သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်နီဒေသ တိုက်ပွဲတွေကြောင့် ဒေသခံတချို့ ထိခိုက်ဒဏ်ရာရ


KNDF တပ်ဖွဲ့ဝင်များ (သြဂုတ်၊ ၂၀၂၃)
KNDF တပ်ဖွဲ့ဝင်များ (သြဂုတ်၊ ၂၀၂၃)

ကရင်နီဒေသ ဒီမော့ဆိုနဲ့ ဖရူဆိုလမ်းမကြီးအနီး ဒီရက်ပိုင်းတွေမှာ တိုက်ခိုက်မှုတွေ ဆက်တိုက်ဆိုသလို ရှိနေပြီး၊ ဒေသခံတွေ ထိခိုက်ဒဏ်ရာရတာတွေလည်း ရှိနေတယ်လို့ လူ့အခွင့်အရေးလှုပ်ရှားသူတွေနဲ့ ဒေသခံတွေက ပြောပါတယ်။ စစ်ရေးပစ်မှတ်တွေ သာမက အရပ်သားတွေရှိရာ နေရာတွေမှာပါ တိုက်ခိုက်ခံရမှုတွေကြောင့် ထိခိုက်ပျက်စီးတာတွေလည်း ရှိတယ်လို့ ပြောပါတယ်။ ဒီအကြောင်း ရန်ကုန်က သတင်းပေးပို့ထားတာကို မဆုမွန် ပြောပြပေးမှာ ဖြစ်ပါတယ်။

ကရင်နီဒေသ ဒီမော့ဆို-ဖရူဆို လမ်းအနီး စစ်ကောင်စီ စစ်ကြောင်းနဲ့ ကရင်နီပူးပေါင်းတပ်တွေအကြား ဒီလဆန်းကစ တိုက်ခိုက်မှုတွေ ပေါ်ပေါက်နေတာပါ။ ဒီနေ့အထိလည်း တိုက်ခိုက်မှုတွေ ရှိနေတုန်းပဲလို့ ကရင်နီလူ့အခွင့်အရေး တည်ထောင်သူ ကိုဗညားက ခုလို ပြောပါတယ်။

“ခုနလေးတင်အထိပဲ လက်နက်ကြီးတွေ ကျနေသေးတယ်။ ဒီနေ့ကအထိကျတယ်ပေါ့နော်။ ဒီစစ်ရှောင်တွေ ရှိတဲ့ ရွာတွေအထိပေါ့ဟုတ် ကျတာရှိပါတယ်ဟုတ်။ တိုက်ပွဲက ပုံမှန်ပဲ၊ ဒီ ဒီးမော့ဆို နဲ့ ခုန ဖရူဆို အစပ်လေးက ရွာတွေ တောက်လျှောက် အဲ့ဒီ သုံး လေး ငါးရွာရှိတယ် လမ်းမကြီးဘေး တောက်လျှောက်ပေ့ါ အဲ့ဒီမှာ တိုက်ပွဲရှိပါတယ်ဟုတ် ဖြစ်နေပါတယ်ဟုတ်။”

တိုက်ပွဲဖြစ်တဲ့ နေရာတွေမှာ သာမကပဲ စစ်ဘေးရှောင်တွေ ရှိရာ နေရာတွေမှာပါ စစ်ကောင်စီတပ်ဖွဲ့တွေက ပစ်ခတ်တာတွေ ရှိတယ်လို့လည်း ဒေသခံတချို့က ပြောပါတယ်။ ပြီးခဲ့တဲ့ စနေနေ့မှာ တုန်းကလည်း ဒီမော့ဆိုမြို့နယ်အနောက်ဖက်ခြမ်း စစ်ရှောင်နဲ့ ရွာခံတွေနေတဲ့နေရာမှာ လေယာဉ်နဲ့ဗုံးကြဲခံရလို့ လူတချို့ထိခိုက်မှု အနည်းငယ်ရရှိတယ်လို့ ပြောပါတယ်။ မနေ့ညအထိလည်း လက်နက်ကြီးနဲ့ ပစ်ခတ်မှုတချို့ ရှိခဲ့တယ်လို့ ဒေသခံ တယောက်က ပြောပါတယ်။

“မနေ့ညကအချိန်ထိကတော့ ထုနေတုန်းပဲဗျ။ ဖရူဆိုနဲ့ ဒီးမော့ဆို မြို့နှစ်မြို့ကို သွားတဲ့ကြားမှာဗျဟုတ်။ မနေ့ညကတော့ ခဏလေးပဲ ဖြစ်တယ်ဗျဟုတ်။ အနောက်ဖက်ခြမ်းဘက် ပစ်ခတ်မှုတော့ မရှိဘူးဗျ။ ဒီးမော့ဆိုတောင်ဘက်ခြမ်းမှာတော့ ပစ်ခတ်မှုတွေ ရှိတယ်၊ ဒါပေမဲ့ သူတို့က ဒီးမော့ဆို အနောက်ဘက်ကခြမ်းကို မဲပြီးတော့ လက်နက်ကြီးတွေ ပစ်တယ်ဗျ။”

အလားတူ ပြီးခဲ့တဲ့ သြဂုတ်လ ၂၃ ရက်နေ့က ရွာသူရွာသားတွေနေထိုင်တဲ့ ဖရူဆိုမြို့နယ်အရှေ့ဘက်ခြမ်းမှာ စစ်ကောင်စီက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံ ကရင်နီတပ်ဖွဲ့ KNDF က သတင်းထုတ်ပြန်ထားပါတယ်။ ဒီတိုက်ခိုက်မှုကြောင့် နေအိမ် တလုံးထိခိုက်ပျက်စီးပြီး အသက် ၈နှစ်အရွယ်တဦး ၉ နှစ်အရွယ် တဦးနဲ့ ၁၀ နှစ်အရွယ်တဦး ထိခိုက်ဒဏ်ရာရရှိတယ်လို့ ပြောပါတယ်။

တိုက်ခိုက်မှုနဲ့ ထိခိုက်ပျက်စီးမှုတွေအတွက် စစ်ကောင်စီဘက်က လတ်တလော သတင်းထုတ်ပြန်တာ မတွေ့ရသေးသလို ဗွီအိုအေကလည်း သီးခြားအတည်ပြုလို့တော့ မရသေးပါဘူး။ ဒါပေမဲ့လည်း ဒေသခံတွေနဲ့ လူ့အခွင့်အရေး လှုပ်ရှားသူတွေကတော့ စစ်ဘက်ဆိုင်ရာ နေရာမဟုတ်တာတွေကို စစ်ကောင်စီက တိုက်ခိုက်တာတွေ ရှိတယ်လို့ ပြောကြပါတယ်။ စစ်ရေးပဋိပက္ခတွေအတွင်း ဒီလထဲမှာတင် ဒေသခံတွေရဲ့ နေအိမ်အများအပြား မီးလောင်ပျက်စီးခဲ့တယ်လို့လည်း ကရင်နီလူ့အခွင့်အရေး တည်ထောင်သူ ကိုဗညား ကပြောပါတယ်။

“ဒီ လေး၊ ငါးရက်တည်းမှာတောင်မှ အနည်းဆုံးပေါ့နော် ကျနော်တို့ လုံးဝကို တိုက်ပွဲနဲ့ လုံးဝတော်တော်လေးဝေးတဲ့ ရွာတွေဖက်ကို ပစ်ခတ်တာ ကျနော်တို့ အခုရသလောက် နေအိမ်စာရင်းတွေ ရှိတာတော့ ၁၀ လုံးကျော်ကျော်လေးတောင်မှ ထိခိုက်ပျက်စီးတာရှိတယ်ပေါ့ ကျောင်းက နည်းနည်းပါးပါး တလုံးထိတယ်ပေါ့နော်၊ ရွာအနားမှာ တိုက်ပွဲဖြစ်တဲ့ နေရာတွေဆိုရင် အနည်းဆုံးကျနော်တို့ အိမ်ပေါင်းအလုံး ၄၀ ကျော် ၅၀ ဝန်းကျင်ပေါ့နော်၊ စစ်ကောင်စီကနေ မီးရှို့တာတွေ ခံရတာရှိတယ်၊ နောက်ပြီးတော့မှ လက်နက်ကြီးထိခိုက်လို့ ပျက်တာလည်း ၂၀ ဝန်းကျင်ရှိပါတယ်ဟုတ်။”

ဒီးမော့ဆိုနဲ့ ဖရူဆိုမြို့နယ်အပြင် မယ်စဲ့မြို့နယ်မှာလည်း တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ကရင်နီဒေသ တိုက်ပွဲတွေကြောင့် ဒေသခံတွေ ဘေးလွတ်ရာ တိမ်းရှောင်နေကြရပြီး တချို့ကလည်း ထိုင်းနိုင်ငံဘက်အထိ ဝင်ရောက် ခိုလှုံသူတွေလည်း ရှိနေပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG