သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်နီဒေသ တလအတွင်း တိုက်ပွဲ ၅၀ ဖြစ်ပွားကြောင်း KNDF ထုတ်ပြန်


လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတဲ့ ကယားပြည်နယ် (ဒေသအခေါ် ကရင်နီပြည်နယ်) ဘော်လခဲမြို့မြောက်ဘက်က စောလုံကျေးရွာ (မေ ၁၇၊ ၂၀၂၃)
လေကြောင်းက ဗုံးကြဲတိုက်ခိုက်ခံခဲ့ရတဲ့ ကယားပြည်နယ် (ဒေသအခေါ် ကရင်နီပြည်နယ်) ဘော်လခဲမြို့မြောက်ဘက်က စောလုံကျေးရွာ (မေ ၁၇၊ ၂၀၂၃)

ကယားပြည်နယ်ခေါ် ကရင်နီပြည်မှာ သြဂုတ်လ တလတည်းမှာတင် တိုက်ပွဲပေါင်း ၅၀ လောက် ရှိခဲ့ပြီး လေကြောင်းတိုက်ခိုက်မှု ၄၅ ကြိမ် ရှိခဲ့တဲ့အကြောင်း ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ် (KNDF) က ဒီကနေ့ ထုတ်ပြန်ပါတယ်။ ပစ်ခတ်တိုက်ခိုက်မှုတွေအတွင်း ကလေးငယ်တချို့ အပါအဝင် အရပ်သား ထိခိုက်၊ သေဆုံးတာတွေရှိသလို အရပ်ဘက် အဆောက်အဦတချို့ ပျက်စီးခဲ့ကြောင်းလည်း ပြောပါတယ်။ သတင်းပေးပို့ချက် အပြည့်စုံကို မဆုမွန် တင်ပြပေးပါမယ်။

စစ်ကောင်စီတပ်တွေနဲ့ ကရင်နီ ဒေသခံကာကွယ်ရေး ပူးပေါင်းတပ်တွေအကြား နှစ်ဘက် ပစ်ခတ်မှုတွေ နေ့စဉ်ဆိုသလို ရှိနေတဲ့ ကရင်နီဒေသမှာ ပြီးခဲ့တဲ့ သြဂုတ်လ တလတည်းမှာတင် တိုက်ပွဲပေါင်း ၅၀ ဖြစ်ခဲ့တဲ့အကြောင်း ကရင်နီ အမျိုးသားများ ကာကွယ်ရေးတပ်(KNDF) ရဲ့ ဗဟိုသတင်းနဲ့ ပြန်ကြားရေးဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။

ဒီတိုက်ပွဲတွေအတွင်းမှာ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၁၀ ဦး သေဆုံးခဲ့ပြီး၊ ၄၀ ကျော်လောက် ထိခိုက်ဒဏ်ရာ ရရှိကြောင်းနဲ့ စစ်သုံ့ပန်း ၃ ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး လက်နက်ငယ် ၁၅ လက်၊ လက်နက်ကြီး ၁ လက် အပါအဝင် ဆက်စပ်ခဲယမ်း အများအပြား သိမ်းဆည်းရမိတဲ့အကြောင်းလည်း ဖော်ပြထားပါတယ်။ စစ်ကောင်စီတပ်ဘက်က ထိခိုက်သေဆုံးမှုတွေနဲ့ ပတ်သက်လို့ ဗွီအိုအေအနေနဲ့ သီးခြား အတည်မပြုနိုင်သလို၊ ကရင်နီဒေသ တိုက်ပွဲ အခြေအနေတွေနဲ့ ပတ်သက်လို့ စစ်ကောင်စီ ပြောခွင့်ရ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဗွီအိုအေက တယ်လီဖုန်းနဲ့ ဆက်သွယ်ပေမဲ့ လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

စစ်ကောင်စီတပ်တွေဟာ ပြီးခဲ့တဲ့ ဩဂုတ်လ ၂ ရက်နေ့က စတင်ပြီး ဒီးမော့ဆို-ဖရူဆို ပြည်ထောင်စုလမ်းမကြီး တလျှောက် နယ်မြေတွေ ထိန်းချုပ်နိုင်ရေးအတွက် ပြည်ထောင်စု လမ်းမကြီးဘေး တဘက်တချက်မှာရှိတဲ့ ကျေးရွာတွေကို အပြင်းအထန် ထိုးစစ်ဆင် တိုက်ခိုက်လာနေတဲ့အကြောင်း KNDF ထုတ်ပြန်ချက်က ဖော်ပြပါတယ်။ စစ်ကောင်စီတပ်တွေရဲ့ တပ်မ (၅၅) လက်အောက်ခံ တပ်ရင်းက စစ်ကြောင်းသုံးကြောင်းခွဲပြီး ဒီးမော့ဆိုမြို့နယ်နဲ့ ဖရူဆိုမြို့နယ်အစ ငွေတောင်ရွာသစ်ကျေးရွာကနေ ကဒါးလားကျေးရွာ၊ ထီးသော်ကူးကျေးရွာ၊ ဒေါညေးခူကျေးရွာတွေအထိ ထိုးစစ်ဆင်တပ်စွဲလာတာကြောင့် ကရင်နီတော်လှန်ရေး ပူးပေါင်းတပ်တွေနဲ့ နေ့စဉ်နဲ့အမျှ ထိတွေ့တိုက်ပွဲ ပြင်းထန်ခဲ့ကြောင်းနဲ့ သြဂုတ်လ တိုက်ပွဲတွေအတွင်း စစ်ကောင်စီက လေကြောင်းကနေ ၄၅ ကြိမ် တိုက်ခိုက်ခဲ့သလို၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာတွေကြောင့် အရပ်သားပြည်သူ ၁ ဦး၊ ကလေးငယ် ၃ ဦး ထိခိုက် ဒဏ်ရာရခဲ့ကြောင်းလည်း ပြောပါတယ်။

ကယားပြည်နယ် (ဒေသအခေါ် ကရင်နီပြည်) ဖားဆောင်းမြို့နယ်၊ ကျောက်ပဲညိုကျေးရွာကို စစ်ကောင်စီက ဇူလိုင်လ ၉ ရက်နေ့က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ထိုင်းနယ်စပ် တဘက်ကမ်းကို ရောက်လာသူ စစ်ဘေးဒုက္ခသည်များ
ကယားပြည်နယ် (ဒေသအခေါ် ကရင်နီပြည်) ဖားဆောင်းမြို့နယ်၊ ကျောက်ပဲညိုကျေးရွာကို စစ်ကောင်စီက ဇူလိုင်လ ၉ ရက်နေ့က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ထိုင်းနယ်စပ် တဘက်ကမ်းကို ရောက်လာသူ စစ်ဘေးဒုက္ခသည်များ

ဒါ့အပြင် လူနေအိမ် အလုံး ၂၀၊ ခရစ်ယာန်ဘုရားကျောင်း ၁ ကျောင်းနဲ့ စာသင်ကျောင်း ၂ ကျောင်း ထိခိုက်ပျက်စီးခဲ့တာ ရှိသလို၊ လူနေအိမ် ၁၈ လုံးကတော့ စစ်ကောင်စီတပ်တွေက မီးရှို့ဖျက်ဆီးတာ ခံခဲ့ရတဲ့အကြောင်း ဖော်ပြပါတယ်။

တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်က အရာရှိတချို့အပါအဝင် ထိခိုက် ကျဆုံးမှု များတာကြောင့် စစ်ကောင်စီဟာ လေကြောင်းအင်အားကို အဓိက အသုံးပြု လာတာဖြစ်တယ်လို့ KNDF ဗဟိုပြန်ကြားရေး တာဝန်ရှိသူတဦးက ဗွီအိုအေကို ပြောပါတယ်။

“စစ်ကောင်စီကတော့ ဒီလေကြောင်းတိုက်ခိုက်မှုတွေ၊ လက်နက်ကြီး တာဝေးပစ်ခတ်မှုတွေကို အဓိက အားပြုပြီးတော့ ဒီစစ်ဆင်ရေးတွေကို ပြုလုပ်နေတာ ဖြစ်တယ်ပေါ့နော်။ ဒီမြေပြင်တပ်တွေကတော့ ဒါ တော်လှန်ရေးတပ်ဖွဲ့တွေရဲ့ ခုခံတိုက်ခိုက်မှုကြောင့် ထိခိုက်ကျရှုံးတာတွေ များတယ်။ ဒါပေမဲ့ သူတို့ကတော့ ခုနက လေကြောင်းတိုက်ခိုက်မှုတွေ လက်နက်ကြီးတွေ အဓိက အားပြုပြီးတော့ ဒါစစ်ကြောင်းထိုးနေတာ ကျနော်တို့ တွေ့ရတယ်ပေါ့နော်။”

ဖရူဆို စစ်ရှောင်ကူညီရေး ဆောင်ရွက်နေသူတဦးကတော့ သြဂုတ် လဆန်းပိုင်းကစလို့ ရက်တိုင်းနီးပါး တိုက်ပွဲ ပြင်းထန်ခဲ့ပြီး ရက်ရှည် တိုက်ပွဲတွေ ဖြစ်နေတဲ့အကြောင်း ပြောပြပါတယ်။

“တိုက်ပွဲက ရက်တိုင်းဖြစ်နေတယ်။ တပ်ဆုတ်လိုက်နဲ့ ပြန်လာလိုက် အဲ့လိုမျိုး ဖြစ်နေတယ်။”

ဒီလို တိုက်ပွဲတွေကြောင့် စစ်ပြေးဒုက္ခသည်တွေ တနေ့တခြား ပိုများလာသလို အကူအညီတွေ လိုအပ်နေတဲ့အကြောင်းလည်း ဒေသခံ ကူညီရေး ဆောင်ရွက်နေသူက ပြောပါတယ်။

“အခုက စစ်ရှောင်တွေ အရမ်းများလာတော့ ဒီဘက်မှာက မိုးအရမ်းများတဲ့အချိန် ဖြစ်တယ်။ ဒါကြောင့်မို့လို့ နေထိုင်ရေး အရမ်းခက်ခဲတယ်။ မိုးကာ အလုံအလောက် မရှိဘူး။ ပြီးရင် ဒီဘက်မှာလည်း ဆေးဝါးလုံလောက်မှု မရှိဘူး။ ဒီဘက်မှာကျ တုပ်ကွေး တအားဖြစ်တယ်ပေါ့နော်။ တောထဲမှာ သွားအိပ်နေရတဲ့ ဟာမျိုးများတော့ ခြင်ကိုက်လို့ ဖြစ်မယ်ထင်တယ်။”

ကရင်နီဒေသမှာ စစ်တပ် အာဏာသိမ်းထားတဲ့ ၂ နှစ်တာ ကာလအတွင်း ပြည်နယ်အနှံ့ နေရာဒေသ အတော်များများမှာ လက်နက်ကိုင် တိုက်ပွဲတွေ၊ လေကြောင်းက ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ ပစ်ခတ် တိုက်ခိုက်တာတွေကြောင့် အိုးအိမ်စွန့်ခွာ ထွက်ပြေးရတဲ့ ဒုက္ခသည် သောင်းနဲ့ချီ ရှိနေပါတယ်။ နယ်မြေ မတည်ငြိမ်မှုတွေကြောင့် ပြည်နယ်တွင်း လူမှု စီးပွား စနစ်တွေ ပျက်စီးခဲ့ရပြီး အရပ်သားပြည်သူတွေရဲ့ နေ့စဉ် လူနေမှုဘဝတွေ သိသိသာသာ ပြောင်းလဲသွားခဲ့တယ်လို့ ဒေသခံ လူ့အခွင့်အရေး အဖွဲ့တွေကလည်း ပြောဆိုထားကြပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG