၂၀၂၁ ခုနှစ် အရပ်သားအစိုးရကို ဖယ်ရှားပြီး စစ်တပ်အာဏာသိမ်းခဲ့တဲ့ နောက်ပိုင်း ကယားပြည်နယ်၊ ဒေသအခေါ် ကရင်နီဒေသတွင်း နေရာ အတော်များများမှာ တိုက်ပွဲတွေ ဆက်တိုက်ဖြစ်ပွါးနေတာကြောင့် ဒေသခံ လူငယ်တွေအတွက် ပညာရေးထိခိုက်မှု ဆိုးဆိုးရွားရွား ခံစားနေရတယ်လို့ ဒေသခံတွေက ပြောပါတယ်။ အပြည့်အစုံကို မအေးသန္တာကျော်က တင်ပြပေးမှာပါ။
ကယားပြည်နယ်မှာရှိတဲ့ မြို့ကြီးတွေမှာ နေထိုင်သူတွေဟာ စစ်ကောင်စီက ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းတွေမှာ တက်ရောက် သင်ကြားခွင့်တွေရှိနေပေမဲ့ တိုက်ပွဲတွေ မပြတ်ဖြစ်ပွါးနေတဲ့ မြို့နယ်၊ ကျေးရွာတွေမှာ နေထိုင်ရတဲ့ လူငယ်တွေနဲ့ တောတောင်တွေထဲ ခိုလှုံနေရ သူတွေကတော့ ကျောင်းမတက်နိုင်ကြပါဘူး။ ဒီမတည်ငြိမ်တဲ့ ဒေသတွေမှာ ကျောင်းနေအရွယ် ကလေးတွေ ပညာရေး မဆုံးရှုံးအောင် ကရင်နီပြည်နယ်ထဲက နွေဦးတော်လှန်ရေး အဖွဲ့အစည်းတွေက စုပေါင်းဦးစီးပြီး ကျောင်းဖွင့်ပေးထားတာ ရှိပါတယ်။
ဒါပေမဲ့ ဒီကျောင်းတွေမှာ တက်ရောက်သင်ကြားနေတဲ့ ကလေးတွေဟာ စစ်လေယာဉ်တွေရဲ့ အန္တရာယ်ကို ကြောက်နေရတဲ့ အတွက် စာကို သေသေချာချာ မသင်ကြားနိုင်ကြဘူးလို့ တိုက်ပွဲတွေ အမြဲလိုလို ဖြစ်ပွါးနေတဲ့ ဖရူဆိုမြို့နယ် အရှေ့ပိုင်းမှာ နေထိုင်တဲ့ စစ်ဒဏ်ခံနေရတဲ့ ကျောင်းသားမိဘ တဦးက ပြောပါတယ်။
“နည်းနည်း စုစုစည်းစည်းရှိတဲ့ စစ်ရှောင်စခန်းကတော့ အချိန်ရရင် ရသလိုမျိုး ပညာရေးကို သင်ကြားပေးတာတော့ ရှိတယ်။ ဒါပေမယ့် လုံလုံလောက်လောက်မရှိဘူးပေါ့။ တစ်ခါတလေဆိုလို့ရှိလည်း လက်နက်ကြီးကျလို့ရှိရင်လည်း ခဏပြန်ပိတ်ထားရတယ်။ ခဏပြန်နားထားရတယ်။ အဲ့လိုမျိုးတွေပေါ့။ ကလေးကတော့ သေသေချာချာ တတ်မြောက်တဲ့ ထိတော့ မရှိတော့ဘူး။ အဲ့လိုမျိုးပေါ့။ ပုန်းခိုကျင်းတို့ အဲ့လိုမျိုးပဲ ပုန်းရတာပေါ့၊ ပြီးမှ ပြန်ငြိမ်ပြီမှ ကျောင်းပြန်တက် ကလေးကတော့ ဒီ သင်ရိုး ပြည့်အောင်တော့ မသင်ရဘူးပေါ့။”
သားသမီးတွေကို ပညာတတ်ကြီးဖြစ်လိုတဲ့ ဆန္ဒရှိပေမဲ့ ခုလို ပစ်ခတ်တိုက်ခိုက်မှုတွေ ကြားမှာ လုံခြုံမှုမရှိတဲ့ဘဝဖြစ်နေတာကြောင့် မျှော်လင့်ချက်မဲ့နေတယ်လို့လည်း ဖရူဆိုက စစ်ဘေးဒဏ်ခံနေရသူက ပြောပါတယ်။
“ပညာရေးနဲ့ ပတ်သက်လို့ရှိရင်တော့ မဆုံးရှုံးစေချင်ဘူးပေါ့။ အခွင့်အရေးတွေ ရရင် ပညာတတ်တွေ အဲ့လို နောက်တစ်ချိန်မှာ ပေါ်ထွန်းလာအောင် လုပ်ပေးချင်တာပေါ့။ ဒါပေမဲ့ ဒီချိန်မှာက ဘယ်လိုမှ ကိုယ်စီစဉ်ထားတဲ့အတိုင်း ကိုယ်လုပ်ချင်တဲ့ အခြေအနေက လုပ်လို့မရသေးဘူး။ ကျနော်တို့ ဒီလိုပဲ ကျေနပ်နေတဲ့ ပုံစံဖြစ်သွားတာပေါ့နော်။ ဘာမှဆက်လုပ်လို့လည်း မရ၊ လက်နက်ကြီးကြောင့် အာမခံချက်မရှိဘူးရော။ လုံခြုံမှု အာမခံချက်မရှိတော့ မလုပ်နိုင်တော့ဘူး။”
လွိုင်ကော်မြို့ပေါ်မှာ ခိုလှုံနေတဲ့ ဒီးမော့ဆိုက လာရောက်တဲ့ စစ်ရှောင်တဦးကတော့ လွိုင်ကော်မြို့ကို ခိုလှုံလာတဲ့ စစ်ရှောင်မိသားစု အများစုဟာ သူတို့ ကလေးတွေကို အစပိုင်းမှာ ကျောင်းမတက်ခိုင်းပဲ၊ အကြမ်းမဖက် အာဏာဖီဆန်ရေး CDM မှာ လှုပ်ရှားခဲ့ကြပေမဲ့ အာဏာသိမ်းထားတဲ့ ကာလ ရှည်ကြာလာတာနဲ့ အမျှ ကလေးတွေ ပညာရေးနှောင့်နှေးမှာကို စိုးရိမ်ပြီး အခုတော့ ရရာကျောင်း တွေမှာ ပညာဆက်သင်ခိုင်းတာရှိတယ်လို့ ဆိုပါတယ်။ ဒါပေမယ့် တိုက်ပွဲကြောင့် ရုတ်တရက် ပြေးလွှားလာရသူတွေဖြစ်တဲ့အတွက် ကျောင်းထွက်လက်မှတ် မပါလို့ ကျောင်းမတက်ရတဲ့ ကလေးတွေလည်း အများကြီးရှိနေတယ်လို့ ပြောပါတယ်။
“ဒီလွိုင်ကော်မြို့ပေါ်ကို လာပြောင်းနေတဲ့ ကလေးတွေ တချို့ဆိုရင် ကျနော်တို့ သိသလောက်တော့ သူတို့လည်း အဆင်မပြေဘူးပေါ့။ ဘာကြောင့်ဆို ကျောင်းပြောင်းလက်မှတ်မရလို့ ကျောင်းတက်ခွင့်မရတဲ့ ကလေးတွေ ရှိတယ်။ ကျောင်းပြောင်းလက်မှတ်ယူဖို့ အဆင်မပြေတဲ့ ကလေးတွေလည်း တော်တော်များတယ်။ ဆိုတော့ အဲ့လိုအဆင်မပြေတဲ့ ကလေးတွေဆိုရင် ကျောင်းကလည်း လက်မခံပေးဘူးပေါ့နော်။ မိဘတွေဆို တော်တော်များများကတော့ သူတို့ကလေးကို ရရာကျောင်းမှာပေါ့။ သူတို့ထားချင်ကြတယ်။”
ယာယီစစ်ရှောင် စခန်းတွေမှာ ကရင်နီပြည်နယ် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC)က ကြားကာလ စာသင်ကျောင်းတွေ ဖွင့်လှစ်ပေးထားတာ ဖြစ်ပြီး CMD ဆရာ ဆရာမတွေနဲ့ နယ်မြေအလိုက် သင်ကြားနေတာပါ။ လက်ရှိ ကရင်နီ တပြည်နယ်လုံးမှာ IEC က ဖွင့်လှစ်ထားတဲ့ စာသင်ကျောင်းပေါင်း ၄၀၀ လောက်ရှိပြီး ကျောင်းသူ၊ကျောင်းသား ၄၀,၀၀၀ ကျော်နဲ့ ဆရာ၊ ဆရာမ ၃၅၀၀ ကျော်နဲ့ ပညာသင်ကြားပေးနေတယ်လို့ (IEC) အတွင်းရေးမှူး ကိုဗညားက ဗွီအိုအေကို ပြောပါတယ်။
“ကျနော်တို့က နောက်ပိုင်းကျရင် ပိုအားကောင်းတဲ့ ပညာရေးစနစ်ကို ထူထောင်နိုင်ဖို့အတွက် လိုအပ်တဲ့ ပံ့ပိုးမှုတွေကို ကျနော်တို့ ကြိုးစား လုပ်ကိုင်နေတာတော့ ရှိပါတယ်။ ဒါပေမယ့် IEC က အခု ထူထောင်ပြီးတော့မှ ကျောင်းပေါင်း ၄၀၀ ကို အုပ်ချုပ်နေပြီး ကျောင်း ၄၀၀ ကို ဖွင့်တာတော့ မဟုတ်ပါဘူး၊ အဲ့ဒါရှိနေပြီးသား ကိုယ်ထူကိုယ်ထကျောင်းတွေကိုပဲ ဒီကိုယ်ထူကိုယ်ထကျောင်းတွေနဲ့ ချိတ်ဆက်ပြီးတော့မှ လိုတဲ့ဟာတွေကို အတတ်နိုင်ဆုံးပံ့ပိုး ကူညီနိုင်ဖို့အတွက်ပဲ ဖြစ်ပါတယ်။”
ယာယီစစ်ရှောင်စခန်းတွေ ရှိရာနေရာတွေကို စစ်ကောင်စီက လက်နက်ကြီးနဲ့ လေယာဉ်တွေ သုံးပြီး မကြာမကြာ ပစ်မှတ်ထားတိုက်ခိုက်နေတဲ့အတွက် ဒီ ယာယီကျောင်းတွေ ထိခိုက်ပျက်စီးရသလို ဘေးကင်းလုံခြုံတယ်လို့ ထင်ရတဲ့ နေရာဆီ မကြာခဏ ပြောင်းရွှေ သင်ကြားနေကြရကြောင်းနဲ့ တိုက်ပွဲဖြစ်ရင် စာမသင်ရပဲ ပုန်းခိုကျင်းမှာ ပုန်းခိုနေရတယ်လို့ ပြောပါတယ်။
ဒါ့အပြင် စစ်ရှောင်သူတွေ များလာရင် စစ်ကောင်စီက ပစ်မှတ်ထား တိုက်ခိုက်နေတာကြောင့် တစုတစည်းတည်း စုပေါင်းနေထိုင်လို့ မရဘဲ ဝေးလံခေါင်းဖျားတဲ့ နေရာဆီ တိမ်းရှောင် နေကြရတဲ့ အတွက် ကျောင်းနေအရွယ်ကလေးတိုင်း ကျောင်းမတက်ရဘဲ ပညာရေးဆုံးရှုံးနေရတယ် လို့လည်း ပြောပါတယ်။