သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆဲဗင်းဇူလိုင် နှစ်ပတ်လည် အထိမ်းအမှတ် ရန်ကုန်နဲ့ ဒေသတချို့မှာ ကျင်းပ  


ရန်ကုန်မြို့က ဆဲဗင်းဇူလိုင်နေ့ အထိမ်းအမှတ် လျှပ်တပြတ် ဆန္ဒပြလှုပ်ရှားမှု (ဇူလိုင် ၇၊ ၂၀၂၃)
ရန်ကုန်မြို့က ဆဲဗင်းဇူလိုင်နေ့ အထိမ်းအမှတ် လျှပ်တပြတ် ဆန္ဒပြလှုပ်ရှားမှု (ဇူလိုင် ၇၊ ၂၀၂၃)

၁၉၆၂ ခုနှစ်က ကျောင်းသားလူငယ်လှုပ်ရှားမှု ဖိနှိပ် ဖြိုခွဲခံခဲ့ရတဲ့ သမိုင်းဝင် ဆဲဗင်းဇူလိုင်နေ့ အထိမ်းအမှတ် လျှပ်တပြတ် ဆန္ဒပြပွဲတွေနဲ့ အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေ ရန်ကုန် အပါအဝင် နေရာအတော်များများမှာ ဒီကနေ့ ကျင်းပခဲ့ကြပါတယ်။

ဗိုလ်ချုပ်နေဝင်း ဦးဆောင်တဲ့ အာဏာရှင်အုပ်ချုပ်မှုကို ဆန့်ကျင်ခဲ့ကြတဲ့ ကျောင်းသားလူငယ်တွေ ရာနဲ့ချီ သွေးမြေကျခဲ့ရတဲ့ ဆဲဗင်းဇူလိုင်နေ့ကို မမေ့ကြဖို့နဲ့ ဒီကနေ့ လက်ရှိ အာဏာရှင်တွေကို ဆက်လက် တွန်းလှန်ကြဖို့ နိုးဆော်တဲ့အနေနဲ့ ရန်ကုန်မြို့က အထင်ကရ နေရာတွေမှာ လူငယ်တချို့ လျှပ်တပြတ် ဆန္ဒပြတာတွေ ရှိခဲ့သလို၊ ရန်ကုန် အင်းစိန် ထောင်တွင်းမှာလည်း နိုင်ငံရေးအကျဉ်းသားတွေ စုပေါင်းပြီး ဆဲဗင်းဇူလိုင် အထိမ်းအမှတ် အခမ်းအနား လုပ်ခဲ့တယ်လို့ အကျဉ်းသားအင်အားစုတွေက ပြောပါတယ်။

အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုတွေနဲ့ လက်နက်ကိုင် တော်လှန်မှုတွေ အားကောင်းနေတဲ့ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီးမြို့နယ်မှာလည်း မုံရွာတက္ကသိုလ်ကျောင်းသားများ သမဂ္ဂ၊ လက်ပံတောင်းတောင် ပင်မသပိတ်စစ်ကြောင်းနဲ့ ၅/ လက်ပံတောင်းတောင် သပိတ်အင်အားစုတွေ စုပေါင်းပြီး ဒီကနေ့ ဆဲဗင်းဇူလိုင်နေ့မှာ စစ်အာဏာရှင်တော်လှန်ရေး ချီတက်ဆန္ဒပြခဲ့ကြပါတယ်။ အလားတူ မုံရွာမြို့ပေါ်မှာလည်း စစ်ကောင်စီတပ်ဖွဲ့တွေရဲ့ ဖမ်းဆီးမှုတွေကြားကကိုပဲ မုံရွာသပိတ်အင်အားစုတွေ စုပေါင်းပြီး ဒီကနေ့ မနက်ပိုင်းက လျှပ်တပြတ် သပိတ်ပွဲ ဆင်နွှဲခဲ့ကြသလို မြင်းခြံမြို့မှာလည်း ဆဲဗင်းဇူလိုင် အထိမ်းအမှတ် ဆန္ဒပြထုတ်ဖော်တာတွေ ရှိခဲ့ပါတယ်။

မုံရွာမြို့ ဆဲဗင်းဇူလိုင်နေ့ အထိမ်းအမှတ် လျှပ်တပြတ် ဆန္ဒပြလှုပ်ရှားမှု (ဇူလိုင် ၇၊ ၂၀၂၃)
မုံရွာမြို့ ဆဲဗင်းဇူလိုင်နေ့ အထိမ်းအမှတ် လျှပ်တပြတ် ဆန္ဒပြလှုပ်ရှားမှု (ဇူလိုင် ၇၊ ၂၀၂၃)

၁၉၆၂ ခုနှစ်မှာ ဗိုလ်ချုပ်နေဝင်း ဦးဆောင်တဲ့ စစ်အာဏာသိမ်းအစိုးရကို ပထမဆုံးဆန့်ကျင် ဆန္ဒပြခဲ့ကြတဲ့ ကျောင်းသားလှုပ်ရှားမှု ဇူလိုင်လ ၇ ရက်နေ့မှာ ဖြိုခွဲခံခဲ့ရသလို၊ နောက်တနေ့ ဇူလှိုင်လ ၈ ရက်မနက်ပိုင်းမှာလည်း သမိုင်းဝင် ကျောင်းသားသမဂ္ဂ အဆောက်အဦးကို ဒိုင်းနမိုက်နဲ့ ဖြိုချ ဖျက်ဆီးခံခဲ့ရပါတယ်။ ဇူလိုင် ၇ ရက်နေ့ ကျောင်းသားအရေးတော်ပုံနဲ့ ကျောင်းသားသမဂ္ဂ အဆောက်အဦး ဖြိုချမှုကြောင့် တက္ကသိုလ် ကျောင်းသား ၁၀၀ ကျော် သေဆုံးခဲ့ရတယ်လို့ ကျောင်းသားအဖွဲ့အစည်းတွေက မှတ်တမ်းပြုထားပါတယ်။

ဒီလို သမိုင်းဝင်နေ့ဖြစ်တဲ့ ဆဲဗင်းဇူလိုင်နေ့ ၆၁ နှစ်ပြည့်တဲ့ အထိမ်းအမှတ်နေ့မှာ ဆဲဗင်းဇူလိုင်စိတ်ဓါတ်နဲ့ အာဏာရှင်ကို ဆက်လက် ဆန့်ကျင် တိုက်ပွဲဝင်ကြဖို့ လက်ရှိ အာဏာသိမ်း စစ်တပ်ကို ဆန့်ကျင်ကန့်ကွက်နေကြတဲ့ ကျောင်းသား လူငယ်တွေက တိုက်တွန်းထားကြပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG