သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကရင်နီဒေသ အင်တာနက်ဖြတ်တောက်မှုကြောင့် အခက်ကြုံ


အင်တာနက်သုံးစွဲနေသူ မြန်မာလူငယ်တချို့
အင်တာနက်သုံးစွဲနေသူ မြန်မာလူငယ်တချို့

စစ်ရေးပဋိပက္ခဖြစ်ပွားနေတဲ့ ကရင်နီပြည်နယ်မှာ အင်တာနက်နဲ့ တယ်လီဖုန်း ဆက်သွယ်ရေးကို နေရာအတော်များများမှာ ခုချိန်ထိ ဖြတ်တောက်ခံထားရတာကြောင့် သတင်းအချက်အလက် ရဖို့ ခက်ခဲကြန့်ကြာပြီး အဆင်မပြေဖြစ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။ ဒါဟာ ၂၀၂၁ ကစပြီး အာဏာသိမ်းထားတဲ့ စစ်ကောင်စီရဲ့ ဆိုးဝါးတဲ့ သတင်းမှောင်ချဖို့ လုပ်ဆောင်မှုဖြစ်ကြောင်း ကရင်နီလူ့အခွင့်အရေးအဖွဲ့က ပြောပါတယ်။ ဒီအကြောင်း ပေးပို့ထားတဲ့ သတင်းကို မမြသဇင်အောင်က ပြောပြပါမယ်။

၂၀၂၁ ခုနှစ် စစ်တပ်အာဏာသိမ်းခဲ့ချိန်ကစပြီး ခုချိန်ထိ ကရင်နီပြည်နယ်တလွှား နေရာအတော်များများမှာ အင်တာနက်နဲ့ တယ်လီဖုန်း ဆက်သွယ်ရေး တွေ ဖြတ်တောက်ခံထားရတာကြောင့် သတင်းအချက်အလက် ရယူဖို့ ခက်ခဲကြန့်ကြာနေတာ ဖြစ်ပါတယ်။ တိုက်ပွဲတွေကြောင့် လွိုင်ကော်မြို့မှာလာပြီး ခိုလှုံနေတဲ့ ဒီးမော့ဆိုမြို့နယ် စစ်ရှောင်တဦးကတော့ ဘေးလွတ်ရာပြေးလွှားရင်း မိသားစုဝင်တွေ တကွဲတပြားဖြစ်သွားတာကြောင့် တယောက်နဲ့တယောက် သတင်းမေးချင်ပေမယ့် ဖုန်းလိုင်းတွေ ပိတ်ထားတဲ့ အတွက် အခက်ကြုံနေရတယ်လို့ ဗွီအိုအေကို ပြောပါတယ်။

“ရွာမှာ ကိုယ့်မိသားစု မောင်နှမတွေ ဘယ်လိုဖြစ်နေလဲဆိုတာ ချက်ချင်းမသိနိုင်ဘူးပေါ့နော်။ တိုက်ပွဲသတင်းတွေ နိုင်ငံရေးသတင်းတွေ တခြားသတင်းတွေလည်း ကျနော်တို့ မသိတော့ဘူး။ လက်နက်ကြီးလာပြီးဆိုလည်း ကိုယ့်ရွာအနီးအနားကျပြီးမှ ထွက်ပြေးတိမ်းရှောင်ရတာပေါ့နော်။ တစ်တခါတလေဆို စစ်ကြောင်းထိုးတာမျိုးတို့ ဘာတို့ဆိုရင်လည်း သတင်းမသိဘူးပေါ့နော်။ လိုင်းပေါ်မှာ ဘာရယ်ကိုယ့်မသိရတဲ့အခါမှာ ကြိုရှောင်ဖို့လည်း ခက်ခဲတာပေါ့။ ဒီဖက်က ရဲဘော်တွေ ဘာတွေ မပြောပြဘူးဆိုရင်တော့ ဘာမှမသိတော့ဘူးပေါ့။”

လွိုင်ကော်မြို့မှာ ခိုလှုံနေတဲ့ နောက်ထပ် ဖရူဆိုမြို့နယ် စစ်ရှောင်တဦးကတော့ ရွာထဲ လက်နက်ကြီး ကျရောက်ပေါက်ကွဲတဲ့အတွက် အပြင်းအထန်ဒဏ်ရာရသွားတဲ့ ရွာသားတွေ အနေနဲ့ ဆေးကုသမှု ခံယူဖို့ ကျန်းမာရေးတာဝန်ရှိသူတွေ၊ ဆရာဝန်တွေနဲ့ အချိန်မီ အဆက်အသွယ် မလုပ်နိုင်တဲ့အတွက် အသက်ဆုံးပါးရတဲ့အထိ ကြုံတွေ့ခဲ့ရတယ်လို့ ခုလိုပြောပါတယ်။

“အထူးသဖြင့် အဲ့ဒီနာရေးကိစ္စ တချို့ကျတော့ မိဘတွေ ဆေးရုံတက်တာတို့ ဆေးကုဖို့ လိုတယ်။ အရေးကြီးတယ်ဆိုလို့ရှိရင် တစ်ယောက်နဲ့ တစ်ယောက်သတင်းပေးပြီး နည်းနည်းကြန့်ကြာ သွားတာပေါ့နော်။ ဒဏ်ရာရတဲ့ ပြည်သူလူထုတွေပေါ့၊ ဒေသခံတွေ ရွာထဲကလူတွေ တချို့ဆို ဖျားနာတယ်ပေါ့နော်။ ဖျားနာတော့ ကိုယ်က ရှေ့ဆက်ပြီးတော့ ကားငှါးရမှာတို့ ဘာတို့ နောက်ပြီးတော့ ဆရာ ဆရာမတွေ ချိတ်ဆက်ရမယ်ဆိုရင် ဖုန်းလိုင်းက အဆင်မပြေတော့ အဲ့မှာ တအားနှောင်နှေးကြန့်ကြာသွားတယ်။ နောက် အချိန်မီမကုသနိုင်တဲ့အတွက်ကြောင့် အသက်ပါ ပေးလိုက်ရတာပေါ့ အဲ့လိုမျိုးပေါ့နော်။”

စစ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီရဲ့ ဆက်သွယ်ရေး တာဝါတိုင်တွေ အကြီးအကျယ် မိုင်ဆွဲတိုက်ခိုက်ခံနေရတာကြောင့် ပျက်စီးမှုတွေများနေသလို တချို့နေရာတွေမှာတော့ တာဝါတိုင်ရှိရဲ့သားနဲ့ တမင်ရည်ရွယ်ချက်ရှိရှိ ပိတ်ပစ်တာ ခံနေရတယ်လို့ ဒီးမော့ဆိုမြို့နယ် စစ်ရှောင်က ပြောပါတယ်။

“တချို့ နေရာတွေကလည်း တာဝါတိုင်မရှိတာလည်းပါတယ်။ တချို့နေရာလည်း တာဝါတိုင်ရှိပေးရဲ့သားနဲ့ လိုင်းမိနိုင်သေးရဲ့သားနဲ့ လိုင်းမရနိုင်ဘူး အဲ့လိုမျိုးဖြစ်နေတာပေါ့။”

ဒေသအခေါ် ကရင်နီခေါ် ကယားပြည်နယ်ထဲက တိုက်ပွဲဖြစ်ပွားတဲ့ နေရာတွေမှာ စစ်ကောင်စီဟာ ဒေသခံတွေကို တိုးပြီးဖိနှိပ်လာသလို ဆက်သွယ်ရေးကို လုံးဝဖြတ်တောက်တာတွေ လုပ်နေတယ်လို့ ကရင်နီလူ့အခွင့်အရေး အဖွဲ့တည်ထောင်သူ ကိုဗညားက ပြောပါတယ်။

“မယ်စဲ့မြို့နယ် တစ်မြို့နယ်လုံးကတော့ ဖုန်းလိုင်းမရှိဘူးပေါ့နော်။ ရှားတောမြို့နယ်ကတော့ နည်းနည်းပါးပါးပဲရတယ်ပေါ့နော်။ လွိုင်ကော်မြို့နယ်က တော့ အများစုရတယ်။ နည်းနည်းပါးပါး လွိုင်ကော်နဲ့နီးတဲ့ ဒီးမော့ဆို အစပ်လေးမှာတော့ ရတယ်။ လွိုင်ကော်နဲ့ဝေးတဲ့ ဒီးမော့ဆို ဆို မရဘူးပေါ့နော်။ ဖရူဆိုကမှာတော့ တချို့နေရာ အနည်းအကျဉ်းတော့ ရပါသေးတယ်။ ဒါပေမယ့် အများစုကတော့ မရဘူးပေါ့နော်။ ဘောလခဲကတော့ မရတော့ဘူးပေါ့နော်။ ဖားဆောင်းလည်း မရတော့ဘူးပေါ့နော်။ မရဘူးဆိုတာက ကျနော်ပြောတာက လူထုတွေအတွက် အသုံးဝင်တဲ့ ဖုန်းလိုင်း အင်တာနက်လိုင်းတွေ ပြောတာပါ၊ စစ်ကောင်စီကနေ သီးသန့်သုံးတဲ့ သူတို့လိုင်းတော့ရပါတယ်။”

ထိုင်းမြန်မာနယ်စပ် မယ်စဲ့မြို့
ထိုင်းမြန်မာနယ်စပ် မယ်စဲ့မြို့

အခုလိုလုပ်ဆောင်နေတာဟာ စစ်ကောင်စီက သူ့ရဲ့ မှားယွင်းနေတဲ့ အုပ်ချုပ်မှု အချက်အလက်တွေ နိုင်ငံတကာထိ မပေါက်ကြားအောင်ရွည်ရွယ်ချက်ရှိရှိ သတင်းအချက်အလက် အမှောင်ချတာပဲ ဖြစ်ကြောင်းလည်း ကိုဗညားက ပြောပါတယ်။

“သတင်းအချက်အလက်မရအောင် တမင်တကာ လုပ်နေတဲ့ လုပ်ရပ်ဖြစ်တယ်။ အဲ့ဒီလုပ်ရပ်ကလည်း ဒါ ရည်ရွယ်ချက်ရှိတယ်ပေါ့နော်။ သူတို့တွေက အုပ်ချုပ်နေတဲ့ မှားယွင်းနေတဲ့ အချက်အလက်တွေကို မပေါက်ကြားအောင် မသိအောင် ကာတဲ့သဘောလည်း ဖြစ်တယ်။ နောက်တခုက သူတို့ လိုချင်တဲ့ messages သူတို့မြင်ချင်တဲ့ ပုံစံကိုပဲ တွေ့အောင်မြင်အောင်ဆိုပြီးတော့မှ သူတို့ရဲ့ လက်ရှိ မီဒီယာတွေကို အသုံးချဖို့ ကျနော်တို့ကို ပိတ်တယ်လို့ပဲ ကျနော်တို့မြင်ပါတယ်ဟုတ်။”

ဒေသအတွင်းမှာ ဖိနှိပ်ခံနေရတဲ့ လူ့အခွင့်အရေးအခြေနဲ့ ပတ်သက်ပြီး နိုင်ငံတကာကို ပြောဆိုလို့မရအောင်ကြိုးပမ်းတာဖြစ်ပြီး လူသားစာနာမှု အခြေနေတွေ ပိုဆိုးလာအောင် လုပ်နေတာ ဖြစ်ကြောင်းလည်း ပြောပါတယ်။

ကမ္ဘာတလွှား အင်တာနက်လွတ်လပ်ခွင့်အပေါ် ဖိနှိပ်မှုကို ကြည့်ရင် မြန်မာနိုင်ငံဟာ ဒီနှစ်မှာ ဒုတိယအဆိုးဝါးဆုံး အဆင့်မှာ ရှိနေတယ်လို့ အမေရိကန်အခြေစိုက် Freedom House ရဲ့ အင်တာနက် လွတ်လပ်ခွင့် အစီရင်ခံစာက ဖော်ပြထားတာပါ။ ၂၀၂၁ ခုနှစ်မှာ အရပ်သားအစိုးရကို ဖယ်ရှားပြီး အာဏာသိမ်းခဲ့တဲ့ စစ်တပ်ဟာ အကြမ်းမဖက်တဲ့ အာဏာဖီဆန်ရေး လှုပ်ရှားမှုတွေ နိုင်ငံရေးအရ ဆန့်ကျင်မှုတွေ လက်နက်ကိုင် ပုန်ကန်မှုတွေနဲ့ ရင်ဆိုင်နေပြီး အင်တာနက် လွတ်လပ်ခွင့်တွေကို ဆက်လက်ဖိနှိပ်နေတယ်လို့လည်း Freedom on the Net အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

XS
SM
MD
LG