သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်နီဒေသ တိုက်ပွဲတွေကြောင့် သေကျေထိခိုက်မှုနဲ့ ဒုက္ခသည်တွေတိုး


Google Map ဂြိုဟ်တုပုံရိပ်ကတွေ့ရတဲ့ ကရင်နီဒေသ မယ်စဲ့မြို့နယ်
Google Map ဂြိုဟ်တုပုံရိပ်ကတွေ့ရတဲ့ ကရင်နီဒေသ မယ်စဲ့မြို့နယ်

ကရင်နီဒေသမှာ ဒီလထဲ လက်နက်ကိုင် ပဋိပက္ခတွေ နဲ့ လေကြောင်း တိုက်ခိုက်မှုတွေ ပိုဆိုးလာနေတာနဲ့အမျှ အရပ်သား ထိခိုက်သေဆုံးမှုနဲ့ စစ်ပြေး ဒုက္ခသည်ဦးရေဟာ ပြီးခဲ့တဲ့သီတင်း ၂ ပတ်အတွင်း သိသိသာသာ တိုးလာခဲ့တယ်လို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။ နယ်စပ်ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံဘက်ခြမ်း ခိုလုံသူတွေ အပါအဝင် လက်ရှိဖားဆောင်းနဲ့ မယ်စဲ့မြို့နယ်တွေ ကနေ ထွက်ပြေးရတဲ့ စစ်ပြေးဒုက္ခသည် ၉,၀၀၀ လောက် ရှိနေပြီး ရာသီတုပ်ကွေးနဲ့ နားမကျန်းဖြစ်သူတွေလည်း များပြားနေပါတယ်။ ကရင်နီဒေသဘက်က နောက်ဆုံး အခြေအနေကို မအင်ကြင်းနိုင်က တင်ပြပေးပါမယ်။

လက်နက်ကိုင် ပဋိပက္ခတွေ ပြင်းထန်နေတဲ့ ကယားပြည်နယ် ဒေသအခေါ် ကရင်နီပြည်မှာ ဒီလအတွင်း တိုက်ပွဲတွေ ကြိုကြားဆက်ဖြစ်နေသလို၊ စစ်ကောင်ဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊ လေကြောင်းကနေ တိုက်ခိုက်တာတွေကြောင့် စစ်ပြေးဒုက္ခသည်ဦးရေ တနေ့တခြား ပိုများလာနေတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်ဆောင်နေတဲ့ ဒေသခံတွေက ပြောပါတယ်။

အထူးသဖြင့် ဖားဆောင်း နဲ့ မယ်စဲ့မြို့နယ်တွေမှာ ဒီလထဲ စစ်ရှောင်စခန်းတချို့နဲ့ ကျေးရွာတချို့ လေကြောင်းကနေ တိုက်ခိုက်ခံရလို့ ကလေးငယ်တွေ အပါအဝင် ထိခိုက်သေဆုံးသူတွေ အများအပြား ရှိခဲ့ပါတယ်။ ဒီလို အခြေအနေတွေကြောင့် ဒေသခံတွေဟာ နီးစပ်ရာ မြို့နယ်၊ ကျေးရွာနဲ့ တောတောင်တွေထဲ ထွက်ပြေး တိမ်းရှောင်ကြရသလို၊ ထိုင်းနိုင်ငံဘက်ခြမ်း ထွက်ပြေး ခိုလုံသူတွေလည်း ထောင်နဲ့ချီ ရှိပါတယ်။ အခုဆိုရင် မယ်စဲ့နဲ့ ဖားဆောင်း ဒေသတဝိုက်က စစ်ပြေးဒုက္ခသည် ဦးရေဟာ ၉,၀၀၀ လောက် ရှိနေပြီလို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့ တည်ထောင်သူ ကိုဗညားက ပြောပါတယ်။

“အကုန်လုံးပေါင်းရင် ကျနော် ထင်တာ ၃,၀၀၀ လောက် ကျော်မယ် ဒီပြည်တွင်းမှာ။ ထိုင်းနိုင်ငံ ဘက်ခြမ်းကိုလည်း ၅,၀၀၀ နီးပါး ရောက်သွားပြီးပေါ့နော်။ နောက်ပြည်တွင်း အထွက်ဘက်မှာတော့ အဓိကတော့ စားနပ်ရိက္ခာ လမ်းကြောင်းပေါ့နော်။ နည်းနည်း စိုးရိမ်ရတာ ရှိတယ်။ နောက် လုံခြုံရေးအရလည်း စိုးရိမ်စရာရှိတယ်ပေ့ါနော်။ လောလောဆယ် ဒီရွာသစ် ဘက်မှာကတော့ ၅၀၀ ကျော်ကျော်၊ ၆၀၀ နီးပါး စစ်ရှောင်လိုက်ရတယ်။ နောက်ထပ် ၄၀၀ ၊ ၅၀၀ လည်း ဒီရွာသစ်မြို့ထဲမှာပဲ ပိတ်တာရှိတာပေ့ါနော်။ အဓိကတော့ သူ့အတွက် စားနပ်ရိက္ခာ အခက်အခဲရယ်။ ကျန်းမာရေးရယ် နောက်ပြီးတော့မှ လုံခြုံရေးအရပေါ့နော်။ အဲ့လိုမျိုးတော့ အခြေအနေ ရှိပါတယ်။”

ကယားပြည်နယ် (ဒေသအခေါ် ကရင်နီပြည်) ဖားဆောင်းမြို့နယ်၊ ကျောက်ပဲညိုကျေးရွာကို စစ်ကောင်စီက ဇူလိုင်လ ၉ ရက်နေ့က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ထိုင်းနယ်စပ် တဘက်ကမ်းကို ရောက်လာသူ စစ်ဘေးဒုက္ခသည်များ
ကယားပြည်နယ် (ဒေသအခေါ် ကရင်နီပြည်) ဖားဆောင်းမြို့နယ်၊ ကျောက်ပဲညိုကျေးရွာကို စစ်ကောင်စီက ဇူလိုင်လ ၉ ရက်နေ့က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်လို့ ထိုင်းနယ်စပ် တဘက်ကမ်းကို ရောက်လာသူ စစ်ဘေးဒုက္ခသည်များ

ဒေသခံတပ်ဖွဲ့တွေနဲ့ စစ်ရေးတင်းမာနေတဲ့ ကရင်နီပြည်နယ်မှာ စစ်ကောင်စီ တပ်ဖွဲ့တွေကလည်း လက်နက်ကြီးတွေနဲ့ လေကြောင်း အသုံးပြု တိုက်ခိုက်တာတွေ ဒီလထဲ ပိုပြီး အပြင်းအထန် လုပ်လာတယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက် တာကြောင့် အရပ်သားနေအိမ်တွေ မီးလောင်တာ၊ အရပ်သား ထိခိုက်သေဆုံးတာတွေ နေ့စဥ်လိုလို ရှိနေပြီး ဒေသခံအများစု အိုးအိမ်စွန့်ခွာ ထွက်ပြေးနေကြရတယ်လို့ ကိုယ်တိုင် စစ်ရှောင်နေရတဲ့ ဖားဆောင်းဒေသခံတဦးက ဗွီအိုအေကို ပြောပါတယ်။

“ဖားဆောင်းမြို့ပေါ်မှာကတော့ ဟိုတစ်ခေါက် ကျနော် ပြောသလိုပဲ သုံးပုံ တပုံလောက်တော့ ကျန်အုံးမယ်။ ရွာသူရွာသားတွေ ရှိသေးတယ်။ ပြီးရင် ဖားဆောင်းရဲ့ ပတ်ပတ်လည် ကျေးရွာတွေမှာလည်း တချို့လူတွေ ရှိသေးတယ်ပေါ့။ ဖားဆောင်းရဲ့ အနီးတဝိုက်ကတော့ ကျေးရွာတွေကတော့ သိပ်မရှိကြတော့ဘူး။ ရှိပေမဲ့ ဘုန်းကြီးကျောင်းလောက်ပဲ။ ၃၊ ၄၊ ၅ယောက် အဲ့လိုမျိုးပေါ့နော်။ ရွာစောင့်လောက်ပဲ ကျန်ခဲ့ကြတယ်။”

စစ်ပြေးဒုက္ခသည်တွေထဲမှာ အများစုက ကလေးငယ်တွေ၊ အမျိုးသမီးနဲ့ အသက်အရွယ်ကြီးရင့်သူတွေ ဖြစ်ပြီး နယ်စပ်ဒေသတွေမှာ ခိုလုံနေကြရတယ်လို့လည်း စစ်ဘေးရှောင်တွေက ပြောပါတယ်။ လုံခြုံရေး စိုးရိမ်နေရတဲ့ တချိန်တည်းမှာ မိုးရာသီမှာကြုံရတဲ့ ရာသီတုပ်ကွေးနဲ့ ဖျားနာသူတွေကလည်း အများအပြား ရှိနေပါတယ်။ ဒုက္ခသည်တွေကြား လတ်တလော စားနပ်ရိက္ခာနဲ့ ဆေးဝါး အကူအညီတွေ အရေးတကြီး လိုအပ်နေတယ်လို့ ကိုဗညားက ပြောပါတယ်။

“ကျန်းမာရေးက ခုတလောကတော့ တုပ်ကွေးတော်တော်ဖြစ်တယ်ပေါ့နော်။ တုပ်ကွေးဖြစ်တော့ နေရာတိုင်းမှာ တုပ်ကွေးဖြစ်တယ်။ အဲ့ဒီဟာ နည်းနည်းတော့ အခက်အခဲတော့ ရှိတာပေါ့နော်။ ပုံမှန်ဆေးဝါးရဖို့ အခက်အခဲ ရှိတယ်။ နောက်တခု ဥပမာအဖြစ်ဆိုရင် ရွာသစ်ကဆိုရင် တော်တော်ဆိုးတာက ဆေးဝါးပေ့ါ။ တော်တော်လေး ဆေးဝါး ကြည့်ပေးမယ့်လူလည်း မရှိဘူး။ ဆေးဝါးလည်း မရှိဘူး ဖြစ်နေတယ်ပေါ့နော်။ ရှိတာလေးနဲ့ပဲ ပါရာ (ပါရာဆီတမော) လေးနဲ့ပဲ သွားနေရတဲ့ အခြေအနေရှိတယ်။ ပါရာ တောင်မှ မလုံမလောက် ဖြစ်နေတယ်ပေါ့နော်။ အဲ့ဒါလည်းရှိပါတယ်။ အထူးသဖြင့် ဒီရွာသစ်က စစ်ရှောင်တွေက နည်းနည်းလေး ပိုဆိုးတယ်ပေါ့နော်။”

ဒေသတွင်း လက်နက်ကိုင် ပဋိပက္ခတွေ ပိုမို ပြင်းထန်လာတာနဲ့အမျှ ဒုက္ခသည် အများစုဟာ ပြီးခဲ့တဲ့ ဇွန်လ ကစလို့ အိုးအိမ် စွန့်ခွာ ထွက်ပြေးနေကြ ရတာဖြစ်ပြီး ဒီလထဲမှာ အရေအတွက် သိသိသာသာ ထပ်တိုးလာနေတာလို့လည်း ဒုက္ခသည်တွေကို အကူအညီပေးနေသူတွေက ပြောပြကြပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG