ကယားပြည်နယ် (ဒေသ အခေါ်) ကရင်နီပြည်နယ် ဒီးမော့ဆို-ဖရူဆိုကြားက ထီးသော်ကူး ကျေးရွာတဝိုက်မှာ သြဂုတ် ၂၂ ရက်ကနေ ဒီနေ့အထိ ၃ ရက်ဆက်တိုက် တိုက်ပွဲ ပြန် ပြင်းထန်လာတယ်လို့ ဖရူဆို စစ်ရှောင်ကူညီသူတဦးနဲ့ KNDF က ဗွီအိုအေကို ပြောပါတယ်။ တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေကြောင်းအသုံးပြုပြီး အပြင်းအထန်ခုခံနေတာပါ။ စစ်ရေးအရ အရေးပါတဲ့ လမ်းမကြီးတွေကို ထိန်းချုပ်နိုင်ဖို့ စစ်ကောင်စီက ကြိုးစားနေတဲ့အကြောင်း ဒီသတင်းပို့ပေးချက်ကို ကိုဥာဏ်ဝင်းအောင်က တင်ပြပေးထားပါတယ်။
ကရင်နီပြည်နယ် ဒီးမော့ဆို-ဖရူဆို ပြည်ထောင်စုလမ်းမကြီးကြာက ထီးသော်ကူးကျေးရွာတဝိုက်မှာ စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတပ်တွေအကြား သြဂုတ်လဆန်ပိုင်းကတည်းက စခဲ့တဲ့ တိုက်ပွဲတွေ ခုရက်ပိုင်းမှာလည်း နေ့စဉ်ဆိုသလို ဆက်ဖြစ်နေပါတယ်။
ဖရူဆိုစစ်ရှောင်ကူညီသူတဦးက ဒီနေ့အထိ ရက်ဆက် တိုက်ပွဲဖြစ်နေတဲ့အကြောင်း ဗွီအိုအေကို ခုလို ပြောပါတယ်။
“ဒီနေရာတော့ တိုက်ပွဲတော့ရက်တိုင်းဖြစ်တယ်၊ နေ့ရော ညရောပေါ့နော်၊ နေ့ကျတော့ ချက်ချင်းပစ်ကြတယ်ပေါ့နော်၊ ပြီးတော့ လေယာဉ်လာကြဲထားတယ်။ တိုင်းဖြစ်တယ်။ ဒီ ဒီးမော့ဆို ဖရူဆိုကြားမှာပေါ့ ဟုတ်။ ဒေသခံတော့ မရှိတော့ဘူးပေါ့နော်။ အခုက စစ်ရှောင်အရမ်းများလာတော့ ဒီဘက်မှာက မိုးအရမ်းများတဲ့ ဒေသဖြစ်တယ်။ ဒါကြောင့်မို့လို့ နေထိုင်ဖို့အရမ်းခက်ခဲတယ်။ မိုးကာအလုံအလောက်မှုမရှိဘူး။ ပြီးရင် ဆေးဝါးလုံလောက်မှု မရှိဘူး။ ဒီဘက်မှာ ရာသီတုပ်ကွေးတအားဖြစ်တယ်ပေါ့နော်၊ ဒီတောထဲမှာ သွားအိပ်နေရတာများလို့ ခြင်ကိုက်လို့ ဖြစ်မယ်။”
ဒီးမော့ဆို-ဖရူဆို လမ်းပိုင်းကို ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်နဲ့ ကရင်နီပူးပေါင်းတပ်တွေအကြား သြဂုတ်လ ၂ရက်နေ့ကနေ ၁၄ ရက်နေ့အထိ နှစ်ပတ်ကြာ တိုက်ပွဲပြင်းထန်ခဲ့ကြောင်းနဲ့ တိုက်ပွဲအတွင်းမှာ စစ်ကောင်စီဖက်က ၇၀ ကျော်သေဆုံးပြီး လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရမိကြောင်း ပြီးခဲ့တဲ့ သြဂုတ်လ ၁၉ ရက်နေ့မှာ KNDF က ထုတ်ပြန်ထားပါတယ်။
အဲ့ဒီတိုက်ပွဲမှာ စစ်ကောင်စီဘက်က အထိနာပြီး တပ်ပြန်ဆုတ်ခွာသွားတာပါ။ ယခုတဖန် ထပ်မံ စစ်ကြောင်းထိုးလာတာကြောင့် သြဂုတ် ၂၀ ရက်က နှစ်ဘက် တိုက်ပွဲ ပြန်ပြင်းထန်လာပြီး ဒီနေ့ သြဂုတ်၂၂ ရက်အထိ ဆက်ဖြစ်နေတာပါ။
ယခုတိုက်ပွဲမှာရော ပြီးခဲ့တဲ့ လဆန်တိုက်ပွဲမှာပါ စစ်ကောင်စီဘက်က လေကြောင်းအသုံးပြုပြီး တိုက်ခိုက်နေတာလို့ ဆိုပါတယ်။ ရွာသူရွာသားတွေ ကြိုတင်တိမ်းရှောင်ထားတာကြောင့် လူအထိအခိုက်မရှိဘူးလို့ ဖရူဆိုစစ်ရှောင်ကူညီသူက ပြောပါတယ်။
“လဆန်းလောက်မှာ ဒီးမော့ဆိုနဲ့ ဖရူဆိုကြားမှာ တိုက်ပွဲဖြစ်ထားတယ်ပေါ့။ ပြီးရင် စစ်ကောင်စီဘက်က အထိနာထားတာများတော့ ပြန်ဆုတ်သွားတယ်ပေါ့၊ ဒီးမော့ဆိုဘက်ကို ပြန်ဆုတ်သွားတယ်။ အခုပြန်စစ်ကြောင်းထိုးလာတဲ့ အခြေအနေရှိမယ် သူတို့ ဒီတိုက်ပွဲရက်တိုင်းဖြစ်နေတယ်၊ တပ်ဆုပ်လိုက်နဲ့ ပြန်လာလိုက် အဲ့မျိုးဖြစ်နေတယ်။”
စစ်ရေးအရ အရေးပါတဲ့ လမ်းပိုင်းကို စစ်ကောင်စီဖက်က ထိန်းချုပ်ဖို့ ကြိုးစားနေတာလို့ ဆိုပါတယ်။
“သူတို့ လွိုင်ကော်ကနေ ဒီးမော့ဆိုကကျတော့ လမ်းမကြီးကို (စစ်ကောင်စီက)သူတို့ထိန်းချုပ်နိုင်လိုက်တယ်၊ ဒါပေမယ် ဒီးမော့ဆိုကနေ ဖရူဆို သူတို့ မထိန်းချုပ်နိုင်တော့ဘူးနော်။ ဒါကြောင့်မို့လို့ ဖရူဆိုဘက်ကို သူတို့ရိက္ခာပို့လို့မရဘူးဖြစ်နေတယ်။ ပြီးတော့ ဟို…ဒီနယ်စပ် ဖားဆောင်း၊ မယ်စဲ့ဖက်ကို သူတို့ စစ်ကူပို့ဖို့ပေါ့နော် ရိက္ခာပို့ဖို့လို့ အဲ့လိုပဲမြင်တယ်။ အဲ့အတွက်ကြောင့်မို့လို့ ဒီးမော့ဆို ဖရူဆို လမ်းမကြီးကို ထိန်းချုပ်နိုင်အောင် သူတို့ကြိုးစားနေတယ်ပေါ့။”
ဒီတိုက်ပွဲနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က တစုံတရာ ထုတ်ပြန်တာမရှိသေးပါဘူး။
ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) ဗဟိုပြန်ကြားရေးတာဝန်ခံတဦးက ဒီးမော့ဆို- ဖရူဆို ပြည်ထောင်လမ်းမကြီးတလျှောက်မှာ ဒီရက်ပိုင်း နေ့စဉ်နဲ့ အမျှ နှစ်ဘက် ထိတွေ့တိုက်ပွဲ ဖြစ်နေတယ်လို့ ဗွီအိုအေကို ခုလို ပြောပါတယ်။
“ ဒီးမော့ဆို ဖရူဆိုကြားမှာတော့ တိုက်ပွဲတွေဖြစ်နေတုန်းပါပဲ။ စစ်ကောင်စီတပ်က ဒီးမော့ဆိုဘက်ကနေ စစ်ကြောင်းထိုးလာတာဖြစ်တယ် တပ်အင်အား အများအပြားနဲ့ပေါ့နော်၊ စစ်ကြောင်းအနည်း ၃ ကြောင်းလောက်နဲ့ စစ်ကြောင်းထိုးလာတာဖြစ်တယ်။ ဒီးမော့ဆို ဖရူဆိုမြို့နယ်ကြားက ထီးသော်ကူးတို့ ထီးပေါ်ကဆိုတို့ ဒေါ်ညေးခူစသဖြင့် အဲ့နေရာတွေမှာတော့ ထိတွေ့တိုက်ပွဲက ဒီရက်ပိုင်း နေ့စဉ်နဲ့ အမျှ ဖြစ်နေတယ်။ စစ်ကောင်စီတပ်ကတော့ ဒါလေယာဉ်နဲ့ လာကြဲတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်တယ်ပေါ့နော်။ လေကြောင်းတိုက်ခိုက်မှုပြုလုပ်တာ ၂ ရက်ဆက်တိုက်ရှိပြီးပေါ့နော်။ ဒီနေ့အထိ ထိတွေ့တိုက်ပွဲတွေ ဖြစ်နေတုန်းပါပဲ။ ထိတွေ့တိုက်ပွဲက နေ့စဉ်နဲ့အမျှဖြစ်တယ်။”
တိုက်ပွဲကြောင့် စစ်ပြေးဒုက္ခသည်အရေအတွက်လည်း တနေ့တခြား မြင့်တက်နေပြီး လက်ရှိ ဖရူဆိုအနောက်ခြမ်းမှာ စစ်ပြေးဒုက္ခသည် ၉,၀၀၀ ထက်မနည်း ရှိနေပါတယ်။ အများစုက တောတောင်ထဲနဲ့ နီးစပ်ရာဆွေမျိုးအိမ်မှာ ခိုလှုံနေကြပြီး ယာယီနေထိုင်ဖို့ အမိုးအကာနဲ့ စားနပ်ရိက္ခာ၊ ဆေးဝါး အကူအညီတွေ လိုအပ်နေကြတယ်လို့ စစ်ရှောင်ကူညီသူက ပြောဆိုပါတယ်။