သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပဇီကြီးရွာ လေကြောင်းက ထပ်မံတိုက်ခိုက်ခံရ


စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလည်တိုက်နယ်အတွင်းက ပဇီကြီးကျေးရွာ ဗုံးကျဲတိုက်ခိုက်ခံရအပြီးမြင်ကွင်း (ဧပြီ ၁၁၊ ၂၀၂၃)
စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ မလည်တိုက်နယ်အတွင်းက ပဇီကြီးကျေးရွာ ဗုံးကျဲတိုက်ခိုက်ခံရအပြီးမြင်ကွင်း (ဧပြီ ၁၁၊ ၂၀၂၃)

စစ်ကောင်စီရဲ့ လေကြောင်း တိုက်ခိုက်မှုကြောင့် ဒေသခံ အများအပြား သေဆုံးခဲ့ရတဲ့ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာကို ဒီနေ့လည်း နောက်ထပ် တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံကာကွယ်ရေး အဖွဲ့ဝင်တွေက ပြောပါတယ်။ နယ်မြေရှင်းလင်းရေးအတွက် ကျေးရွာအနီးကို ရောက်နေတဲ့ စစ်ကြောင်းကလည်း လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာတွေ ရှိတယ်လို့ ဆိုပါတယ်။ ဒီအကြောင်း ရန်ကုန်ကသတင်းပေးပို့ထားတာကို အခြေခံပြီး မဆုမွန် တင်ပြထားပါတယ်။

စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ် ပဇီကြီးကျေးရွာကို ဧပြီ ၁၁ ရက်နေ့မနက်ပိုင်းက စစ်ကောင်စီတပ်တွေက လေကြောင်းကနေ ဗုံးကြဲ၊ ပစ်ခတ်တိုက်ခိုက်ခဲ့တာကြောင့် လူ ၁၇၀ ကျော် သေဆုံးခဲ့ရတာပါ။ အဲ့ဒီနောက်ပိုင်းမှာလည်း စစ်ကောင်စီတပ်တွေက နေ့တိုင်းနီးပါး လေကြောင်းကနေ ပျံသန်းစောင့်ကြည့်တာတွေ လုပ်နေခဲ့ပါတယ်။ ဒီကနေ့ ဧပြီ ၂၀ ရက် ညနေ ၂ နာရီခွဲ ဝန်းကျင်လောက်မှာ တိုက်ခိုက်ရေး ဂျက်လေယာဉ်တစ်စီးနဲ့ ပဇီကြီး ကျေးရွာပေါ်ကို ထပ်မံပြီး ပစ်ခတ်ခဲ့တာကြောင့် လက်ရှိမှာတော့ ကျေးရွာဟာ မီးလောင်နေတယ်လို့ မလည်တိုက်နယ် ကာကွယ်ရေး တာဝန်ခံကိုဗလကြီးက VOA ကို ခုလိုပြောပါတယ်။

“အခုပစ်သွားပြီဗျ၊ အခု ပစ်သွားပြီ၊ အခုပဲ ၃ ကြိမ်ဝဲပြီး ပစ်သွားတာဗျ။ ရွာကတော့ မီးလောင်သွားပြီဗျ။ မီးခိုးလိပ်တွေ ခုမြင်နေရပြီ။ ဂျက်ဖိုက်တာနဲ့ဗျ။ ဂျက်ဖိုက်တာနဲ့ပါ။ ပထမဆုံး အလုံးက ဗုံးကြီးထင်တယ်ဗျ။ ကျွန်တော်တို့ကို သတင်းယူနေတုန်း အူတက်သွားတာပဲ လူကို။ တော်တော်ပြင်းပါတယ်၊ ပထမအလုံးကတော့။ ကျွန်တော်တို့လည်း အဲ့တာကြောင့် မကပ်ရဲတော့လို့ ပြန်ပြီးဆုတ်တဲ့အချိန်မှာ(ရွာကို) ၂ ပတ်ပတ်ပြီး ထပ်ပစ်တာ၊ ၃ ကြိမ်ကျမှာပေါ့ ပစ်တာကတော့။ကျွန်တော့်အထင်တော့ သူတို့စစ်ကြောင်းကလည်း ရွာထဲကို ဝင်ရဲဟန်မတူဘူးဗျ။ မနေ့က သူတို့ဝင်တယ်ဆိုတာကလည်း ဘုန်းကြီးကျောင်း အစပ်နားလေးတင် သူတို့ဝင်ပြီး ပြန်ထွက်ခဲ့တာဆိုတော့၊ မဝင်ရဲလို့ ဒီလို သူတို့ လေယာဉ်နဲ့လာပြီး လက်စဖျောက်တဲ့ အနေအထားထင်တယ်။”

အင်အား ၂၀၀ ကျော်နဲ့ ပဇီကြီး ကျေးရွာကို ခြေလျင်ဝင်လာတဲ့ အမှတ် ၁၃ လေ့ကျင့်ရေးတပ်ကလည်း ကျေးရွာအတွင်းကို မဝင်ဘဲ ရွာရဲ့ တောင်ဖက်ကနေ ၆၀ မမ အမြောက်နဲ့ ရွာရဲ့ အနောက်ဖက်ကို ၂နာရီဝန်းကျင်လောက်မှာ အနည်းဆုံး ၁၀ ကြိမ်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။ လက်ရှိမှာတော့ ဒီလိုပစ်ခတ်မှုတွေကြောင့် အိမ်ခြေ ၂၀၀ ကျော်ရှိတဲ့ ပဇီကြီးကျေးရွာဟာ ကျေးရွာရဲ့ အနောက်ခြမ်းနဲ့ အလယ်ပိုင်းတွေမှာ မီးအကြီးအကျယ်လောင်နေတယ်လို့ ဒေသကာကွယ်ရေး အဖွဲ့တာဝန်ခံ ကိုဗလကြီးက ခုလိုပြောပါတယ်။

“သူ(Jet Fighter)လာမပစ်ခင် (နေ့လယ်) ၂ နာရီလောက်က စစ်ကြောင်းကနေမှ ၁၀ ချက်လောက်ထုတယ်ဗျ။ ထုပြီးတော့မှ ခုမှ ဂျက်ဖိုက်တာနဲ့ ပစ်တာဗျ။ ၆၀ ထင်တယ်ဗျ၊ ၆၀ နဲ့ ၁၀ ချက်လောက်ပစ်ပြီးတော့မှ ဂျက်ဖိုက်တာနဲ့ လာပစ်သွားတာ။ (စကစ စစ်ကြောင်းက) အခု ရွာထဲကို မဝင်သေးဘူးဗျ။ ရွာရဲ့တောင်ဖက်ကနေ ပစ်သွင်းနေတာဗျ။ စစ်ရှောင်တွေ ရှိတဲ့ဖက်တွေကိုထင်တယ်။ ရွာရဲ့ အနောက်ဖက် တည့်တည့်ကို လှမ်းပစ်နေတာ။”

စစ်ကောင်စီရဲ့ ဧပြီ ၁၁ ရက်နေ့ လေကြောင်းတိုက်ခိုက်မှုကြောင့် ပဇီကြီးရွာ အပါအဝင် ကျေးရွာ ၇ ရွာလောက်က ဒေသခံ ၅၀၀၀ ထက်မနည်းဟာ တောတောင်တွေထဲမှာ စစ်ဘေးရှောင်နေကြရတာပါ။ မနေ့က ပဇီကြီးရွာအနီးကို ဝင်လာတဲ့ စစ်ကြောင်းက ကျေးရွာထဲကို ဝင်ရောက် ရှင်းလင်းတာထက် စစ်ဘေးရှောင်တွေ ရှိတဲ့ဖက်ကို ဝင်ရောက်လာပြီး ရှာဖွေတာမျိုးတွေ လုပ်တာကြောင့် မနေ့က ညချင်းပဲ စစ်ဘေးရှောင်တွေကို နေရာ ပြောင်းရွေ့ထားကြရတယ်လို့ စစ်ရှောင်တွေကို ကူညီပေးနေတဲ့ တိုက်နယ် ကာကွယ်ရေးတာဝန်ခံကိုဗလကြီးက ခုလိုပြောပါတယ်။

“သူတို့က လှည့်ရှာနေတာဗျ။ ဒီစစ်ရှောင်တွေဖက်ကို ကူးပြီးတော့ ရှာတာ၊ ရွာတွေဖက်ကို အဓိက မဝင်ဘူးဗျ။ မနက်ကလည်း လှည့်ပတ်ပြီးရှာနေတာ၊ ခု နေ့လယ်ပိုင်း ၂ နာရီလောက်မှာ (၆၀ မမ) ၁၀ လုံးလောက် ပစ်သွင်းပြီးတော့ ခု ဂျက်ဖိုက်တာနဲ့ လာပစ်တာဗျ။”

ဧပြီ ၁၁ ရက်နေ့ တိုက်ခိုက်ခံရပြီးတဲ့နောက် အနီးအနား ကျေးရွာအပါအဝင် ရွာ ၇ ရွာလောက်က ဒေသခံ ၅၀၀၀ ကျော်လောက်ဟာ အဝတ်အထည်၊ စားသောက်ရေးအတွက် လိုအပ်တဲ့ရိက္ခာ စတာတွေ တခုမှ မယူနိုင်ဘဲ အလွတ် ထွက်ပြေးခဲ့ရတာကြောင့် နေထိုင်ရေး စားသောက်ရေးတွေမှာ အတော့်ကို ဒုက္ခရောက်နေကြရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ပထမတကြိမ် လေကြောင်းတိုက်ခိုက်မှုကြောင့် ၅ နှစ်အရွယ်မြေးလေးနဲ့ သားမက်ဖြစ်သူတို့ကို ဆုံးရှံးလိုက်ရတဲ့ ပဇီကြီး ဒေသခံ အမျိုးသမီးတစ်ဦးကတော့ ဒီကနေ့ ပဇီကြီးရွာကို လေကြောင်းကနေ ထပ်မံ တိုက်ခိုက်ခဲ့တာနဲ့ စစ်ကြောင်းတွေ အင်အားအများအပြားနဲ့ ဝင်နေတာတွေ ရှိတာကြောင့် ကြောက်ရွံ့နေကြရတယ်လို့ ပြောပါတယ်။

“နောက်ထပ်လည်း ကြောက်လန့်နေရပါတယ်ရှင် ကျန်တဲ့လူတွေအတွက်လည်း ပူပင်ရပါတယ်။ ကောင်းကောင်းမွန်မွန်လေးနဲ့ လုံလုံခြုံခြုံလေး နေချင်တာပါ။ အန္တရာယ်ကင်းကင်းလေး။ ကျွန်မတို့ ပြေးပြေးလွားလွား ကြောက်ကြောက်လန့်လန့်နဲ့ လာလို့ ဆေးဝါးတွေလည်း မပါခဲ့ပါဘူး။ ရိက္ခာနဲ့ သောက်ရေး သုံးရေတွေကအစ အခက်အခဲရှိပါတယ်။ အဲ့ဒါတွေတော့ လိုအပ်ပါတယ်ရှင်။”

ပဇီကြီးကျေးရွာကို စစ်ကောင်စီက ဒီလို လူ ၁၇၀ ကျော်သေဆုံးအောင် လေကြောင်းက တိုက်ခိုက်ခဲ့တဲ့အပေါ် ကုလသမဂ္ဂနဲ့ G-7 စက်မှုထိပ်သီးနိုင်ငံတွေ အပါအဝင် နိုင်ငံတကာအသိုင်းဝိုင်းက ပြစ်တင် ရှုတ်ချခဲ့ကြပါတယ်။ စစ်ကောင်စီပြောခွင့်ရကတော့ အဲဒီဒေသမှာ PDF အဖွဲ့တွေ ရှိနေတယ်ဆိုတာ သတင်းရတဲ့အတွက် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်တယ်လို့ တုန့်ပြန် ပြောဆိုထားပါတယ်။

စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေး ထိုးစစ်၊ တိုက်ပွဲတွေနဲ့ လေကြောင်းက ပစ်ခတ်တိုကခိုက်မှုတွေကြောင့် စစ်ကိုင်းအတွင်းမှာ သေဆုံးသူတွေနဲ့ အိုးအိမ် စွန့်ခွာ ထွက်ပြေးနေကြရတဲ့ စစ်ရှောင် အရေအတွက်ဟာ တနေ့ထက်တနေ့ ပိုပြီး တိုးလာနေပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ် PDF တွေဟာ ဒီဒေသ ကျေးရွာတွကို အခြေစိုက်ပြီး အကြမ်းဖက် လုပ်ငန်းတွေ လုပ်နေတယ် ဆိုပြီးတော့လည်း မြန်မာစစ်တပ်က စွပ်စွဲထားပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG