သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပဋိပက္ခဒေသ ဆေးဝါးအကူအညီပေးဖို့ ခက်ခဲလာ


ကျောက်ကြီးမြို့အနီးတိုက်ပွဲကြောင့် ဒေသခံ တသောင်းခွဲနီးပါး ထွက်ပြေးနေရ (ဇွန်၊ ၂၀၂၃)
ကျောက်ကြီးမြို့အနီးတိုက်ပွဲကြောင့် ဒေသခံ တသောင်းခွဲနီးပါး ထွက်ပြေးနေရ (ဇွန်၊ ၂၀၂၃)

လက်နက်ကိုင် ပဋိပက္ခတွေကြား ထွက်ပြေးတိမ်းရှောင်ရင်း ထိခိုက် ဒဏ်ရာရသူတွေ၊ နာမကျန်းသူတွေ အတွက် အရေးပေါ် ဆေးဝါး အကူအညီတွေ အမြန်ဆုံး ပေးနိုင်ဖို့ နည်းလမ်းသစ်တချို့ ရှာဖွေ ကြိုးပမ်းနေတယ်လို့ အကူအညီပေးရေး အဖွဲ့တွေက ပြောပါတယ်။ စစ်ပွဲတွေကြောင့် ဆေးဝါး အရေးပေါ် လိုအပ်တဲ့ နေရာတွေဆီ ရောက်အောင်ပို့ပေးဖို့ ပို ခက်ခဲလာနေတယ်လို့လည်း အကူအညီပေးရေး အဖွဲ့တွေက ပြောပါတယ်။ ရန်ကုန်က သတင်းပေးပို့ချက်ကို ကိုငြိမ်းချမ်း က တင်ပြပေးပါမယ်။

မိုးတွင်းကာလ ဖျားနာမှုတွေ များလာသလို စစ်ပွဲနဲ့ တခြား သွားလာရခက်ခဲတဲ့ ကိစ္စတွေကြောင့် တချို့နေရာတွေကို ဆေးဝါး အကူအညီ ပေးဖို့ ခက်ခဲလာတယ်လို့ အရပ်ဘက်အဖွဲ့တချို့က ပြောပါတယ်။ စစ်ရှောင်တွေ တိုးလာတဲ့အတွက်လည်း ဆေးဝါးလိုအပ်ချက်က ပိုများလာတယ်လို့ နယ်လှည့်ကျောပိုးအိတ် ကျန်းမာရေးလုပ်သားအဖွဲ့ရဲ့ ဦးဆောင်ကော်မတီဝင် ကိုမိုးနိုင်က ပြောပါတယ်။

" ကချင်ဘက်က ဒေသတွေက အခုက စစ်ဘေးရှောင်တွေ များနေတဲ့ အနေအထားမှာ တခါတလေ ကျနော်တို့ ခန့်မှန်းထားတဲ့ အထဲမှာ လူဦးရေ များလာတာတို့ ဘာတို့ကြောင့်လည်း ဆေးဝါးတွေက လိုတာထက်ပိုပြီး ကုန်သွားတာတွေ ရှိတာပေါ့။ ဆေးဝါး အခက်အခဲတွေက သူတို့တင်ပြလာတဲ့ အရေးပေါ်အတိုင်းပဲ အချိန်မီ ပို့ဆောင်ပေးတာပေါ့နော်။ အခုဆိုရင် ကရင်နီဘက်မှာလည်း နှစ်ပတ်၊ သုံးပတ် အတောအတွင်းကပဲ တိုက်ပွဲတွေ ပြန်ဖြစ်ပြီး လူဦးရေ တော်တော်များများ ရွှေ့ပြောင်းနေရတော့ အရေးပေါ်ဆေးတွေ တင်ပြတောင်းဆိုတဲ့အပေါ်မှာ ဒီဘက်မှာ လိုအပ်တဲ့ဆေးဝါးတွေ ဝယ်ပြီးတော့ ချက်ချင်းပို့ရတာတွေ ရှိပါတယ်။"

နယ်လှည့်ကျောပိုးအိတ် ကျန်းမာရေးလုပ်သားအဖွဲ့ Backpack Health Worker Team ဟာ လက်နက်ကိုင် ပဋိပက္ခတွေကြား ဆေးဝါး အကူအညီလိုအပ်သူတွေကို နယ်လှည့် လိုက်လံ ကုသပေးနေတဲ့ အဖွဲ့ဖြစ်ပါတယ်။ နယ်လှည့်ကျော်ပိုးအိတ် အဖွဲ့ တခုချင်းစီဟာ လိုအပ်တဲ့နေရာတွေမှာ လူဦးရေ ၂၀၀၀ စာအထိ ဆေးဝါးကူညီပေးတာ ရှိပြီး စတင်ဖွဲ့စည်းချိန်မှာ အဖွဲ့ ၃၀ ကျော်နဲ့ စခဲ့တာပါ။ အခုချိန်မှာတော့ ဒီအဖွဲ့ဟာ ကရင်၊ ကရင်နီ၊ မွန်၊ ကချင်၊ ယယန်း၊ ရှမ်း၊ ရခိုင်၊ ပလောင်၊ ပအိုဝ်း၊ ချင်း၊ နာဂ စတဲ့ဒေသက လူဦးရေ ၃သိန်းကျော်ကို ဆေးဝါး အကူအညီတွေ ပေးနေပြီလို့ ပြောပါတယ်။

တချို့နေရာတွေမှာ ပံ့ပိုးပေးဖို့ ဆေးဝါးရှိရင်တောင် အချိန်မီ ထောက်ပံ့ပေးနိုင်ဖို့မှာ သွားလာရေး အခက်အခဲ အပါအဝင် အကန့်အသတ် အဟန့်အတားတွေ အများအပြား ရှိနေတယ်လို့လည်း ကူညီပေးရေး အဖွဲ့တွေက ပြောပါတယ်။

ဒီလိုအခက်အခဲတွေကို ကျော်လွှားနိုင်ဖို့အတွက် Community Improvement & Development (CID) အဖွဲ့ကတော့ သူတို့နဲ့ မိတ်ဘက်အဖွဲ့တွေ ပူးပေါင်းပြီး နည်းပညာ အကူအညီနဲ့ ဆေးဝါး အချိန်မီ ကူညီပေးနိုင်မယ့် နည်းလမ်းရှာနေတဲ့အကြောင်း ဗွီအိုအေကို ပြောပါတယ်။ ဒီအထဲမှာ အဝေးထိန်း ဒရုန်းတွေကို အသုံးပြုပြီး ဆေးဝါး အရေးပေါ်လိုအပ်တဲ့ နေရာတွေဆီ အချိန်တိုအတွင်း ပေးပို့ပေးနိုင်အောင် စီစဉ်နေတာ ရှိတယ်လို့လည်း အဖွဲ့ရဲ့ တာဝန်ခံတဦးဖြစ်တဲ့ စောဘဦးလေးက ပြောပါတယ်။ ဒီနည်းလမ်းဟာ ပြည်တွင်းမှာ တခါမှ အသုံးမပြုသေးတဲ့ နည်းလမ်းဖြစ်လို့ အသေးစိတ် ကိစ္စတွေကို ဆွေးနွေးနေတယ်လို့ သူက ပြောပါတယ်။

"ဒါကို ကျနော်တို့က ကြိုတင် စီမံချက်အနေနဲ့ လုပ်ထားတာပေါ့နော်။ Medical ဆေးဝါးပစ္စည်းတွေကို ကျနော်တို့က ဒရုန်းနဲ့ ပို့မယ်ဆိုတာက ကျနော် ထင်ပါတယ်။ ပြန်လည် လေ့ကျင့်ရမယ့် အနေအထား ရှိတယ်။ ဒရုန်း တွေကလည်း စျေးက ခေါင်ခိုက်နေတဲ့ အခါကြတော့ ကျနော်ထင်တယ် medical drone ဆိုသည့်တိုင် သူက ဝိတ်တော်တော်ပါတဲ့ (နိုင်တဲ့) ဒရုန်းကိုပဲ အသုံးပြုရမယ့် အနေအထား ရှိတယ်။ ဒါကို ကျနော်တို့ ကြိုပြီး ခန့်မှန်းတာပေါ့နော်။"

ဇွန်လထဲမှာ ကချင်၊ ချင်း၊ စစ်ကိုင်း၊ ကရင်နဲ့ ကရင်နီ ဒေသတွေမှာ စစ်ကောင်စီက လေကြောင်းတိုက်ခိုက်တာတွေ ပိုလုပ်လာနေပြီး လက်နက်ကိုင် ပဋိ့က္ခတွေလည်း ပို ပြင်းထန် လာနေပါတယ်။ ဒီလို အခြေအနေအောက်မှာ အရပ်သား ပြည်သူ ထိခိုက် သေကြေမှုတွေလည်း တိုးလာနေတာနဲ့အမျှ လက်နက်ကိုင် တိုက်ပွဲတွေကြား ထိခိုက် ဒဏ်ရာ ရသူတွေ၊ နာမကျန်းဖြစ်တဲ့ စစ်ဘေး ဒုက္ခသည်တွေကို အရေးပေါ် ဆေးဝါး အကူအညီတွေ အချိန်မီ ပို့ပေးနိုင်ဖို့ အရပ်ဘက်အဖွဲ့တွေက နည်းလမ်းရှာလာကြတာ ဖြစ်ပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG