သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်နီဒေသ စစ်ဆင်ရေးများပြင်းထန်


စစ်ကောင်စီကို တော်လှန်နေသည့် ကရင်နီပြည် ခေါ် ကယားပြည်နယ်မှ PDF တပ်သားများ (Courtesy: KNDF)
စစ်ကောင်စီကို တော်လှန်နေသည့် ကရင်နီပြည် ခေါ် ကယားပြည်နယ်မှ PDF တပ်သားများ (Courtesy: KNDF)

ကရင်နီပြည် ခေါ် ကယားပြည်နယ် မယ်စဲ့မြို့နယ် တဝိုက်မှာ ပြီးခဲ့တဲ့ ဇွန်လကစလို့ တိုက်ပွဲတွေ ရက်ဆက် ဖြစ်နေတာမှာ ဒီကနေ့လည်း တိုက်ပွဲ ပြင်းထန်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒီအတောအတွင်း နှစ်ဘက်တိုက်ပွဲ ငြိမ်နေတဲ့ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်း ခီလိုပရာ ကျေးရွာမှာတော့ လေယာဉ်နဲ့ ဗုံးကျဲတိုက်ခိုက်ခံရလို့ နေအိမ်တလုံး မီးလောင်ပြာကျ သွားပါတယ်။ ဒီလို လေကြောင်း တိုက်ခိုက်မှုတွေနဲ့ တိုက်ပွဲတွေကြောင့် ထွက်ပြေးတိမ်းရှောင်သူတွေလည်း ပိုများလာတဲ့အကြောင်း သတင်းပေးပို့ချက်ကို ကိုဥာဏ်ဝင်းအောင်က ပြောပြပါမယ်။


မယ်စဲ့မြို့နယ် ပန်တိန်းကျေးရွာ တဝိုက်မှာ ဒီကနေ့ တိုက်ပွဲ ပြင်းထန်နေတယ်လို့ ဒေသခံတဦးက ပြောပါတယ်။ ပန်တိန်းကျေးရွာမှာ ကရင်နီ ပူးပေါင်းတပ်ဖွဲ့တွေနဲ့ စစ်ကောင်စီအကြား ပြီးခဲ့တဲ့ ဇွန်လ ကတည်းက တိုက်ပွဲတွေ စတင်ခဲ့တာ ဒီကနေ့အထိ ရက်ဆက်ဖြစ်နေတုန်းပဲလို့ ဒေသခံတဦးက ပြောပါတယ်။

“ပစ်နေတယ် ပန်တိန်း၊ အခုလည်း တိုက်ပွဲမပြီးသေးဘူးနဲ့တူတယ်၊ ပန်တိန်းဘက်မှာလေ။ အခုလည်း လေယာဉ်က နှစ်စီးလောက် သွားတယ်။ ကြည့်ရတာ ဒီပန်တိန်းဘက်မှာတော့ သွားပြီး ပစ်နေတာနဲ့တူတယ် ကြည့်ရတာ။ တိုက်ပွဲကတော့ အဲ့ဘက်မှာ နည်းနည်း ပိုပြင်းထန်နေတယ်နဲ့ တူတယ်။ ဒီဖားဆောင်းဘက်မှာတော့ နည်းနည်း စောင့်နေတဲ့ သူတချို့က ဟို…ဒရုန်းနဲ့လိုက်ပစ်လို့ အဲ့လောက်ပဲ ရှိတာနဲ့တူတယ်။ ဟိုပန်တိန်းကတော့ ရက်ဆက်ပြီး တော်တော်လေးကြာနေပြီး ပန်တိန်းဘက်မှာ တိုက်ပွဲစစဖြစ်ကတည်းကဆို ၂၀ ရက်ကျော် ၂၂ ရက်ရှိပြီးထင်တယ်။ အဲ့ဒါအပြင် ဒီနေ့လည်း ရဟက်ယာဉ်လည်း လာတယ်၊ စစ်ကူလာပို့တာနဲ့တူတယ်။”

ဒီအတောအတွင်း ဇူလိုင် ၆ ရက် မနေ့က ဖားဆောင်းမြို့အနီး ကျောက်ပဲညိုကျေးရွာမှာ လေယာဉ်နဲ့ ဗုံးကျဲခံရလို့ နေအိမ်တလုံး မီးလောင်ပြီး ကာကွယ်ရေးတပ် ဘက်က တဦး ကျဆုံးသွားတဲ့ သတင်းကြားရတယ်လို့ ဒေသခံက ပြောပါတယ်။ ဒီကနေ့ ဖားဆောင်းနယ်ဘက်မှာ တိုက်ပွဲဖြစ်ပွားတာ မရှိပေမဲ့ လက်နက်ကြီး ပစ်ခတ်သံတွေ ကြားနေရသလို ဖားဆောင်းမြို့နယ်နဲ့ မယ်စဲ့မြို့နယ် တခွင်မှာ စစ်လေယာဉ်တွေ ပျံဝဲနေတယ်လို့ ပြောပါတယ်။

“ဒီနေ့ကတော့ ဒီဖားဆောင်းဘက်မှာကတော့ မနက်ကတော့ တစ်ချက် နှစ်ချက် လက်နက်ကြီးသံကြားတယ်။ တခြားတိုက်ပွဲ ထူးထူးတော့ မရှိသေးဘူး ခုလောလောဆယ်။ ဒါပေမဲ့ လေယာဉ်တော့ အဲ့ကနေ ဖြတ်ပြီးတော့ ပျံသွားတာ တစ်ခေါက် နှစ်ခေါက်လောက် ရှိတယ်။”

ဖားဆောင်းနဲ့ မယ်စဲ့ဒေသ တိုက်ခိုက်မှုတွေနဲ့ပတ်သက်လို့ စစ်ကောင်စီက တစုံတရာ ထုတ်ပြန်တာတော့ မရှိသေးပါဘူး။ ဒီရက်ပိုင်း တိုက်ပွဲ ဖြစ်ပွားနေတာ မရှိတဲ့ ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်း ခီလိုပရာကျေးရွာမှာလည်း ဒီကနေ့ စစ်တပ်က လေယာဉ်နဲ့ ဗုံးလာကြဲလို့ နေအိမ်တလုံး မီးလောင်ပြာကျသွားတယ်လို့ ရွာခံတဦးက ပြောပါတယ်။

“ဒီမနက် ၅ နာရီလောက်မှာ လာပစ်ခတ်သွားတယ်ပေါ့နော်၊ အဲ့အိမ်ကလည်း တော်သေးလို့ မနက်အစောကြီး ထမင်းစချက်ပြီးတော့ တောင်ယာဆင်း သွားလိုက်တယ်ပေါ့။ ဆင်းသွားပြီးနောက်မှ လာကျတယ်ပေါ့။ အိမ်တည့်တည့်မှာ။ အဲ့ဒါ အိမ်တလုံး လုံးတော့ ပြာကျသွားတယ်တဲ့။ လူတော့ မထိလိုက်ဘူးပေါ့။ ဒီဘက် အနောက်ခြမ်းမှာဆို စစ်ရှောင်တွေဆိုလည်း ညဆိုလည်း မနေရဲကြဘူးလေ။ တောထဲမှာ သွားနေတာတွေ ရှိတယ်။ တချို့ဆို ဂူပေါက်ထဲမှာ သွားအိပ်ကြတယ်။ အဲ့လိုတွေပဲ။ နေ့လည်းနေ့ခင်းတော့ (အိမ်မှာ) သိပ်မရှိဘူး။ သူတို့မနေရဲကြဘူး။ သူတို့ စစ်ရှောင်တဲတွေထဲမှာလည်း မနေရဲကြဘူး။ ရွာခံတွေဆိုလည်း မနေရဲကြဘူးလေ။ ဘယ်အချိန် လာလုပ်မလဲဆိုတာ သူတို့လည်း မသိဘူးတော့ အမြဲတမ်း ရှောင်နေကြတယ်ပေါ့။”

ဖရူဆိုမြို့နယ် အနောက်ဘက်ခြမ်းပဲ စစ်ရှောင်စခန်းရှိတဲ့ဘက်မှာ ပြီးခဲ့တဲ့ ဇွန်လ ၂၂ ရက်ကစပြီး သုံးရက်ဆက်တိုက် စစ်လေယာဉ်နဲ့ ဗုံးကြဲ တိုက်ခိုက်ခံရလို့ တဦး သေဆုံး၊ ၂ ဦး ထိခိုက်ဒဏ်ရာ ရရှိခဲ့သလို၊ နေအိမ် ၁၅ လုံးထက်မနည်း ပျက်စီးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သံလွင်မြစ် အရှေ့ဘက်ကမ်းမှာလည်း စစ်ကောင်စီတပ်တွေဟာ ခုတလော အပြင်းအထန် စစ်ရေး လှုပ်ရှားနေပြီး စစ်ရှောင်တွေ ရှိတဲ့ဘက်ကို လေယာဉ်နဲ့ ဆက်တိုက် ပစ်ခတ်တိုက်ခိုက်နေတယ်လို့ ကရင်နီပြည်နယ် အတိုင်ပင်ခံကောင်စီ(KSCC) ဥက္ကဋ္ဌ ဦးအောင်ဆန်းမြင့်က ပြီးခဲ့တဲ့ရက်ပိုင်းက ဗွီအိုအေကို ပြောဆိုထားပါတယ်။ တိုက်ပွဲတွေလည်း ကြိုကြား ရှိနေပြီး စစ်ပြေး ဒုက္ခသည်တွေ ပိုမို များပြား လာနေတယ်လို့လည်း ပြောပါတယ်။

“ စစ်ရှောင်တွေကတော့ တော်တော်များလာတယ်ပေါ့ ခုကတော့။ ဆိုတော့ ထိုင်းနိုင်ငံမှာလည်း တချို့ရောက်တယ်။ နန်းမယ်ခွန်တို့ နယ်စပ်ဘက်မှာလည်း တချို့ရောက်တယ်ပေ့ါနော်။ စစ်ရှောင်တွေ အတွက်ကတော့ အရေးပေါ် ဒီမိုးတွင်း မိုးလည်း ရွာနေတဲ့အချိန်ဆိုတော့ အရေးပေါ် အကူအညီ။ အဲ့ဒါတွေကတော့ လိုအပ်နေတယ်ပေါ့နော်။ တိုက်ပွဲကတော့ ကြိုကြားကြိုကြားတွေ ဖြစ်နေတာပေါ့နော်။”

စစ်ရေး ပဋိပက္ခတွေကြောင့် ကရင်နီပြည်နယ် တခွင်မှာ စစ်ပြေးဒုက္ခသည် ၂ သိန်းခွဲ ထက်မနည်း နေရာပြန့်ကြဲ တိမ်းရှောင်နေကြရပြီး စားနပ်ရိက္ခာနဲ့ ဆေးဝါး အကူအညီတွေ အများအပြား လိုအပ်နေတယ်လို့ KSCC ဥက္ကဋ္ဌ ဦးအောင်ဆန်းမြင့်က ပြောပါတယ်။

XS
SM
MD
LG