သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

East West Center ရဲ့ မြန်မာ့မီဒီယာအခြေအနေဆွေးနွေးပွဲ 

ရန်ကုန်မြို့ စစ်အာဏာသိမ်းဆန့်ကျင် ဆန္ဒပြပွဲတခုအတွင်း အပြေးအလွှားသတင်းယူနေတဲ့ သတင်းထောက်တဦးကို တွေ့ရစဉ် (ဖေဖော်ဝါရီ ၂၇၊ ၂၀၂၁)
ရန်ကုန်မြို့ စစ်အာဏာသိမ်းဆန့်ကျင် ဆန္ဒပြပွဲတခုအတွင်း အပြေးအလွှားသတင်းယူနေတဲ့ သတင်းထောက်တဦးကို တွေ့ရစဉ် (ဖေဖော်ဝါရီ ၂၇၊ ၂၀၂၁)

စစ်အာဏာသိမ်းပြီး နှစ်နှစ်ကျော် အကြာ မြန်မာ သတင်း မီဒီယာ အခြေအနေဟာ ဖိနှိပ်မှုမျိုးစုံနဲ့ ရင်ဆိုင်နေရလို့ သတင်းရယူ တင်ဆက်ရတာမှာ လုံခြုံရေး အပါအဝင် အကန့်အသတ်တွေ အများကြီး ရှိနေတယ်လို့ အမေရိကန် အခြေစိုက် အာရှနဲ့ ပစိဖိတ် လေ့လာရေး သုတေသန အဖွဲ့တခု ဖြစ်တဲ့ East West Center ကကျင်းပတဲ့ မြန်မာ့ မီဒီယာအရေး ဆွေးနွေးပွဲမှာ ပြောလိုက်ပါတယ်။ ဒေသဆိုင်ရာ သတင်းဌာနတွေရဲ့ ရှင်သန် ရပ်တည်ရေးမှာလည်း အခက်အခဲတွေ ရှိနေတယ်ဆိုတာ ဆွေးနွေးခဲ့ကြပါတယ်။ မြန်မာသတင်းမီဒီယာသမားတွေ ပါဝင်တဲ့ အဲဒီဆွေးနွေးပွဲက ဆွေးနွေးချက်တွေ အကြောင်းကို ကိုယ်တိုင်တက်ရောက်ခဲ့တဲ့ ကိုငြိမ်းချမ်းအေးက စုစည်းပြောပြပါမယ်။

မြန်မာနိုင်ငံဟာ ကမ္ဘာပေါ်မှာ သတင်းသမားတွေကို အများဆုံး ထောင်သွင်းအကျဉ်းချနေတဲ့ နိုင်ငံတခုဖြစ်နေတယ်ဆိုတာကို East West Center က စီစဉ်တဲ့ စစ်အာဏာသိမ်းပြီး ၂ နှစ်အကြာ မြန်မာ့မီဒီယာအခြေအနေခေါင်းစဉ်နဲ့ ဆွေးနွေးပွဲ အဖွင့်မှာကို ဆွေးနွေးပွဲ စီစဉ်သူတွေက အဓိက ထား ပြောသွားခဲ့ကြပါတယ်။ ဒီလို အခြေအနေရဲ့ အကျိုးဆက် အဖြစ် ပြောင်းလဲသွားတဲ့ မြန်မာ့ မီဒီယာ နောက်ခံ မြင်ကွင်းကျယ်ကို မြန်မာသတင်းသမားတွေ အွန်လိုင်းကနေ ပါဝင် ဆွေးနွေးခဲ့ကြတာပါ။

လွတ်လပ် အမှီအခိုကင်းတဲ့ တိုင်းရင်းသား မီဒီယာအပါအဝင် မြန်မာ သတင်းမီဒီယာနဲ့ နိုင်ငံတကာ မီဒီယာက မြန်မာသတင်းသမားတွေ ပါဝင်တဲ့ ဒီ ဆွေး‌နွေးပွဲမှာ စစ်ပွဲ၊ ပဋိပက္ခနဲ့ စစ်တပ်ရဲ့ ဖိနှိပ်မှုတွေ ကြားက အများပြည်သူနဲ့ ကမ္ဘာက သိသင့်တဲ့ မြန်မာ့ အရေး သတင်းတွေကို ဆက်လက် တင်ဆက်နိုင်အောင် အရင်ကနဲ့ မတူတဲ့ နည်းလမ်းတွေနဲ့ သတင်းရယူပုံတွေနဲ့ ရင်ဆိုင် ရတဲ့ စိန်ခေါ် မှုတွေကို ဆွေးနွေးခဲ့ကြပါတယ်။

စစ်အာဏာသိမ်း တော်လှန်ရေး ၂ နှစ်ကျော်ကြာလာချိန်မှာ နယ်ဘက်တွေမှာ စစ်တပ်ထိန်းချုပ်နိုင်တဲ့ နယ်မြေတွေ အရင်ကထက် နည်းလာလို့ ဒေသဆိုင်ရာ သတင်းသမားတွေ အနေနဲ့ ပြီးခဲ့တဲ့ နှစ်ကထက် သတင်းတွေကို ပိုပြီးကျယ်ကျယ်ပြန့်ပြန့်လုပ်လာနိုင်တယ်လို့ ပြောပါတယ်။ တဖက်မှာလည်း စစ်တပ်က အင်တာနက်၊ မိုဘိုင်းဖုန်းလိုင်းနဲ့ ဆက်သွယ်ရေး နည်းပညာတွေကို ချုပ်ကိုင်ထားဆဲ ဖြစ်လို့ သတင်းအချက်အလက် အတည်ပြုဖို့ ခက်ခဲနေဆဲ ဖြစ်ပါတယ်။

မြို့ပေါ် မှာ စစ်တပ်ရဲ့ ဖမ်းဆီးမှုကို စိုးရိမ်ရသလို တိုက်ပွဲဒေသတွေမှာလည်း စစ်တပ် စစ်ဆင်ရေးတွေ၊ လေကြောင်း တိုက်ခိုက်မှုတွေ ဒဏ်တွေကို လူထုကြားက ဒေသခံ သတင်းထောက်တွေ ရင်ဆိုင်ရလို့ အကြီးဆုံး စိန်ခေါ် မှုကတော့ အသက်အန္တရာယ် လုံခြုံရေးပဲလို့ ပါဝင်ဆွေးနွေးခဲ့သူတယောက်ဖြစ်တဲ့ မဇ္ဈိမ သတင်းဌာန အယ်ဒီတာချုပ် ဦးစိုးမြင့်က ဆွေးနွေးသွားခဲ့ပါတယ်။

မဇ္ဈိမသတင်းဌာနရဲ့ အယ်ဒီတာချုပ် ဦးစိုးမြင့်ရဲ့ ဆွေးနွေးချက်မှာတော့ လုံခြုံရေးအပြင် သတင်းတွေကို ဘက်မလိုက်ဘဲ အချက်အလက်တွေ အတည်ပြုပြီး တင်ဆက်နိုင်ဖို့၊ စီးပွားရေး အမြတ်အစွန်း လုံးဝ မရှိတော့တဲ့ သတင်းလုပ်ငန်းတွေ ဆက်လက် ရှင်သန်ရပ်တည်နိုင်ဖို့ စိန်ခေါ် မှုတွေ ရှိနေသလို သတင်းရယူ တင်ဆက်ရာမှာ ကြုံတွေ့ရတဲ့ နည်းပညာ ကန့်သတ်ချက်တွေ အကြောင်း ပြောသွားပါတယ်။

ရုရှားရဲ့ ယူကရိန်း ကျူးကျော်စစ် စတင်ပြီး နောက်ပိုင်း မြန်မာ့မီဒီယာ အပေါ် နိုင်ငံတကာရဲ့ ပံ့ပိုးမှုက လျော့နည်းသွားတယ်လို့လည်း သူက ထောက်ပြပါတယ်။ ဒါ့အပြင် အိမ်နီးချင်းနိုင်ငံတွေက မီဒီယာတွေ အနေနဲ့လည်း သူတို့ နိုင်ငံတွေရဲ့ နယ်ခြားတဖက်မှာ နေ့စဉ် လူတွေ အသက်အိုးအိမ် စည်းစိမ် ပျက်စီးနေရတာတွေကို မျက်ကွက် မပြုဘဲ တင်ပြကြဖို့ တိုက်တွန်းပါတယ်။

ရိုက်တာ သတင်းဌာနရဲ့ အကြီးတန်း သတင်းထောက် မရွှန်းနိုင်ကတော့ နိုင်ငံတကာ မီဒီယာကြီးတွေအနေနဲ့ သတင်းရယူရာမှာ ဒေသ ဆိုင်ရာ သတင်းဌာနမီဒီယာတွေနဲ့ ဒေသခံ သတင်းထောက်တွေ၊ လူထုသတင်းသမား Citizen journalist တွေရဲ့ အခန်း ကဏ္ဍ အရေးပါပုံကို ဆွေးနွေးပါတယ်။

ဖိနှိပ်မှုတွေကြောင့် သတင်း အတည်ပြုရတာအခက်အခဲတွေ ရှိနေပေမယ့် ပဋိပက္ခ ဒေသတွေမှာ ဒေသခံတွေက သတင်းမီဒီယာကို အချက်အလက်တွေ မျှဝေရမယ်ဆိုတဲ့ အသိစိတ်ဓာတ်တွေ ရှိလို့ သူတို့ ခံစားနေရတဲ့ ဒုက္ခတွေ ကြားကပဲ ဗုံးကြဲမှု၊ မီးရှို့မှု တွေကြောင့် အသက်သေဆုံးရတာတွေနဲ့ အိုးအိမ် ပျက်စီး ရတာတွေကို အချက်အလက် အတိအကျ ပြန်လည် မျှဝေနိုင်ကြတယ်လို့ သူ့ရဲ့ သတင်းလိုက်တဲ့ အတွေ့အကြုံ ကို မရွှန်းနိုင်က ဆွေးနွေးသွားပါတယ်။ သာမန် ပြည်သူလူထုက သတင်းမီဒီယာကို ပိုကူညီချင်ကြသလို သတင်းသမားတွေ အချင်းချင်း အချက်အလက်တွေ ဖလှယ်တာ၊ သတင်းရင်းမြစ်တွေ မျှဝေတာတွေ ပိုလုပ်လာကြတယ် ဆိုပါတယ်။

"ဒီလို နည်းလမ်းတွေနဲ့ သတင်းတွေ နေ့စဉ် လိုလို တင်ဆက် နေကြပေမယ့် ဆက်သွယ်ရေး နည်းပညာ အရ စစ်တပ်ဘက်က ပိတ်ဆို့မှုတွေ ရှိနေလို့ တကယ်လက်တွေ့ မြေပြင် ဖြစ်ပျက်နေတာတွေရဲ့ ၅၀ ရာခိုင်နှုန်းကျော်လောက်က သတင်းမီဒီယာတွေ ပေါ် ရောက်မလာနိုင်ဘူး"လို့ မရွှန်းနိုင်က ပြောပါတယ်။

အစုလိုက် အပြုံလိုက် သတ်ဖြတ်မှုတွေ မကြာခဏ ဖြစ်နေပေမယ့် အထူးသဖြင့် နိုင်ငံတကာ သတင်းမီဒီယာ တွေမှာ မြန်မာ့ အရေး အာရုံစိုက်ခံရမှုက နှစ်နှစ်ကျော် အကြာမှာ ပထမနှစ်ကထက် လျော့နည်း လာနေတာကိုလည်း ပါဝင်ဆွေးနွေးသူတွေက ထောက်ပြကြပါတယ်။

ဒါ့အပြင် နယ်စပ်နဲ့ အိမ်နီးချင်းနိုင်ငံတွေမှာ ခိုလှုံနေရတဲ့ သတင်းသမားတွေနဲ့ သူတို့ရဲ့ မိသားစုတွေ အထူးသဖြင့် အမျိုးသမီး သတင်းသမားတွေ ကြုံတွေ့နေရတဲ့ အခက်အခဲတွေ၊ စားဝတ်နေရေး၊ ကျန်းမာရေး၊ သားသမီးတွေ ရဲ့ ပညာရေး အခက်အခဲတွေ ရှိနေကြောင်းလည်း ဆွေးနွေးကြပါတယ်။

လက်ရှိမှာ မြန်မာသတင်းသမား ၅၀ ထက် မနည်းဟာ ဖမ်းဆီးခံနေရပြီး နယ်စည်းမခြား သတင်းသမားများ အဖွဲ့ RSF နဲ့ သတင်းသမား ကာကွယ်ရေးကော်မတီ CPJ တို့ရဲ့ မှတ်တမ်းတွေ အရ ၂၀၂၁ နဲ့ ၂၀၂၂ ခုနှစ်တွေမှာ ပဋိပက္ခတွေ အတွင်း သတ်ဖြတ်ခံရတဲ့ သတင်းသမားက ၃ ဦး အထိ ရှိနေပါတယ်။ မြန်မာသတင်းသမားတွေ သတင်းအလုပ်ဆက်လုပ်နိုင်ဖို့ ဘက်ပေါင်းစုံက အခက်အခဲ ရှိနေတာက အဓိကစိန်ခေါ်မှု ဖြစ်နေပါတယ်။

East West Center ရဲ့ မြန်မာ့မီဒီယာအခြေအနေဆွေးနွေးပွဲ
please wait

No media source currently available

0:00 0:04:37 0:00
တိုက်ရိုက် လင့်ခ်
This item is part of
XS
SM
MD
LG