သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စစ်အာဏာသိမ်းရလဒ် ကရင်နီဒေသခံ ၉၀ % လူမှုဘဝပျက်စီး (ကရင်နီလူ့အခွင့်ရေးအဖွဲ့)


ကယားဒေသ စစ်ဘေးရှောင်ပြည်သူများ Kayah ကယား / ကရင်နီ
ကယားဒေသ စစ်ဘေးရှောင်ပြည်သူများ Kayah ကယား / ကရင်နီ

စစ်အာဏာသိမ်းခဲ့တာ ၃ နှစ်ထဲ ဝင်လာတဲ့အချိန်မှာ ကရင်နီ ခေါ် ကယားပြည်နယ်ဟာ စစ်ဇုန်ဒေသတခုလို ဖြစ်လာနေပြီး ဒေသလူဦးရေရဲ့ ၉၀ ရာခိုင်နှုန်းလောက်ဟာ ပုံမှန် လူမှုစီးပွားဘဝ နေထိုင်မှု အခြေအနေတွေ ပျက်စီးသွားခဲ့ရတယ်လို့ ကရင်နီဒေသတွင်း အခြေအနေကို လေ့လာ စောင့်ကြည့် သတင်းထုတ်ပြန်ပေးနေတဲ့ ကရင်နီလူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။ စစ်ပြေးဒုက္ခသည်တွေကတော့ တနေ့တခြား တိုးလာနေတဲ့အကြောင်း ကရင်နီဒေသဘက်က အခြေအနေ သတင်းပေးပို့ချက်ကို ကိုဥာဏ်ဝင်းအောင်က စုစည်းတင်ပြထားပါတယ်။

စစ်တပ်အာဏာသိမ်းမှု နောက်ပိုင်း လက်နက်ကိုင် တော်လှန်ရေးလှုပ်ရှားမှုတွေ အားကောင်းတဲ့ ကရင်နီဒေသမှာ စစ်ကောင်စီက အင်အား အလုံးအရင်းသုံး ထိုးစစ်ဆင်တာ၊ လက်နက်ကြီးနဲ့ ပစ်ခတ်တာ၊ လေကြောင်းက ဗုံးကြဲတာတွေရှိနေပြီး နှစ်ဘက် အပြန်အလှန် တိုက်ခိုက်မှုတွေ ပြင်းထန်နေတာပါ။ ခုဆိုရင် ပြည်နယ်နေရာအနှံ့ နေရာတိုင်းလိုလိုမှာ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်နေပြီး လူဦးရေရဲ့ ၉၀ % လောက် ပုံမှန် လူမှု စီးပွားဘဝတွေမှာ နေထိုင်ခွင့် မရကြတော့ဘူးလို့ ကရင်နီပြည်နယ်တွင်း အခြေအနေတွေကို အနီးကပ် လေ့လာစောင့်ကြည့် သတင်းထုတ်ပြန်နေတဲ့ ကရင်နီလူ့အခွင့်အရေးအဖွဲ့ တည်ထောင်သူ ကိုဗညားက ပြောပါတယ်။

“လူမှုစီးပွားရေး ဘယ်လိုဖြစ်နေလဲလို့ ပြောရင်တော့ သေချာတာ တခုတော့ ကျနော်တို့ ရာခိုင်နှုန်းနဲ့ ကြည့်မယ်ဆိုရင် ကျနော်တို့ ကယားပြည်နယ်ရဲ့ ပုံစံကြည့်လိုက်မယ် ဆိုရင်တော့ ကျနော်ထင်တယ် ၁၀ ရာခိုင်နှုန်း။ လူဦးရေရဲ့ ၁၀ ရာခိုင်နှုန်းလောက်ပဲ နည်းနည်းပါးပါး ပေါ့နော်။ ကျနော်တို့ နေနိုင်စားနိုင်သောက် နိုင်တယ်။”

စစ်ကောင်စီတပ်ဖွဲ့တွေနဲ့ ဒေသခံ ကရင်နီပူးပေါင်းတပ်ဖွဲ့တွေကြား တိုက်ပွဲတွေက မကြာခန ဖြစ်နေသလို၊ တိုက်ပွဲမှာရော တိုက်ပွဲနဲ့ မဆိုင်တဲ့ နေရာတွေကိုပါ စစ်ကောင်စီက လက်နက်ကြီးနဲ့ လေကြောင်းအသုံးပြု ပစ်ခတ် တိုက်ခိုက်တာတွေကြောင့် အများစုက အိုးအိမ်တွေကို စွန့်ခွာ ထွက်ပြေးနေကြရတာပါ။

လူဦးရေး ၉ သောင်းကျော်လောက်ရှိတဲ့ ဒီးမော့ဆိုမြို့ဆိုရင် လူသူကင်းမဲ့တဲ့ မြို့ပျက်တခုလို ဖြစ်နေပြီး လူဦးရေ ၈ သောင်းကျော် ရှိတဲ့ ဖရူဆိုမြို့နယ်မှာလည်း မြို့နဲ့ ပတ်ဝန်းကျင်တဝိုက် လူတွေ မနေရဲတဲ့ အခြေအနေ ဖြစ်နေတာပါ။ ဘောလခဲ၊ ဖားဆောင်း၊ မယ်စဲ့ စတဲ့ မြို့နယ်တွေမှာလည်း အလားတူ အခြေအနေတွေ ကြုံနေကြရတာလို့ ဒေသခံတွေက ပြောပါတယ်။ လွိုင်ကော်မြို့ကလွဲရင် ကျန်တဲ့ မြို့တွေမှာ လူမှု စီးပွားစနစ်တွေ ပျက်ပြီး စစ်ဇုန်တခုလို ဖြစ်နေတာလို့ ကိုဗညားက ပြောပါတယ်။

“ကျနော်တို့ ပြည်နယ်က စစ်ရေးအရလည်း ပြင်းထန်တယ်။ နောက်ပြီးတော့မှ မြို့ကလည်း အကုန်လုံးပျက်သွားပြီးပေါ့နော်။ အခု မြို့ ပုံမှန် လည်ပတ်နိုင်တဲ့ မြို့ကျန်ဆိုလို့ လွိုင်ကော်တမြို့ပဲ ကျန်တော့တယ်ပေါ့နော်။ ကျန်တဲ့မြို့တွေက စစ်ဇုန်ထဲ အကုန်လုံး ဖြစ်သွားတယ်။ လုံးဝကို တောတွေ ဖြစ်သွားတာပေါ့နော်။ လူသူမဲ့တဲ့ မြို့တွေ ရွာတွေက ခုနပြောတဲ့ ရာဂဏန်း ကျော်သွားပြီးပေါ့နော်။ အဲ့ဒီအတွက်ကြောင့်မို့ ကျနော်တို့ အနေနဲ့ ပိုပြီးတော့မှ လူမှုစီးပွားရေး ပျက်သုဉ်းတယ်။”

စစ်ရေးပဋိပက္ခတွေကြောင့် တနေ့တခြား များပြားလာနေတဲ့ စစ်ပြေးဒုက္ခသည်တွေအတွက် လူသားချင်းစာနာမှု အကူအညီတွေ အရေးကြီး လိုအပ်နေကြောင်းလည်း သူကပြောပါတယ်။ နိုင်ငံတကာ အစိုးရတွေ၊ ပြည်တွင်းပြည်ပ အကူအညီပေးရေး အဖွဲ့တွေအနေနဲ့ မြေပြင်အဖွဲ့အစည်းတွေနဲ့ ချိတ်ဆက်ပြီး အမှန်တကယ် အကူအညီ လိုအပ်နေသူတွေကို ထိထိရောက်ရောက် အကူအညီပေးကြဖို့လည်း ကိုဗညားက တိုက်တွန်းပါတယ်။

“ ကျနော်တို့အနေနဲ့ ပိုပြီးတော့ ပန်ကြားချင်တာကလေ။ ကျနော်တို့ ဒီ Humanitarian assistance တွေကို ကျနော်တို့ နည်းပေါင်းစုံနဲ့ ရှာပြီးတော့မှ ပံ့ပိုးဖို့အတွက် ကျနော်အနေနဲ့ တောင်းဆိုလိုတာပေ့ါနော်။ ဒီဟာကလည်း ကျနော်တို့ ပြောမယ်ဆိုရင် ဒါက Humanity ဖြစ်တယ်ပေါ့။ လူသားဖြစ်မှုကို ကျနော်တို့အနေနဲ့ နိုင်ငံတကာ အစိုးရတွေပေါ့နော် တိုက်တွန်းလိုပါတယ်။ နိုင်ငံရေးအရ စစ်ရေးအရကတော့ ပြောရဆိုရတာ အခက်အခဲ အကျပ်အတည်းပေါ့နော်။ လူသားချင်စာနာထောက်ထားမှု လုပ်ငန်းစဉ်ကိုတော့ ကျနော်တို့ရတဲ့ ပုံစံမျိုးကနေ လူသားအချင်းချင်းပေါ့နော် ဖေးမကူညီဖို့အတွက် ပိုတောင်မှ အားစိုက်ပြီးပေးဖို့အတွက် အထူးသဖြင့် ကျနော်တို့ မြန်မာနိုင်ငံအပေါ်မှာ ကျနော်တို့ကိုပေးတဲ့ နိုင်ငံတကာ အကူအညီ တိုးဖို့ အတွက်ပေါ့နော်။ ဒီမှာ တိုးတဲ့နေရာမှာ UN Agency တခုကိုပဲ တိုးတာကို လုံးဝ မဖြစ်သင့်တော့ဘူးပေါ့နော်။ ဒီ UN Agency အများစုက မြန်မာနိုင်ငံထဲမှာ operation က စစ်ကောင်စီ အလိုကျအတိုင်းပဲ လုပ်နေတယ်။”

စစ်ပြေးဒုက္ခသည် အများစုက ဝင်ငွေမရှိ၊ အလုပ်အကိုင် မရှိဘဲ စားရေးသောက်ရေးအတွက် အလှူရှင်တွေကို အားထားနေရတာကြောင့် ပိုမို ကျပ်တည်းလာတဲ့အကြောင်း ပြောပါတယ်။ ဒီးမော့ဆိုမြို့နယ် အရှေ့ခြမ်းကနေ လွိုင်ကော်မှာ စစ်ရှောင်နေတာ ၂ လလောက်ရှိပြီ ဖြစ်တဲ့ အမျိုးသမီးတဦးက သူတို့မိသားစု အကျပ်အတည်းကို ခုလို ပြောပြပါတယ်။

“မိသားစုက များတယ်။ လောလောဆယ် ၇ ယောက် လောက်တော့ ရှိတယ်။ ၆ နှစ်အရွယ်၊ ၃ နှစ်ခွဲအရွယ် အဲ့လို ပါပါတယ်။ ဟင်းရည်ကတော့ ဒီတိုင်းပဲ အသီးအရွက်ဟင်းရည်။ အသီးတို့ ဘာတို့။ အဲ့ဒါတော့ စိုက်ထားတာရှိတော့ အဲ့ဒါလေးတော့ စားတယ်။ အသားတွေဘာတွေ တခါတလေ ဝယ်ကျွေး။ အဲ့ဟင်းရည်ထဲပဲ ပြုတ်ပြီး ကျွေး အဲ့လိုမျိုးပါ။ အမဲရိုးတွေ ဘာတွေ တခါတလေ ဝယ်စားတာ အဲ့လိုမျိုးရှိတယ်။ တခါတလေ စားရတာပေါ့နော်။ နေ့တိုင်းတော့ မစားနိုင်ဘူး၊ တပတ်မှာ တခါ နှစ်ခါလောက် တခါတလေ ကျရင်လည်း မစားရတာလည်း ရှိတယ် အဲ့လိုမျိုးပေါ့။”

ဒီလို စားနပ်ရိက္ခာ အကျပ်အတည်းကြောင့် တချို့ ဒေသခံတွေ အရဲစွန့် နေရပ် ပြန်လာနေပြီး တောင်ယာလုပ်ငန်း လုပ်ကြသူတွေလည်း ရှိပါတယ်။ ဒါပေမဲ့ သူတို့အတွက် လုံခြုံမှု မရှိဘူးလို့ မိုးဗြဲ စစ်ဘေးရှောင် တဦးက ပြောပါတယ်။

“ပြန်လာလို့တော့ မရသေးပါဘူး။ ဒါပေမဲ့ တချို့တွေ ပြန်လာကြတယ်။ ရှောင်တဲ့အခါ မရှောင်နိုင်ကြဘူး။ ရိက္ခာတွေကုန်လို့ တချို့တွေက ပြန်လာကြတာပေါ့။ အခြေအနေကတော့ မငြိမ်ဘူးပေါ့ဟုတ်။ ပြန်ဝင်လာတဲ့ လူအတွက်တော့ မလုံခြုံပါဘူး။ ဘာလို့ဆို လုံခြုံတယ်လို့ကို မရှိဘူး။ ကံစမ်းမဲပေါ့။ ဒီဘက်မှာ နေနေတုန်း ၊ ပြန်ပစ်ကြရင် အဲ့ဒါ ပြန်ရွှေ့ပေါ့။ မနေ့ညတောင်မှ ဒီ ရှမ်း-ကယားနယ်စပ်ဘက်မှာ အနောက်ဘက်မှာ လက်နက်ကြီးကျတယ်။ မနက်ပိုင်းပေါ့နော်။ လက်နက်ကြီးကျတာ အဲ့ဒါ နှစ်ဦး ပွဲချင်းပြီး သေ သေးတာပေါ့။ အဲ့ဒါ ဒဏ်ရာရတဲ့သူလည်း ရှိတာပေါ့နော်။ စိန်ခေါ်မှု များတာပေါ့ဗျ။ တချို့ ပြန်လာတဲ့ လူတွေဆိုတော့ ဘယ်နေ့များ ပြန်ဖြစ်မလဲ မသိဘူးပေါ့နော် အဲ့လို။ ဘာလို့ဆို သူများရွာမှာ နေမယ်ဆိုရင် ကြာကြာကြီး တလလောက် ရှိရင်တော့ အသုံးစရိတ် အလုပ်မရှိတာ တဘက်ပေါ့နော်။ သုံးပဲ သုံးနေရတဲ့ ဟာတွေဆိုရင် အဆင်မပြေဘူးပေါ့။”

စစ်အာဏာသိမ်းပြီးတဲ့နောက် ပဋိပက္ခနဲ့ မလုံခြုံမှုတွေကြောင့် နိုင်ငံတဝန်း ပြည်တွင်းမှာပဲ အိုးအိမ်စွန့်ခွာ ထွက်ပေးနေရသူ ၁.၆ သန်းကျော်အထိ ရှိလာနေတဲ့အကြောင်း သြဂုတ်လ ၁၄ ရက်နေ့က ထုတ်ပြန်တဲ့ ကုလသမဂ္ဂစာရင်းမှာ ဖော်ပြထားပါတယ်။

တိုက်ရိုက် လင့်ခ်

XS
SM
MD
LG