သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်နီ PDF တွေ ဒေသတွင်း မြေမြှုပ်မိုင်းရှင်းလင်း


ကရင်နီကာကွယ်ရေးတပ်ဖွဲ့ (KNDF) ရဲ့ မိုင်းရှင်းလင်းရေးလုပ်ဆောင်မှုတွေအတွင်း တူးဖော်ရရှိတဲ့ မြေမြှုပ်မိုင်းများ (ဇူလိုင် ၁၁၊ ၂၀၂၃)
ကရင်နီကာကွယ်ရေးတပ်ဖွဲ့ (KNDF) ရဲ့ မိုင်းရှင်းလင်းရေးလုပ်ဆောင်မှုတွေအတွင်း တူးဖော်ရရှိတဲ့ မြေမြှုပ်မိုင်းများ (ဇူလိုင် ၁၁၊ ၂၀၂၃)

တိုက်ပွဲတွေဖြစ်ပွားနေတဲ့ ကယားပြည်နယ်အတွင်း စစ်ကောင်စီတပ်တွေဘက်က မြေမြှုပ်မိုင်းအများအပြား ထောင်သွားခဲ့ပြီး အဲမိုင်းတွေကို ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေ လိုက်လံရှင်းလင်းနေကြပါတယ်။ စစ်ကောင်စီတပ်တွေဟာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေဖြစ်နေတဲ့ရွာတွေနားမှာ မြေမြှုပ်မိုင်းတွေချသွားခဲ့လို့၊ ဒေသခံတွေ နေရပ်ပြန်နိုင်အောင် မိုင်းရှင်းတာတွေ လုပ်နေတာလို့ ဒေသခံကာကွယ်ရေးအဖွဲ့တွေက ပြောပါတယ်။ AFP သတင်းဆောင်းပါးကို အခြေခံပြီး ကိုရန်နိုင်က ပြောပြပေးမှာဖြစ်ပါတယ်။

စစ်ကောင်စီတပ်တွေနဲ့ ဒေသခံကာကွယ်ရေးတပ်ဖွဲ့တွေ တိုက်ပွဲဖြစ်ပွားနေတဲ့ ကရင်နီ လို့ခေါ်တဲ့ ကယားပြည်နယ်အတွင်း ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက စစ်ကောင်စီတပ်တွေထောင်သွားတဲ့ မြေမြှုပ်မိုင်းတွေကို အခက်အခဲတွေကြားကပဲ လိုက်လံရှင်းလင်း နေကြတာဖြစ်ပါတယ်။ ကယားပြည်နယ်အတွင်း စစ်ကောင်စီတပ်တွေဘက်က မြေမြုပ်မိုင်းတွေ အများအပြားထောင်သွားတာနဲ့ ပတ်သက်ပြီး KNDF တပ်ဖွဲ့ဝင် ကိုဆင်ဖြူက အခုလို ပြောပါတယ်။

"စစ်တပ်က အာဏာသိမ်းပြီးနောက်ပိုင်း နိုင်ငံတဝန်း တိုက်ပွဲတွေဖြစ်ပွားတဲ့ ကယားပြည်နယ်အတွင်းမှာလည်း စစ်ကောင်စီတပ်နဲ့ ဒေသခံပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေကြား တိုက်ပွဲတွေ အပြင်းအထန်ဖြစ်ပွားခဲ့ပြီး ဒေသခံတွေ အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတာပါ။ ကုလသမဂ္ဂရဲ့အဆိုအရတော့ ကယားပြည်နယ်အတွင်း အိုးအိမ်စွန့်ခွာထွက်ပြေးနေရသူ တသိန်းကျော်ရှိတယ်လို့ပြောပါတယ်။ ဒေသခံအတော်များများကတော့ တိုက်ပွဲတွေငြိမ်သက်သွားတဲ့အချိန်မှာ သူတို့နေရပ်ကို ပြန်လာပြီး အရင်လိုအလုပ်တွေ ပြန်လုပ်ချင်ကြတာကြောင့် မိုင်းရှင်းလင်းရေးလုပ်ငန်းတွေကို ဦးစားပေးလုပ်ဆောင်တာဖြစ်တယ်လို့ ကိုဆင်ဖြူက ပြောပါတယ်။

"ဒေသခံ KNDF တပ်ဖွဲ့တွေဟာ ရွာတွေနားက လယ်ကွင်းတွေနဲ့ တောတွေအတွင်းက မိုင်းတွေကို လိုက်လံရှာဖွေရှင်းလင်းနေတာဖြစ်ပြီး တလကို မိုင်း ၆၀ ကနေ ၇၀ လောက် ရှာဖွေတွေ့ရှိတယ်လို့ ပြောပါတယ်။ ဒါ့အပြင် လုံခြုံစိတ်ချရပြီလို့မပြောမချင်း ဒေသခံတွေအနေနဲ့ သူတို့ရဲ့နေအိမ်တွေကို အလောတကြီး မပြန်ကြဖို့လည်း KNDF က သတိပေးထားပါတယ်။"

မိုင်းရှင်းလင်းတဲ့နေရာမှာ အဓိကရင်ဆိုင်ရတဲ့ အခက်အခဲနဲ့ပတ်သက်ပြီး သူက ပြောပါတယ်။

ကရင်နီကာကွယ်ရေးတပ်ဖွဲ့ (KNDF) ရဲ့ မိုင်းရှင်းလင်းရေးလုပ်ဆောင်မှုတွေအတွင်း တူးဖော်ရရှိတဲ့ မြေမြှုပ်မိုင်းများ (ဇူလိုင် ၁၁၊ ၂၀၂၃)
ကရင်နီကာကွယ်ရေးတပ်ဖွဲ့ (KNDF) ရဲ့ မိုင်းရှင်းလင်းရေးလုပ်ဆောင်မှုတွေအတွင်း တူးဖော်ရရှိတဲ့ မြေမြှုပ်မိုင်းများ (ဇူလိုင် ၁၁၊ ၂၀၂၃)

အခုလို မိုင်းရှင်းလင်းရေးတွေလုပ်နေပေမယ့်လည်း မိုင်းနင်းမိပြီးတော့ ထိခိုက်ဒဏ်ရာရသွားတဲ့သူတွေလည်း အများအပြားရှိပါတယ်။ အသက် ၃၄ နှစ် အရွယ်မလှဝင်းဟာ သူ့ရဲ့ ရွာနားမှာ တိုက်ပွဲတွေကြောင့် ထွက်ပြေးခဲ့ရပြီး ရှမ်းပြည်နယ် ဖယ်ခုံမြို့က ဒုက္ခသည်စခန်းမှာ နေနေရတာဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ဇွန်လတုန်းကတော့ သူ့ရွာကို ပြန်တဲ့အချိန်မှာတော့ မိုင်းနင်းမိတဲ့အခြေအနေကို ပြောပြပါတယ်။

အသက် ၁၉ နှစ်အရွယ် KNDF တပ်ဖွဲ့ဝင်ဟောင်းတဦးဖြစ်တဲ့ ကိုဂျိုးဇက်ကလည်း မနှစ်က ဇန်နဝါရီမှာ မိုင်းနင်းမိပြီးတော့ ခြေထောက်တဖက် ဖြတ်လိုက်ပါတယ်။

အဲဒီလို ခြေထောက်တဘက်ဖြတ်လိုက်ရတဲ့အတွက် သူ့စိတ်ဒဏ်ရာတွေလည်း အကြီးအကျယ်ရခဲ့တယ်လို့ သူကဆက်ပြောပါတယ်။

ဒါပေမဲ့ ၈ လအကြာမှာတော့ သူဟာ ခြေတုတပ်နိုင်ပြီးတော့ အခုဆိုရင်ဆိုင်ကယ်ပါ စီးနိုင်နေပြီဖြစ်ပါတယ်။ သူ့အနေနဲ့ရှေ့တန်းမှာ စစ်မတိုက်နိုင်တော့ပေမယ့် ဒီမိုကရေစီရေးလှုပ်ရှားမှုအတွက် ရေဒီယိုအသံလွှင့်ဌာနတခုမှာ အလုပ်ဆက်လုပ်နေပါတယ်။ မိုင်းနင်းမိတဲ့သူတွေကြုံတွေကြုံရတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး အဲဒီလူတွေကို ဆေးဝါးကုသပေးနေတဲ့ ဒေါက်တာမျိုးခန့်ကိုကိုက ပြောပါတယ်။

မိုင်းအများစုကတော့ အမေရိကန်က ၁၉၅၀ ပြည့်လွန် နှစ်တွေအတွင်းအသုံးပြုခဲ့တဲ့ M14 မိုင်းအမျိုးအစားတွေဖြစ်တယ်လို့ KNDF ဘက်က ပြောပါတယ်။ တိုက်ပွဲတွေအတွင်း စစ်ကောင်စီဘက်ကရော KNDF ဘက်ကပါ ၂ ဘက်စလုံးက မိုင်းတွေထောင်ကြပေမယ့် သူတို့အနေနဲ့ သူတို့ရဲ့ တပ်စခန်းတွေကိုကာကွယ်ဖို့နဲ့ စစ်မြေပြင်မှာသာ အသုံးပြုတာဖြစ်တယ်လို့ KNDF က ပြောပါတယ်။ KNDF ဘက်ကတော့ တိုက်ပွဲတွေအတွင်း သူတို့တပ်ဖွဲ့ဝင်တွေမိုင်းထိပြီး ဘယ်လောက် ထိခိုက်သေဆုံးတယ်ဆိုတာကို ထုတ်ပြန်ကြေညာခြင်းမရှိပါဘူး။

မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့နှစ်အတွင်း မြေမြှုပ်မိုင်း နဲ့ တခြားမပေါက်ကွဲသေးတဲ့ လက်နက်တွေကြောင့် ၁ ရက်ကို ၁ ယောက်ထက်မနည်း ထိခိုက်ဒဏ်ရာရသေဆုံးတာရှိတယ်လို့ ကုလသမဂ္ဂက ပြီးခဲ့တဲ့ ဖေဖော်ဝါရီလမှာ ပြောပါတယ်။

XS
SM
MD
LG