သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

UNOCHA အကြီးအကဲ မြန်မာခရီး အရပ်ဘက်အဖွဲ့အစည်းတွေ ဝေဖန်


ကုလ စာနာမှုအကြီးအကဲ (UNOCHA) Martin Griffiths စစ်ကောင်စီခေါင်းဆောင်နဲ့တွေဆုံ (သြဂုတ် ၁၅၊ ၂၀၂၃)
ကုလ စာနာမှုအကြီးအကဲ (UNOCHA) Martin Griffiths စစ်ကောင်စီခေါင်းဆောင်နဲ့တွေဆုံ (သြဂုတ် ၁၅၊ ၂၀၂၃)

ကုလသမဂ္ဂ လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ အကြီးအကဲ Martin Griffiths ရဲ့ အရင်အပတ်က မြန်မာပြည်ခရီးစဉ်နဲ့ပတ်သတ်ပြီး မြန်မာအရပ်ဘက်အဖွဲ့အစည်းတွေက သြဂုတ်လ ၂၂ ရက် နေ့စွဲနဲ့ ထုတ်ပြန်ချက်ထုတ် ဝေဖန်လိုက်ပါတယ်။ လုံခြုံရေးကြောင့် အမည်မဖော်ထားတဲ့ အဖွဲ့အစည်း ၂၆၀ အပါအဝင် ကရင်ငြိမ်းချမ်းရေးအထောက်အကူပြုကွန်ရက်၊ ကရင်နီအမျိုးသမီး အစည်းအရုံး၊ ချင်းလူ့အခွင့်အရေးအဖွဲ့ အစရှိတဲ့ ဒေသတွင်းနဲ့ နိုင်ငံတကာ အဖွဲ့အစည်းပေါင်း ၅၁၄ ခုက ဒီ ထုတ်ပြန်ချက်မှာ လက်မှတ်ရေးထိုးထားပါတယ်။

Martin Griffiths ရဲ့ ခရီးစဉ်အတွင်း ရခိုင်ပြည်နယ်ကို လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေပို့နိုင်ဖို့ ညှိနှိုင်းတဲ့ ကြိုးပမ်းချက်တွေကို တွေ့ရပေမယ့် ခရီးစဉ်က သိသာတဲ့အောင်မြင်မှုတေွမရှိခဲ့ဘဲ နိုင်ငံတကာ အသိအမှတ်ပြုမှုနဲ့ တရားဝင်မှုရရှိရေး ကြိုးပမ်းနေတဲ့စစ်အာဏာရှင်တွေဘက်က ဝါဒဖြန့်ဖို့ အသုံးချခံခဲ့ရတာလို့ ထောက်ပြပါတယ်။

ဒါ့အပြင် UNOCHA ရဲ့ ခရီးစဉ်ထုတ်ပြန်ချက်ထဲမှာ “နိုင်ငံတော် အုပ်ချုပ်ရေး ကောင်စီ” လို့ သုံးနှုန်းထားပြီး ဒါဟာ ကုလသမဂ္ဂလုံခြုံရေးကောင်စီနဲ့ ကုလသမဂ္ဂ အထွေထွေညီလာခံတို့ကချမှတ်ထားတဲ့ ဆုံးဖြတ်ချက်တွေထဲမှာ အသုံးပြုတဲ့ အသုံးအနှုန်းတွေနဲ့မကိုက်ညီဘဲ တရားမဝင်တဲ့မြန်မာစစ်တပ်အပေါ် အသိအမှတ်ပြုရာ ရောက်ကြောင်းလည်း အရပ်ဘက်အဖွဲ့တွေက ဝေဖန်ပါတယ်။

ဒါ့အပြင် အာဏာသိမ်းစစ်ကောင်စီဟာ အထောက်အပံ့အကူအညီပေးရေးကို လက်နက်သဖွယ် အသုံးချနေတာအပြင် မြန်မာပြည်သူတွေ အဓိကခံစားနေရတဲ့ ဒုက္ခအားလုံးရဲ့ လက်သည်တရားခံလည်းဖြစ်လို့ စစ်တပ်နဲ့ ထိတွေ့ဆက်ဆံတာထက် မြန်မာနိုင်ငံနဲ့လူထုကို တရားဝင်ကိုယ်စားပြုသူတွေ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းတွေကို တရားဝင်ထိတွေ့ဆက်ဆံပြီး လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကူအညီများပေးအပ်ဖို့လည်း ထုတ်ပြန်ချက်မှာ တိုက်တွန်းထားပါတယ်။

တိုင်းရင်းသား တော်လှန်ရေးအဖွဲ့အစည်းတွေ (EROs)၊ ကြားကာလ အမျိုးသား ညီညွတ်ရေး အစိုးရ (NUG) နဲ့ နယ်စပ်ဖြတ်ကျော် လမ်းကြောင်းတွေအပါအဝင် မြေပြင်မှာ မရှိမဖြစ်လိုအပ်တဲ့ဝန်ဆောင်မှုတွေကို ထိထိရောက်ရောက် ပံ့ပိုးပေးနေတဲ့ အရပ်ဘက်အဖွဲ့အစည်းတွေနဲ့ လက်တွဲ ဆောက်ရွက်သွားဖို့ တိုက်တွန်းပါတယ်။

ဒီခရီးစဥ်ဟာ မိုခါမုန်တိုင်းအပြီး ၃ လကြာမှဖြစ်လို့ စစ်ကောင်စီအနေနဲ့ ချင်း၊ ရခိုင်နဲ့ စစ်ကိုင်းစတဲ့ မုန်တိုင်းခံဒေသတွေမှာ လိုအပ်ချက်တွေကို ကိုင်တွယ်ဖြေရှင်းဖို့ ရည်ရွယ်ချက်မရှိကြောင်း သက်သေပြနေတယ်လို့လည်း ဆိုပါတယ်။

လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကျပ်အတည်း တိုးလာရတာရဲ့ အကြောင်းရင်းက စစ်အစိုးရရဲ့ အကြမ်းဖက်မှုတွေ၊ ရက်စက်ယုတ်မာမှုတွေနဲ့ ဆိုင်ကလုန်း မိုခါ ဒုက္ခသည်တွေဆီ ဝင်ရောက်ခွင့်ကို ပိတ်ဆို့ထားခြင်းကြောင့်ဆိုတဲ့ အချက်ကို UNOCHA ရဲ့ ထုတ်ပြန်ချက်ထဲမှာ ချန်လှပ်ထားလို့ စိုးရိမ်ကြောင်းလည်း အရပ်ဘက်အဖွဲ့တွေက ထောက်ပြ ဝေဖန်ထားပါတယ်။

UNOCHA အကြီးအကဲ မြန်မာခရီး အရပ်ဘက်အဖွဲ့အစည်းတွေ ဝေဖန်
please wait

No media source currently available

0:00 0:01:21 0:00
တိုက်ရိုက် လင့်ခ်

XS
SM
MD
LG