သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်နီဒေသ လေကြောင်းတိုက်ခိုက်ခံရမှုကြောင့် ထိခိုက်ပျက်စီးမှုတချို့ရှိ


မယ်စဲ့မြို့ (Google Maps)
မယ်စဲ့မြို့ (Google Maps)

ကယား (ကရင်နီ) ပြည်နယ်၊ မယ်စဲ့မြို့နယ်ထဲမှာ စစ်ကောင်စီတပ်ဖွဲ့တွေက ဒီကနေ့ မနက်အစောပိုင်းက လေယာဉ်နဲ့ ဗုံးကြဲခဲ့တယ်လို့ ကရင်နီလူ့အခွင့်အရေးအဖွဲ့က ဗွီအိုအေကို ပြောပါတယ်။ ထိုင်းနိုင်ငံနဲ့ နယ်ချင်းစပ်နေတဲ့ ကရင်နီဒေသ နေရာအနှံ့မှာ တိုက်ပွဲတွေ ဖြစ်နေပြီး ဖရူဆို-ဒီမော့ဆို လမ်းမကြီးဘက်မှာတော့ နေ့စဉ်လိုလို နှစ်ဘက် ပစ်ခတ်မှုတွေ ရှိနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီရက်ပိုင်း တိုက်ပွဲအတွင်း လက်နက်ကြီးနဲ့ လေကြောင်း တိုက်ခိုက်မှုတွေကြောင့် ဘုရားကျောင်းနဲ့ နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့တဲ့အကြောင်း သတင်းပေးပို့ချက်ကို တော့ ကိုရန်နိုင် တင်ပြပေးပါမယ်။

ကရင်နီပြည်နယ်မှာ ခုချိန်ထိ ဒေသ တည်ငြိမ်သွားတာ မရှိဘဲ နေ့စဉ်လိုလို တိုက်ပွဲ ဖြစ်နေတယ်လို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့ တည်ထောင်သူ ကိုဗညားက ဗွီအိုအေကို ပြောပါတယ်။ ဒီမော့ဆို-ဖရူဆိုမြို့နယ် အစပ်နဲ့ မယ်စဲ့မြို့နယ်တွေမှာ ဒီရက်ပိုင်း တိုက်ပွဲ ပြင်းထန်နေပြီး ဒီနေ့မနက် အစောပိုင်းမှာတော့ ထိုင်းနယ်စပ်အနီး မယ်စဲ့မြို့နယ်ထဲမှာ လေယာဉ်နဲ့ ဗုံးကြဲနေတယ်လို့ ကိုဗညားက ခုလို ပြောပါတယ်။

“မနေ့က တနေ့က ဆက်တိုက်ပဲ။ ဖရူဆိုနဲ့ ဒီမော့ဆို အစပ်မှာ တိုက်ပွဲတွေ ဖြစ်တယ်။ နောက် လေယာဉ်နဲ့ ဗုံးလာကြဲတာတွေ ရှိပြီးတော့မှ Church ကျောင်းတွေ၊ အိမ်တွေ ပျက်စီးတာတွေ ရှိတာပေါ့နော်။ ဒီမနက် အစောကြီးပိုင်းမှာလည်း ကျနော်သိသလောက် ဒီနယ်စပ်ဘက်မှာလည်း ဗုံးထပ်ကြဲတာ ရှိတယ်။ တိုက်ပွဲကတော့ ပုံမှန်ဆက်တိုက်ပဲ ဖရူဆို အစပ်လေးမှာ ဒီမော့ဆို အစပ်လေးမှာ ရှိတယ်။ မယ်စဲ့ဘက်မှာလည်း တိုက်ပွဲတွေ ပုံမှန်ရှိနေပါတယ်။”

စစ်ကောင်စီဘက်က တိုက်ပွဲအတွင်းမှာ လက်နက်ကြီးနဲ့ လေကြောင်း အသုံးပြုပြီး ဦးတည်ရာမရှိ ပစ်ခတ် တိုက်ခိုက်နေတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ ဒီမနက် မယ်စဲ့မြို့နယ်ထဲ လေယာဉ်ဗုံးကြဲခံတာနဲ့ ပတ်သက်လို့ လူအထိအခိုက် ရှိမရှိ အသေးစိတ်တော့ မသိရသေးပါဘူး။ ထိုင်းဘက်ခြမ်းနဲ့ ကယားဘက်ခြမ်းက နယ်စပ်မြို့နယ် တလျှောက်မှာတော့ စစ်ဘေးဒုက္ခသည်တွေ ခိုလှုံနေကြတာပါ။

ပြီးခဲ့တဲ့ ဇွန်လထဲ မယ်စဲ့နဲ့ ဖားဆောင်း မြို့နယ်တွေမှာ တိုက်ပွဲ ပြင်းထန်ခဲ့ပြီးတဲ့နောက် စစ်ကောင်စီ တပ်တွေဟာ သံလွင်မြစ် အရှေ့ဘက်ကမ်းမှာ အပြင်းအထန် စစ်ရေး လှုပ်ရှားနေပြီး တချိန်တည်းမှာလည်း စစ်ရှောင်တွေ ရှိတဲ့ဘက်ကို လေယာဉ်နဲ့ ဆက်တိုက် ပစ်ခတ် တိုက်ခိုက်လာတယ်လို့ ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ(KSCC) ဥက္ကဋ္ဌ ဦးအောင်ဆန်းမြင့်က ပြောပါတယ်။ ဒီလိုတိုက်ခိုက်မှုတွေကြောင့် စစ်ပြေးဒုက္ခသည်တွေ ပြေးစရာ နေရာမရှိလောက်အောင် ဒုက္ခရောက်နေကြတယ်လို့ စစ်ဘေးရှောင်တွေကို ကူညီနေသူတဦးက ဗွီအိုအေကို ပြောပါတယ်။

“ လက်နက်ကြီးကတော့ ဒီစစ်ရှောင်တွေဘက်ကိုတော့ ကျတာတော့ ရှိတယ်။ ဒါပေမဲ့ လူထိတာတော့ မရှိဘူး။ စစ်ရှောင်လည်း ပြေးစရာလည်း မရှိတော့ဘူး။ ဒီဘက် ပြေးမယ်ဆိုလဲ လေယာဉ်အန္တရာယ်နဲ့ ကြောက်ရတာနဲ့ ဘယ်မှ မပြောင်းတော့ဘူး။”

ဒီမော့ဆိုနဲ့ ဖရူဆိုမြို့နယ်အစပ် လမ်းမကြီးတလျှောက်က ကျေးရွာတချို့မှာ ကရင်နီ ပူးပေါင်းတပ်နဲ့ စစ်ကောင်စီအကြား ဒီရက်ပိုင်း နှစ်ဘက် တိုက်ပွဲတွေ ရက်ဆက် ပြင်းထန်နေတာနဲ့ ပတ်သက်လို့တော့ ဖရူဆိုမြို့နယ် ပြည်သူ့ ကာကွယ်ရေးတပ် တပ်ရင်းမှူး ကိုကနဲက ဗွီအိုအေကို ခုလို ပြောပါတယ်။

“တိုက်ပွဲက ထီးသော်ကူးမှာဖြစ်တယ်။ ပြီးတော့ ငွေတောင်ရွာသစ်မှာ ဖြစ်တယ်ပေါ့နော်။ ၁၀ ရက်နေ့တုန်းက ငွေတောင်ရွာသစ် တိုက်ပွဲမှာက စစ်ကောင်စီဘက်ကတော့ အယောက် ၃၀ ထက်မနည်း သေတာပေ့ါနော်။ ကျနော်တို့ လက်နက်ခဲယမ်း အမြောက်အများ သိမ်းဆည်းရမိတယ်။ ဒါပေမဲ့ ဒီသတင်းကိုတော့ ဝင်သိမ်းတပ်ဖွဲ့တွေက တရားဝင် ထုတ်ပြန်ထားတာတော့ မရှိသေးဘူးပေါ့နော်။ ဒီအတောအတွင်း ဒီ ၁၁ ရက်နဲ့ ၁၂ ရက်နေ့ကတော့ ဆက်တိုက်ပဲပေါ့နော်။ အဲ့မတိုင်ခင်မှာလည်း အရှေ့မှာ တပတ်နီးပါး ဖြစ်ပြီးပြီ။ အခုနဲ့ဆိုရင်တော့ နှစ်ပတ်ကျော်ကျော်တော့ ဖြစ်နေပြီပေါ့နော်။”

စစ်ကောင်စီဘက်က ဒီမော့ဆိုနဲ့ ဖရူဆိုမြို့နယ် အစပ် လမ်းမကြီးဘက်ကို အင်အား အလုံးအရင်းနဲ့ ထိုးစစ်ဆင်လာတာကြောင့် နှစ်ဘက် ထိတွေ့မှုတွေ ဖြစ်ပွားရတာလို့ တပ်ရင်းမှူး ကိုကနဲ က ပြောပါတယ်။ စစ်ကောင်စီဘက်က အသေအပျောက်စာရင်းနဲ့ ပတ်သက်လို့တော့ ဗွီအိုအေက သီးခြား အတည်မပြုနိုင်သလို၊ စစ်ကောင်စီဘက်က ထုတ်ပြန်တာလည်း မရှိပါဘူး။ တိုက်ပွဲတွေကတော့ သြဂုတ် လဆန်းပိုင်းကနေ အခုထိ နေ့စဉ်လိုလို ကြိုကြား ဖြစ်နေတာပါ။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG