့်ကြည့်တာမျိုးတွေ လုပ်နေခဲ့တယ်လို့ ဒေသကာကွယ်ရေး တပ်တွေက ပြောပါတယ်။ လက်ရှိမှာ ပဇီးကြီး ကျေးရွာရဲ့ အနေအထားနဲ့ ပတ်သက်ပြီး ကိုဗလကြီးက ခုလိုပြောပြပါတယ်။

“၁၇ ရက်နေ့ထိကို သူတို့ ဝဲတုန်းပဲ၊ မနေ့က ၁၈ ရက်နေ့ တစ်ရက်ပဲသူတို့မဝဲတာ။ ကျန်တဲ့ရက်တွေကတော့ ဝဲတယ်ဗျ။သူတို့ (ကျေးရွာ အနီးက ကင်းပုန်းဝပ်စစ်ကြောင်း) ကတော့ လက်ရှိလဲ နေရာယူထားဆဲ နေမှာပါ။ အခုလို သူတို့ စစ်ကြောင်းထိုးဖို့ ကင်းထိုးတာလည်း ဖြစ်နိုင်တယ်ဗျ။ အခု စမ္ပာယ်နဂိုရ် စာသင်ကျောင်းထဲမှာလည်း သူတို့ တာယာတင့်(ကား)ပေါ့နော်၊ သံချပ်ကာတင့်တော့ မဟုတ်ဘူး၊ တာယာနဲ့တင့်တော့ ၂ စီး ရောက်နေတယ်လို့တော့ ကြားတယ်ဗျ။”

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်မှာ ဧပြီ ၁၁ ရက်က စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံရာနဲ့ချီ သေဆုံးခဲ့တဲ့ ပဇီကြီးကျေးရွာတဝိုက် အခုရက်ပိုင်း စစ်တပ်တွေ ဖြန့်ချထားတာကြောင့် ဒေသခံတွေ စိုးရိမ်နေကြပြီး မကြာခင်မှာပဲ ခုလို ရာနဲ့ချီတဲ့ အင်အားနဲ့ ကျေးရွာအတွင်းကို စစ်ကြောင်းထိုး ဝင်လာခဲ့တာဖြစ်ပါတယ်။ အခုဆို ကျေးရွာ ၆ ရွာထက်မနည်းက ရွာသားတွေဟာ ရွာပြင်တွေက ဘေးလွတ်ရာမှာ ပုန်းခိုနေကြရပါတယ်။

ဧပြီလ ၁၁ ရက် လေကြောင်းကနေ တိုက်ခိုက်ခံရပြီးတဲ့နောက် အနီးအနား ကျေးရွာအပါအဝင် ရွာ ၆ ရွာလောက်က ဒေသခံတွေဟာ အဝတ်အထည်၊ စားသောက်ရေးအတွက် လိုအပ်တဲ့ရိက္ခာ စတာတွေ တခုမှ မယူနိုင်ဘဲ အလွတ် ထွက်ပြေးခဲ့ရတာကြောင့် နေထိုင်ရေး စားသောက်ရေးတွေမှာ အတော့်ကို ဒုက္ခရောက်နေကြရတယ်လို့ ဒေသခံတွေနဲ့ ကာကွယ်ရေး အဖွဲ့ဝင်တွေက ပြောပါတယ်။

စစ်ဘေးရှောင်တွေ စားသောက်ရေးအတွက် ကာကွယ်ရေးအဖွဲ့တွေက ရိက္ခာနဲ့ ထမင်း၊ ဟင်းတွေ ချက်ပြုတ်ပို့ပေးတာမျိုးတွေ လုပ်နေပေမယ့် စစ်ရှောင်အရေအတွက် များလွန်းတာကြောင့် အားလုံးကိုတော့ မထောက်ပံ့နိုင်သေးဘူးလို့ ပြောပါတယ်။ တချို့ စစ်ရှောင်တွေကလည်း ကာကွယ်ရေးတပ်ဖွဲ့တွေ လက်လှမ်းမမီနိုင်တဲ့ နေရာမျိုးတွေကို ရောက်နေကြတာမျိုးတွေလည်း ရှိနိုင်တာကြောင့် ကာကွယ်ရေးတပ်ဖွဲ့တွေက ရှာဖွေပြီး ကူညီပေးနိုင်ဖို့လည်း ဆောင်ရွက်နေကြတယ်လို့ မလည်တိုက်နယ် တာဝန်ခံက ပြောပါတယ်။

ပဇီကြီးကျေးရွာကို စစ်ကောင်စီက အဲဒီလို လေကြောင်းက တိုက်ခိုက်ခဲ့တဲ့အပေါ် ကုလသမဂ္ဂနဲ့ G-7 စက်မှုထိပ်သီးနိုင်ငံတွေ အပါအဝင် နိုင်ငံတကာအသိုင်းဝိုင်းက ပြစ်တင် ရှုတ်ချခဲ့ကြပါတယ်။ စစ်ကောင်စီပြောခွင့်ရကတော့ အဲဒီဒေသမှာ PDF အဖွဲ့တွေ ရှိနေတယ်ဆိုတာ သတင်းရတဲ့အတွက် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ တုန့်ပြန် ပြောဆိုထားပါတယ်။

စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး ထိုးစစ်၊ တိုက်ပွဲတွေနဲ့ လေကြောင်းက ပစ်ခတ်တိုကခိုက်မှုတွေကြောင့် စစ်ကိုင်းအတွင်းမှာ သေဆုံးသူတွေနဲ့ အိုးအိမ် စွန့်ခွာ ထွက်ပြေးနေကြရတဲ့ စစ်ရှောင် အရေအတွက်ဟာ တနေ့ထက်တနေ့ ပိုပြီး တိုးလာနေပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေဟာ ဒီဒေသ ကျေးရွာတွေကို အခြေစိုက်ပြီး အကြမ်းဖက် လုပ်ငန်းတွေ လုပ်နေတယ် ဆိုပြီးတော့လည်း မြန်မာစစ်တပ်က စွပ်စွဲထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG