သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မကွေးတိုင်းပေါက်မြို့နယ်အတွင်းတိုက်ပွဲဖြစ်ပွား


စစ်ကောင်စီတပ်ရဲ့ နယ်မြေရှင်းလင်းရေးဖြစ်စဉ်အပြီး မြင်ရသည့် မကွေးတိုင်း ပေါက်မြို့နယ်တနေရာ (ဓါတ်ပုံ - ပေါက်မြို့နယ် FB)
စစ်ကောင်စီတပ်ရဲ့ နယ်မြေရှင်းလင်းရေးဖြစ်စဉ်အပြီး မြင်ရသည့် မကွေးတိုင်း ပေါက်မြို့နယ်တနေရာ (ဓါတ်ပုံ - ပေါက်မြို့နယ် FB)
မကွေးတိုင်း ပေါက်မြို့နယ်ထဲက စစ်ကောင်စီတပ်နဲ့ ပြည်သူ့စစ်အဖွဲ့တွေ တပ်စွဲထားတဲ့ တပ်ကုန်းရွာကို ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ ဝင်ရောက်တိုက်ခိုက်ခဲ့ပါတယ်။ မကွေးမြို့ပေါ်မှာလည်း မကွေး လေတပ်စခန်း တိုက်ခိုက်ခံရပြီးတဲ့နောက် မြို့ဝင်မြို့ထွက်တွေမှာ လုံခြုံရေး တင်းကျပ်ထားပါတယ်။ မကွေးတိုင်းထဲက စစ်ရေးတင်းမာမှုအခြေအနေ သတင်းပေးပို့ချက်ကို ကိုဉာဏ်ဝင်းအောင်ပြောပြပါမယ်။

မကွေးတိုင်း ပေါက်မြို့နယ်ထဲမှာရှိတဲ့ စစ်တပ်နဲ့ စစ်တပ်ထောက်ခံသူတွေ တပ်စွဲထားတဲ့ တပ်ကုန်းကျေးရွာ ကို ဇူလိုင် ၁၉ ရက် မနက်ပိုင်းကစလို့ဒေသခံကာကွယ်ရေး တပ်ဖွဲ့တွေက ဝင်ရောက် တိုက်ခိုက် ညခဲ့တာပါ။၁ နာရီနီးပါး အပြန်အလှန်ပစ်ခတ်တာတွေ ဖြစ်ပြီးတဲ့နောက် စစ်တပ်ဘက်က ရဟတ်ယာဉ်တွေနဲ့ လာရောက်ပစ်ခတ်တာတွေရှိခဲ့တယ်လို့ ဒေသကာကွယ်ရေး တပ်ဖွဲ့တွေက ပြောပါတယ်။ ကာကွယ်ရေး တပ်ဖွဲ့တွေကျေးရွာထဲ မဝင်ရောက်နိုင်ခဲ့ပေမဲ့ ကျေးရွာထဲမှာ တည်ဆောက်ထားတဲ့ စစ်တပ်ဘက်က အကာအကွယ် အချို့ကို ဖျက်ဆီးနိုင်ခဲ့တယ်လို့ ပါဝင်တိုက်ခိုက်ခဲ့တဲ့ ကာကွယ်ရေး တပ်ဖွဲ့ဝင် တဦးက အခုလို ပြောပါတယ်။

“၆ နာရီခွဲလောက်မှာ တိုက်ပွဲဖြစ်တာ။ တိုက်ပွဲဖြစ်စဉ်က ၁ နာရီ ၂၅မိနစ်လောက်ကြာမယ်။ ဒီဘက်ကနေ ကျွန်တော်တို့ဘက်ကနေ စပြီးတော့တိုက်တယ် တိုက်တော့ အပြန်အလှန် ပစ်ခတ်တာတွေဖြစ်ကြတာပေါ့။ အပြန်အလှန် ပစ်ခတ်မှုဖြစ်တော့ ကျွန်တော်တို့ဘက်ကလည်းထိခိုက်မှုလေးတွေ ရှိတယ်။သူတို့ဘက်က ကျဆုံးမှုတွေတော့ တိတိကျကျတော့ သတင်း မရသေးဘူးခင်ဗျ။ သူတို့ ဘန်ကာတွေကော ဖြိုတယ်။ကျွန်တော်တို့ဘက်က RPG တွေကော၊ စက်လက်နက်တွေကော သုံးပြီး ဘန်ကာတွေကိုစပြီးဖြိုတယ်။ ကျွန်တော်တို့ အထဲထိအောင်တော့ မဝင်နိုင်ခဲ့ဘူးခင်ဗျ။ လေကြောင်းက ၄၅ မိနစ်လောက်ကြာတယ်။ လေကြောင်းနဲ့ထုသွားတာ။ (လေယာဉ်) စက်လက်တွေနဲ့ကော ပစ်တယ်။ ဗုံးသီးတွေနဲ့ကော ချတယ်။ ၄၅ မိနစ်လောက် ပတ်ပစ်နေတော့ လေယာဉ်ကလည်း အပေါ်ကနေ လာထုနေတာဆိုတော့ ရှေ့ဆက်ပြီးတော့ အပြတ်တော့ မသိမ်းနိုင်ခဲ့ဘူး။”

တပ်ကုန်းရွာမှာ စစ်တပ်နဲ့ စစ်တပ်ထောက်ခံသူ ၅၀ လောက်ဟာ အကာအကွယ်တွေအခိုင်အမာလုပ်ပြီး တပ်စွဲထားတဲ့အတွက် အခုလိုဝင်ရောက်တိုက်ခိုက်တာလို့ ကာကွယ်ရေး အဖွဲ့တွေက ပြောပါတယ်။ ပေါက်မြို့နယ်ဟာ လက်နက်ကိုင်တော်လှန်ရေး အားကောင်းတဲ့ မြို့တမြို့ဖြစ်ပြီး စစ်တပ်ကလည်း မကြာခဏ နယ်မြေရှင်းလင်းတာတွေ လုပ်တဲ့အတွက် ကာကွယ်ရေး အဖွဲ့တွေနဲ့ တိုက်ပွဲတွေဖြစ်ပြီး စစ်ရေး တင်းမာနေတာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် အခြားမြို့နယ်တွေကနေ ပေါက်မြို့နယ်ထဲကို ကုန်ပစ္စည်း ဆေးဝါး၊ ဆန်နဲ့ အစားအစာတွေကို စစ်တပ်ဘက်က ကန့်သတ် တားဆီးတာတွေ ရှိတဲ့အတွက်ဒေသခံတွေ အခက်အခဲ ကြုံနေရပါတယ်။

မကွေးမြို့ပေါ်မှာဆိုရင်လည်း မကွေးလေတပ်စခန်းကို ဇူလိုင် ၁၈ ရက် မနက်၁ နာရီဝန်းကျင်ခန့်က ကာကွယ်ရေးအဖွဲ့တွေက ရှော့တိုက်ဒုံးတွေနဲ့ ပစ်ခတ် တိုက်ခိုက်ခဲ့ပါတယ်။ စစ်တပ်ဟာ ဒေသခံကာကွယ် ရေးတပ်ဖွဲ့တွေအပြင်အရပ်သားတွေကိုပါ လေကြောင်းကနေ ပစ်ခတ်တာတွေ ရှိတာကြောင့်လည်း အခုလိုတိုက်ခိုက်တာလို့ တော်လှန်ရေး တပ်ဖွဲ့တွေက ပြောပါတယ်။

တိုက်ခိုက်မှု ဖြစ်ပြီးတဲ့နောက်မှာတော့မကွေးမြို့ အဝင်အထွက်တွေကိုလုံခြုံရေး ပိုမိုတင်းကျပ်ထားတယ် လို့လည်း ပြောပါတယ်။ တိုက်ခိုက်ခဲ့တဲ့ အခြေအနေနဲ့ပတ်သက်လို့ မကွေးခရိုင်၊ အမှတ် ၂ တပ်ရင်းက တာဝန်ရှိသူတဦးဖြစ်တဲ့ ဗိုလ်စံရှားက အခုလို ပြောပါတယ်။

“ကျွန်တော်တို့ မြေပြင်အနေအထားအရ ကျွန်တော်တို့ အားသာလာတယ်ပေါ့။တချို့နယ်မြေတွေမှာ ကျွန်တော်တို့ ကာကွယ်ရေးတွေအားသာလာပြီခင်ဗျ။ ဒါပေမဲ့ ဝေဟင်မှာကတော့ ခံနေရတယ်ပေါ့။ အဲ့ဒါတွေကြောင့် လေတပ်တွေကို အဓိကထားပြီးတော့ လုပ်နေတာပါ။ ကျွန်တော်တို့ ၅ လုံးပစ်ခဲ့တယ်။ ၅ လုံးပစ်ခဲ့တဲ့ အနေအထားမှာ ၄ လုံးထိထိရောက်ရောက် ရောက်တယ်ပေါ့။ ၁ လုံးက error ဖြစ်တယ်။ သူတို့တွေ မနက်အစောပိုင်းကစပြီး မြို့ကို အဝင်အထွက်တွေပိတ်တယ်။ မြို့ဝင်မြို့ထွက်တွေမှာ အရမ်းကျပ်ပြီးတော့ တော်တော် အစစ်အဆေးများတဲ့ အနေအထားမှာ ရှိတယ်။”

သူတို့ဘက်က ပစ်ခတ်တိုက်ခိုက်တာကြောင့်စစ်ကောင်စီရဲ့ လေယာဉ်ဆီ သိုလှောင်ရုံထိမှန်ခဲ့တယ်လို့ ကာကွယ်ရေး အဖွဲ့တွေက ပြောပေမဲ့ စစ်ကောင်စီဘက်က တရားဝင် သတင်းထုတ်ပြန် ပြောကြားထားတာတော့ မရှိသေးပါဘူး။

မကွေးလေတပ်စခန်းဟာမကွေးမြို့အထွက် မကွေး ရေနံချောင်းလမ်းပေါ်မှာ တည်ရှိတာဖြစ်ပြီးမကြာခဏ တိုက်ခိုက်ခံနေရတာလည်း ဖြစ်ပါတယ်။မကွေးလေတပ်စခန်းကို ရှော့တိုက်ဒုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံရတာ ဒီတကြိမ်အပါအဝင် ၄ ကြိမ်ရှိပြီလည်း ဖြစ်ပါတယ်။

ပထမဆုံးအကြိမ် တိုက်ခိုက်ခံရချိန်မှာ လေယာဉ်ပြေးလမ်းနဲ့ လေတပ်ထဲက အဆောက်အဦး အချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ စစ်ကောင်စီဘက်က သတင်းထုတ်ပြန်ခဲ့ပြီး နောက်ပိုင်းတွေမှာ သတင်းထုတ်ပြန် တာ မတွေ့ရပါဘူး။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG