သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာနိုင်ငံမှာ နည်းပညာပိတ်ပင်မှု ပိုတင်းကျပ်လာ 


ယခင်မှတ်တမ်းရုပ်ပုံ | စစ်အာဏာသိမ်းပြီး အင်တာနက်ဝန်ဆောင်မှုတချို့ဖြတ်တောက်ခံရပြီးနောက် နေပြည်တော်မြို့နယ်ထဲမှာ အမျိုးသားတဦး မိုဘိုင်းဖုန်းထဲက Facebook app ကို ဖွင့်ကြည့်နေစဉ် (မတ် ၁၆၊ ၂၀၂၁)
ယခင်မှတ်တမ်းရုပ်ပုံ | စစ်အာဏာသိမ်းပြီး အင်တာနက်ဝန်ဆောင်မှုတချို့ဖြတ်တောက်ခံရပြီးနောက် နေပြည်တော်မြို့နယ်ထဲမှာ အမျိုးသားတဦး မိုဘိုင်းဖုန်းထဲက Facebook app ကို ဖွင့်ကြည့်နေစဉ် (မတ် ၁၆၊ ၂၀၂၁)

မြန်မာနိုင်ငံမှာ စစ်အာဏာသိမ်းမှုနောက်ပိုင်း အင်တာနက်နဲ့ ဒစ်ဂျစ်တယ် နည်းပညာအသုံးပြုမှုတွေကို ပိုပြီး တင်းတင်းကျပ်ကျပ် ပိတ်ပင်လာခဲ့သလို၊ မြို့နယ် ၅၀ ထက်မနည်းမှာ အင်တာနက်နဲ့ ဖုန်းလိုင်း ဆက်သွယ်မှုတွေ ပိတ်ပင်ခံနေရတာ တနှစ်ကျော်လာနေပါပြီ။ စစ်ကောင်စီဟာ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေနဲ့ လူ့အခွင့်အရေးကို လေးစားလိုက်နာသူတွေရဲ့ အသံတွေ တိတ်သွားအောင် ဒီဂျစ်တယ်နည်းပညာ အသုံးချမှုကို တင်းတင်းကျပ်ကျပ် ကန့်သတ်ချုပ်ချယ်နေတယ်လို့ ဗြိတိန်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့ တခုကလည်း လူ့အခွင့်အရေးကောင်စီမှာ မနေ့ကတင်ပြသွားပါတယ်။ မြန်မာနိုင်ငံတွင်း အင်တာနက် အွန်လိုင်း ပိတ်ပင်မှုတွေအကြောင်း သတင်းပေးပို့ချက်ကို မစုမြတ်မွန် က တင်ပြပေးပါမယ်။

လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်တွေကို ကန့်သတ်ဖို့နဲ့ သတင်းအချက်အလက်တွေကို ပိတ်ပင်ဟန့်တားဖို့အတွက် စစ်ကောင်စီဟာ ပြီးခဲ့တဲ့နှစ် ၂ နှစ်အတွင်း အင်တာနက်လိုင်း ဖြတ်ချတာတွေနဲ့ ဆက်သွယ်ရေးစနစ် ဖြတ်တောက်တာတွေ လုပ်ဆောင်နေတယ်လို့ ပြည်တွင်းပြည်ပ လူ့အခွင့်အရေးအဖွဲ့တွေက ထောက်ပြနေကြတာပါ။

မြန်မာနိုင်ငံတွင်းက မြို့နယ် ၅၀ ထက်မနည်းမှာ အင်တာနက်နဲ့ ဖုန်းလိုင်းဆက်သွယ်ရေးစနစ်တွေကို စစ်ကောင်စီက ဖြတ်တောက်ထားတာ အဆိုရင် တနှစ်ကျော် ရှိနေပါပြီ။ ဒီလိုဖြတ်တောက်လိုက်တဲ့အတွက် အကျိုးဆက်သက်ရောက်မှုတွေက များတယ်လို့ ကရင်နီ လူ့အခွင့်အရေးအဖွဲ့ တည်ထောင်သူ ကိုဗညားက ပြောပါတယ်။

“impact ကတော့ တော်တော်ကြီးတယ်။ ပထမ တချက်ကတော့ သတင်းအချက်အလက်ပေါ့။ သတင်း အချက်အလက်သွားယူတာဖြစ်စေ။ သတင်းအချက်အလက်လက်လှမ်းမှီသလို တင်ပြရ တာမှာဖြစ်စေ အကန့်အသတ်ဖြစ်လာတယ်။ နောက်တခုက လူထုရဲ့သင်ယူမှု အပိုင်းတွေပေါ့။ ခုနောက်ပိုင်းက အကြောင်းအမျိုးမျိုးကြောင့် ကျောင်းတွေမှာ စာမသင်နိုင်ဘူး။ ဆက်လက် ပညာသင်ဖို့ အွန်လိုင်း ပလက်ဖောင်းတွေ တော်တော်လေး အသုံးပြုလာကြရတယ်။ လူငယ်တွေအတွက်က အွန်လိုင်းပလက်ဖောင်းတွေကနေ ဆက်သွယ်ဖို့ အတော်လေး ခက်သွားတယ်။ သူတို့တွေရဲ့ သတင်းရရှိမှု ခက်ခဲသလို ပညာရေး၊ ကျန်းမာရေးဆိုင်ရာ အချက်အလက်တွေ ရရှိဖို့လည်း ခက်သွားတယ်။ ဒါက လူသားအရင်းအမြစ် တိုးတက်ဖို့ကို အကြီးအကျယ်ထိခိုက်စေတယ်။

မြန်မာနိုင်ငံမှာ ဒီဂျစ်တယ်နည်းပညာ အသုံးချမှုနဲ့ ပတ်သက်လို့ ရှာဖွေ တွေ့ရှိချက်တွေကို ဗြိတိန်အခြေစိုက် လူ့အခွင့်အရေးအဖွဲ့ Article 19 က ဆွစ်ဇာလန်နိုင်ငံ ဂျနီဗာမြို့မှာကျင်းပနေတဲ့ ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီမှာ ကြာသပတေးနေ့က အစီရင်ခံ တင်ပြခဲ့တာမှာ စစ်ကောင်စီရဲ့ “အကြမ်းဖက်မှုတိုက် ဖျက်ရေးဥပဒေ” ဟာ လွတ်လပ်စွာ ဒီဂျစ်တယ်နည်းပညာ အသုံးချခွင့်အတွက် အကြီးမားဆုံး အဟန့်အတားတခု‌ ဖြစ်နေတယ်လို့ ပြောဆိုခဲ့ပါတယ်။

စစ်ကောင်စီဟာ ဒီဥပဒေနဲ့ လူတွေ ဘာမှ မပြောရဲ မဆိုရဲအောင် အကြောက်တရား ဖန်တီး၊ ဖိနှိပ်နေတာကြောင့် လွတ်လပ်စွာ ထုတ်ဖော် ရေးသားခွင့်၊ လွတ်လပ်စွာ ပြောဆိုရေးသားခွင့်ဆိုတာ ပြည်တွင်းမှာ လုံးဝဆိတ်သုန်းသွားတဲ့ အခြေအနေ ဖြစ်နေတယ်လို့ သတင်းစာ ဆရာတဦးက ထောက်ပြ ပြောဆိုပါတယ်။

"လက်ရှိ ဖမ်းဆီးခံရတဲ့ ကိစ္စအများစုက လှုပ်ရှားမှု ဆန္ဒပြနေရင်းတို့ တခုခုလှုပ်ရှားမှု လုပ်နေရင်း အဖမ်းခံရတာမျိုးတွေ ထက်စာရင် ဆိုရှယ်မီဒီယာပေါ် အင်တာနက်ပေါ်မှာ တခုခုရေးတယ်။ ပြန်မျှဝေတယ်။ အဲလိုကနေ ဖမ်းဆီးခံရတာက ပိုများလာတယ်။ ဒ့ါတွေကိုကြည့်ရင် ကိုယ့်ယုံကြည်မှု ကိုယ့်ရပ်တည်မှု ကိုယ့်အယူအဆကို ထုတ်ဖော်ပြောဆိုရုံနဲ့တင် ဖမ်းဆီး အပစ်ပေးခံရနိုင်တယ်။ အပြစ်ပေးခံရတာလည်း နည်းနည်းပါးပါး မဟုတ်ဘူး။ အနိမ့်ဆုံးက ၂ နှစ် ၃ နှစ်။ ဒီထပ်တိုးပြီး ၅ နှစ်၊ ၇ နှစ် ၁၀ နှစ် ထိချမှတ်တယ်။ အဲဒါတွေက လူတွေကို အကြောက်တရား ဖြစ်စေတယ်။ ကိုယ့်ရပ်တည်ချက် ယုံကြည်ချက်ကို ထုတ်ဖော် ပြောဆိုမှုတွေအတွက် ပိုစိုးရိမ်လာစေတယ်။ ထုတ်ဖော်ရေးသားဖို့ နည်းပါးလာစေတယ်။ လက်ရှိကအဲလို အနေအထား ရောက်နေပါတယ်။"

စစ်အာဏာသိမ်းမှုနောက်ပိုင်း အာဏာရှင်ဆန့်ကျင်ရေးလှုပ်ရှားမှုတွေနဲ့ လက်နက်ကိုင်တော်လှန်မှုတွေ အများဆုံး ရှိနေတဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်း၊ ကယားပြည်နယ်နဲ့ ချင်းပြည်နယ်တို့မှာ အင်တာနက် ဖြတ်တောက်ခံရမှု အဆိုးဆုံး ဖြစ်ပြီး ရှမ်းပြည်နယ်၊ မန္တလေးတိုင်း၊ ကချင်ပြည်နယ် စတဲ့ဒေသတွေမှာလည်း အင်တာနက် ဖြတ်တောက်ခံရတာတွေ ရှိနေပါတယ်။ ဒီလို ဆက်သွယ်ရေး ဖြတ်တောက် ခံရတာတွေကြောင့် ပဋိပက္ခဒေသတွေမှာ စစ်ဘေးဒုက္ခသည်တွေကို ကူညီကယ်ဆယ်ရာမှာလည်း အခက်အခဲတွေ ပိုပြီး ကြုံတွေ့ရတယ်လို့ ကောလင်းမြို့နယ် အနီးက စစ်ဘေးရှောင်တဦး လည်းဖြစ်၊ စစ်ဘေးသင့်သူတွေကို ကူညီကယ်ဆယ်ရေး လုပ်ပေးနေသူတဦးက ဗွီအိုအေကို ခုလို ပြောပြပါတယ်။

"ဒီဘက်မှာတော့ ဖုန်းလိုင်းတွေက အမြဲအခက်အခဲ ဖြစ်နေတယ်။ ဆက်သွယ်ရေးစက် icon လေးတွေ နဲ့ သွားနေရတယ်။ အင်တာနက်ဆို ကြာပြီ ၁နှစ်ကျော်ပြီ။ ၁နှစ်ကျော် ဖြတ်တောက်တာ ရှိနေပြီ။ စစ်ရှောင်ဒေသတွေမှာ ဖုန်းလိုင်းဖြတ် အင်တာနက်လည်းဖြတ်တော့ သတင်းလည်း အချိန်မီ မသိရ မတင်ရဘူး။ ပြည်သူတွေက တနေရာနဲ့တနေရာ ချိတ်ဆက်လို့လည်း မရတော့ဘူး ဖြစ်နေရတယ်။"

မြန်မာနိုင်ငံမှာ အင်တာနက်သုံးစွဲမှု ကန့်သတ် ဖြတ်တောက်မှုတွေကို ကုလသမဂ္ဂနဲ့ နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့တွေကလည်း ပြင်းပြင်းထန်ထန် ဝေဖန်နေကြတာပါ။

စစ်ကောင်စီဟာ ဒစ်ဂျစ်တယ်နည်းပညာ အသုံးချမှုတွေကို ကန့်သတ်ပိတ်ပင်ထားပြီး လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုမှု ဆိတ်သုန်းအောင် လုပ်နေတဲ့ တချိန်တည်းမှာ၊ တဘက်မှာလည်း ဒီလို ဒစ်ဂျစ်တယ်နည်းပညာတွေကို အသုံးချပြီး ဝါဒဖြန့်ချိတာ၊ ဒီမိုကရေစီလိုလား သူတွေရဲ့ အွန်လိုင်းအကောင့်တွေကို နောက်ယောက်လိုက်ပြီး အနှောက်အယှက်ပြု ခြိမ်းခြောက်တာ၊ ဖမ်းဆီးထောင်ချတာ လုပ်ပြီး ပြည်သူတွေကို အကြောက်တရား ကြီးစိုးအောင် လုပ်ဆောင်နေတယ်လို့ Article 19 ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

မြန်မာနိုင်ငံဟာ စစ်တပ်က အာဏာသိမ်းပြီး နောက်ပိုင်းမှာ အင်တာနက် လွတ်လပ်ခွင့် အဆိုးရွားဆုံး ကျဆင်းလာတဲ့ နိုင်ငံတခုအဖြစ် နိုင်ငံတကာ သတင်းလွတ်လပ်ခွင့်ဆိုင်ရာ အဖွဲ့ကြီးတွေကလည်း ထောက်ပြပြောဆိုထားကြပါတယ်။

တိုက်ရိုက် လင့်ခ်
XS
SM
MD
LG